အခန်း (၄၅) - နတ်ဘုရားသန္ဓေအဆင့်တွေက အလှူရှင်ကြီးတွေ ဖြစ်နေကြပြီလား
"စီနီယာ... ဘာဖြစ်လို့လဲ"
"ဒါက... အသက်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးလား"
"အတိအကျပဲ"
"နွားချေးပဲ"
ကျိုးဖိန်၏မျက်ခွံများ တဆက်ဆက် တုန်ခါသွားသည် - "ငါ့ကို ပစ္စည်းမသိဘူးလို့ ထင်နေတာလား ဒါက အပြစ်အနာအဆာပါတဲ့ အရည်အသွေးညံ့ ပစ္စည်းပဲ"
အသက်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးဆိုသည်မှာ ဈေးကွက်ထဲတွင် အတွေ့ရဆုံး ကုသရေးဆေးလုံးဖြစ်ပြီး ဝိညာဉ်စွမ်းအား မတည်ငြိမ်ခြင်းနှင့် မူလချီထိခိုက်ခြင်းတို့အတွက် သုံးသည်။ ဆေးအဆင့် မမြင့်သည်ကို ထားပါဦး။ အဓိကအချက်မှာ ၎င်းသည် သူ၏လက်ရှိဒဏ်ရာနှင့် လုံးဝ မကိုက်ညီခြင်းပင်။
ပို၍ အရေးကြီးသည်မှာ ဤဆေးလုံး၏ အရည်အသွေးမှာ အလွန်ညံ့ဖျင်းပြီး ရောင်းမထွက်နိုင်သော ပစ္စည်းမျိုး ဖြစ်နေခြင်းဖြစ်သည်။ ဆေးလုံး၏ ၄၀ ရာခိုင်နှုန်းကျော်မှာ ဆေးအဆိပ်အတောက်များ ဖြစ်နေသဖြင့် ၎င်းကို သောက်လိုက်ပါက ဒဏ်ရာသက်သာဖို့ထက် ပို၍ ဆိုးရွားသွားစေနိုင်သည်။
"မင်းတို့ဆီမှာ ကျောက်စိမ်းဟင်းလင်းပြင် ဆေးလုံးမရှိဘူးလား ငါ အဲဒါပဲ လိုချင်တယ်" ကျိုးဖိန်သည် ပိုမိုပြင်းထန်လာသော ဒဏ်ရာကြောင့် အသက်ကို ပြင်းပြင်းရှူရင်း မေးလိုက်သည်။
ဖုန်လိုင်တိမ်ပင်လယ် တပည့်က ပြုံးလိုက်သည် - "ကျောက်စိမ်းဟင်းလင်းပြင်ဆေးလုံးလား အဲဒါဆိုရင်တော့ ဈေးနှုန်းက တခြားစီပဲ"
ကျိုးဖိန် မျက်ခုံးပင့်သွားသည် - "မင်းတို့ ဖောင်ဒေးရှင်းက အခမဲ့ ကယ်ဆယ်ရေး လုပ်ပေးတာ မဟုတ်ဘူးလား"
တပည့်ဖြစ်သူက ပြောသည် - "အခမဲ့ဆိုတာ ဒီအသက်ဓာတ်ဖြည့်ဆေးလုံးတွေအတွက်ပဲ ပိုကောင်းတာ လိုချင်ရင်တော့ ထပ်ပေးရမယ်။ ကျောက်စိမ်းဟင်းလင်းပြင် ဆေးလုံးက ဈေးကြီးတယ်ဆိုတာ ခင်ဗျား သိသားပဲ၊ ဘယ်လိုလုပ် အလကား ပေးလို့ရမှာလဲ"
ကျိုးဖိန်၏ ပါးစပ်မှာ တွန့်သွားတော့သည်။ ငါ ထင်သားပဲ။ ဖောင်ဒေးရှင်းလဲ နာမည်သာ ကောင်းတာ၊ တကယ်တော့ အမြတ်ကြီးစားတွေပဲ သူက မျှော်လင့်ချက်သိပ်မထားသဖြင့် စိတ်မပျက်တော့ဘဲ ပြောလိုက်သည် - "ငါ မင်းဆေးကို အလကား မယူပါဘူး၊ ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်မယ်"
ဖုန်လိုင်တပည့်၏အပြုံးက ပိုမိုနက်ရှိုင်းလာသည် - "ကျောက်စိမ်းဟင်းလင်းပြင် ဆေးလုံး တစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်သောင်း"
ကျိုးဖိန် ဒေါသကြောင့် မျက်လုံးများ ပြူးထွက်သွားသည် - "မင်း ဘာတွေလျှောက်ပြောနေတာလဲ ဘယ်က ကျောက်စိမ်းဟင်းလင်းပြင်ဆေးလုံးက တစ်သောင်း တန်လို့လဲ"
၎င်းသည် ဈေးကြီးသည်မှာ မှန်သော်လည်း ထိုမျှအထိတော့ မဟုတ်ပေ။
"အခုက အခြေအနေက ထူးခြားတယ်လေ။ ဘေးဒဏ်သင့်ဒေသမှာ ကုသဖို့လိုတဲ့သူတွေ အများကြီးပဲ၊ ငါတို့ ယူလာတဲ့ ဆေးတွေကလည်း မလောက်ငှဘူး။ ဒါကြောင့် ဈေးက တက်သွားတာပေါ့"
ကျိုးဖိန်၏ရင်ထဲတွင် အမည်မသိ ဒေါသများ တလိပ်လိပ် တက်လာသည်။ ဒါဟာ သိသိသာသာကို အိမ်မီးလောင်ရာ လက်ခတ်စောင်းပြီး ဓားပြတိုက်နေခြင်းပင်။ သူ၏ ဒဏ်ရာမှာလည်း ထိန်းမရတော့သဖြင့် နောက်ဆုံးတွင် သွားကြိတ်ကာ သဘောတူလိုက်ရသည်။
"ကောင်းပြီ တစ်သောင်းဆိုလည်း တစ်သောင်းပေါ့"
ကျိုးဖိန်က ခေါင်းညိတ်လိုက်ပြီး - "ဒါပေမဲ့ ငါ့ရဲ့ သိုလှောင်အိတ်က ပျက်စီးသွားလို့ အခုလောလောဆယ် လက်ထဲမှာ ကျောက်တုံး မရှိဘူး။ ဆေးကို အရင်ပေး၊ ငါ နေကောင်းသွားရင် မင်းကို မလိမ်ပါဘူး"
ဖုန်လိုင်တပည့်၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စွာဖြင့် - "ပိုက်ဆံ မရှိဘူးလား"
ကျိုးဖိန်က သူ၏အဆင့်အတန်းကို ပြောပြကာ ကတိပေးသော်လည်း တပည့်များက မယုံကြည်ကြပေ - "အဲဒါဆိုရင်တော့ စီနီယာအနေနဲ့ စိတ်ဝိညာဉ်မိစ္ဆာ ပဋိညာဉ်ကို လက်မှတ်ထိုးရမယ် ဖောက်ဖျက်ရင်တော့ သေရုံတင်မကဘူး၊ ဘယ်တော့မှ လူပြန်မဖြစ်စေရဘူး"
ကျိုးဖိန်သည် အလွန်အမင်း အရှက်ရပြီး ဒေါသထွက်သော်လည်း အခြေအနေအရ လက်မှတ်ထိုးပေးလိုက်ရတော့သည်။
ကျိုးဖိန်သည် ဒေါသတကြီးဖြင့် ပဋိညာဉ်ကို လက်မှတ်ထိုးနေသည်ကို ကြည့်ပြီး ကျန်းယန်က ပြုံးလိုက်သည်။ သူ၏သားမက်မှာ တကယ့်ကို ပါရမီရှင်ပင်။ ပထမဦးစွာ ကယ်ဆယ်ရေးအမည်ခံပြီး ဂိုဒေါင်ထဲတွင် နှစ်ရှည်လများ သောင်တင်နေသော အရည်အသွေးညံ့ ဆေးလုံးများကို ရှင်းထုတ်ပစ်သည်။ ထို့နောက် အသက်လုနေရသော ကျင့်ကြံသူများကို အဆမတန် ဈေးတင်ကာ ဆေးရောင်းသည်။ ဤနည်းဖြင့် နာမည်ကောင်းလည်းရ၊ ပိုက်ဆံလည်းရကာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်သည်။
"အားလုံး သေချာမြင်ကြလား" အဖွဲ့များ ထွက်သွားသည့်အခါ ကျန်းယန်က အခြားသူများကို မှာကြားသည် - "ငါ အခုလုပ်ပြတဲ့အတိုင်း တစ်ယောက်ချင်းစီကို သွားပြောကြ။ ဒဏ်ရာပြင်းပြီး ဆေးမရှိရင် သေမယ့်လူတွေကိုပဲ ရှာ။ ရနိုင်သမျှ ဈေးတင်ရောင်းကြ"
"နားလည်ပါပြီ" ဖောင်ဒေးရှင်းမှ လူများက ပြန်ဖြေကြသည်။ သူတို့၏ မျက်လုံးများမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။ ဆေးတစ်လုံးတစ်သောင်းဆိုတာ တကယ်ကို ရက်စက်လွန်းတာပဲ။
"ခေါင်းဆောင်ကျန်း... လန်ယာဖောင်ဒေးရှင်းက ဆေးတွေကို အလကား ပေးနေတယ်လို့ ကြားတယ်၊ ငါတို့ ဒီလိုမျိုး တကယ် ရောင်းလို့ရပါ့မလား"
ကျန်းယန်က နှာခေါင်းရှုံ့လိုက်သည် - "အခမဲ့ ဘယ်သူပြောတာလဲ ချန်လန်ကျွန်းတုန်းကတော့ အခြေခံအဆင့်တွေက အကြီးအကဲတွေလေ။ အဲဒီလို အဆင့်နိမ့်ဆေးတွေကိုတော့ အလကား ပေးနိုင်တာပေါ့။ ဒါပေမဲ့ ဒီစတားဖောကျွန်းစုမှာက နတ်ဘုရားသန္ဓေအဆင့်တွေ၊ ရွှေအမြုတေ တွေ အများကြီးပဲ။ သူတို့သုံးတဲ့ ဆေးတွေက ဆယ်ဆမက ပိုတန်ဖိုးရှိတယ်။ လန်ယာကုန်သည်အဖွဲ့က လူတွေက တကယ်ပဲ သဘောကောင်းမယ်လို့မင်းထင်နေတာလား သူတို့ ဒါတွေကို အလကား ပေးနိုင်ပါ့မလား"
"တောက် ကျိန်စာသင့်တဲ့ဖောင်ဒေးရှင်း"
ကျိုးဖိန်သည် တရားမှတ်ရင်း ဆေးအစွမ်းကို ဖော်ထုတ်နေစဉ် ကျိန်ဆဲနေမိသည်။ ပရဟိတ ဖောင်ဒေးရှင်းတဲ့၊ ဒုက္ခရောက်သူကို ကူညီတာတဲ့၊ ဝေးသေးတယ် ဘယ်သူက မင်းတို့အလိမ်အညာတွေကို ယုံမှာလဲ။
"အို... ဒါ အကြီးအကဲကျိုး မဟုတ်လား" ရုတ်တရက် ရင်းနှီးသော အသံတစ်ခု ကြားလိုက်ရသည်။
ကျိုးဖိန် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏ ရန်ဘက်ဖြစ်သော ဟန်ချွမ်းဂိုဏ်းမှ အကြီးအကဲ အိုရန်ချူးဖြစ်နေသည်။ ကျိုးဖိန် ထိတ်လန့်သွားသော်လည်း အိုရန်ချူးက ရန်စမည့်ပုံ မပေါ်ပေ။
"မစိုးရိမ်ပါနဲ့" အိုရန်ချူးက သက်ပြင်းချကာ ပြုံးလိုက်သည် - "ဟန်ချွမ်းဂိုဏ်းနဲ့ ပင်လယ်ခွဲဂိုဏ်းဆိုတာ မရှိတော့ဘူး။ ငါတို့မှာ အသေအလဲ ရန်ငြိုးမရှိပါဘူး။ မင်း ဒုက္ခရောက်နေတာကို ငါက ဘာလို့ အခွင့်ကောင်းယူရမှာလဲ"
ကျိုးဖိန် အနည်းငယ် စိတ်အေးသွားသည်။
ထို့နောက် သူက သံသယဖြင့် မေးလိုက်သည် - "နေပါဦး... မင်း မိစ္ဆာသားရဲ ၄ ကောင်ရဲ့ ဝိုင်းတာခံရလို့ ငါ့ထက် ဒဏ်ရာပြင်းတယ် မဟုတ်လား ဘယ်လိုလုပ် ဒီလောက် မြန်မြန် သက်သာလာတာလဲ"
အိုရန်ချူးက ပြုံးလိုက်သည် - "ဒါတွေအားလုံးက ဖောင်ဒေးရှင်းက အလှူရှင်ကြီးတွေ ကျေးဇူးကြောင့်ပေါ့"
ကျိုးဖိန်: "......"
_