အခန်း (၄၃) - ဖုန်လိုင်ယွမ်ဟိုင် ဖောင်ဒေးရှင်းက ထိပ်တန်းရောက်လာတော့မှာလား
မိုးသောက်အလင်းရောင် ပိုမိုတောက်ပလာသည်နှင့်အမျှ။
လူအများအပြားသည် အသစ်ဖွင့်လှစ်လိုက်သော ဤဖောင်ဒေးရှင်းကို စတင်သတိထားမိလာကြသည်။ ဖုန်လိုင်ယွမ်ဟိုင်သည် မကြာသေးမီကပင် ပြင်းပြင်းထန်ထန် ကြော်ငြာထားခဲ့သဖြင့် လူအတော်များများ ကြားဖူးနားဝ ရှိနေကြခြင်း ဖြစ်သည်။ ယခုအခါ ၎င်းကို မြင်တွေ့ရသောအခါ စပ်စုချင်စိတ်ဖြင့် အတွင်းသို့ ဝင်ရောက်ကြည့်ရှုချင်ကြတော့သည်။
ဖုန်လိုင်ယွမ်ဟိုင် ဖောင်ဒေးရှင်း၏ ဝါဒဖြန့်ချိရေးမှာ အချည်းနှီး မဖြစ်ခဲ့ဟု ဆိုရပေမည်။
သို့သော်လည်း။
သူတို့ ဆိုင်ထဲသို့ ဝင်သွားသောအခါ။
သူတို့ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည်ကို တွေ့လိုက်ရသည်။
ပထမဆုံးအနေဖြင့်၊ ပိုက်ဆံပေးပြီးလျှင် မည်သည့်အရာမျှ ပြန်မရခြင်းပင်။
အလှူအတန်းဆိုသည်မှာ သဘာဝအရ ဤသို့ပင် ဖြစ်သင့်သော်လည်း၊ ဤဆိုင်ထဲသို့ ဝင်လာသူများသည် အခြေခံအားဖြင့် လန်ယာပရဟိတ ဖောင်ဒေးရှင်း၏ ပုံစံကို ရိုးအီနေအောင် ရင်းနှီးကျွမ်းဝင်နေကြသူများ ဖြစ်သည်။ လန်ယာတွင်မူ အသုံးဝင်သော ပစ္စည်းများကို ဝယ်ယူရင်းနှင့် ပရဟိတလည်း လုပ်ဆောင်နိုင်သည်။ ဒါကို နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အခြေအနေလို့ ခေါ်တာပေါ့။
သာမန်ချမ်းသာကြွယ်ဝမှုရှိသော ကျင့်ကြံသူများပင်လျှင် ၎င်းကို အပြည့်အဝ လက်ခံနိုင်ပြီး သဘောပင် ကျကြသေးသည်။ သို့သော် ဖုန်လိုင်ယွမ်ဟိုင်တွင်မူ ထိုသို့မဟုတ်ပေ။ ၎င်းမှာ ပိုက်ဆံကို အလကား ပေးကမ်းရသလို ဖြစ်နေသည်။ သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိချေ။
လောကကြီးမှာ ရှင်သန်ရတာ ခက်ခဲလှပြီး၊ ယနေ့ခေတ်တွင် ဝိညာဉ်ကျောက်တုံးရရှိရန်မှာ မလွယ်ကူလှပေ။ အသက်နှင့်ပင် ရင်းရနိုင်သေးသည်။
အထူးသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်ဆိုလျှင် ကျင့်ကြံရန် ဆေးလုံးဝယ်ဖို့ပင် ပိုက်ဆံမလောက်ငှရာ၊ ပရဟိတအတွက် အလကား ပေးကမ်းရန် ပိုက်ဆံ ဘယ်မှာ ရှိပါ့မည်နည်း။
အမှန်စင်စစ် ဤအခြေအနေတွင် လာရောက်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ စိတ်ပျက်သွားကြပြီ ဖြစ်သည်။ သို့သော်လည်း အချို့သော ကျင့်ကြံသူများမှာ မျက်နှာကို ငဲ့ကွက်၍သော်လည်းကောင်း၊ သို့မဟုတ် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဖြင့် ကံကောင်းခြင်းများ စုဆောင်းလို၍သော်လည်းကောင်း အနည်းငယ် လှူဒါန်းလိုကြသေးသည်။
သို့သော် ဘာဖြစ်သနည်း သိပါသလား။
ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းကို ပေးအပ်လိုက်သောအခါ
သူတို့သည် ကောင်းမွန်သော စကားတစ်ခွန်းမျှ မကြားရရုံတင်မကဘဲ။ ဆိုင်ရှင်၏ အေးစက်သော လှောင်ပြောင် သရော်မှုများကိုပါ ခံကြရသည်။
နောက်ဆုံးတွင် သူတို့သည် တံခါးဝရှိ ကံအကျိုးပေး စာရင်းပေါ်တွင်ပင် ပါဝင်ရန် မထိုက်တန်ဟု အပြောခံရတော့သည်။
ဆိုင်ရှင် ကျုံး၏ အဆိုအရ၊ သူတို့၏အနန္တ ကံအကျိုးပေးစာရင်းသည် အဆင့်အတန်း မြင့်မားလှသည်။ ၎င်းသည် စေတနာအလွန်ထက်သန်သော လူများအတွက်သာ သီးသန့်ဖြစ်သည်ဟု ဆိုသည်။
ဆိုလိုသည်မှာ သူတို့ကဲ့သို့ စေးနှဲသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာ စာရင်းထဲတွင် ပါဝင်ခွင့် လုံးဝမရှိဟူ၍ပင်။
"တောက် ဒါက ဘာကြီးလဲ"
"ငါ ကျောက်တုံး ရှစ်ဆယ်တောင် လှူခဲ့တာ၊ ချိုသာတဲ့ စကားတစ်ခွန်းတောင် မကြားရဘူး"
"ဒါက လွန်လွန်းတယ်။ ငါတို့လို အောက်ခြေကျင့်ကြံသူတွေကို လူလိုတောင် မမြင်ကြဘူး"
"ဟူး... ငါ ပေါ့ဆသွားတယ်။ ဒီတံခါးကို မဝင်ခဲ့သင့်ဘူး"
"ဖောင်ဒေးရှင်းချင်း အတူတူပဲ၊ ဘေးက လန်ယာနဲ့ ယှဉ်ကြည့်လိုက်ဦး။ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ"
ကျောက်တုံးတွေလည်း ကုန်၊ ရလာတာကတော့ ဒေါသအိုးတွေပဲ ဖြစ်သည်။ အချို့က မခံမရပ်နိုင်ဖြစ်ပြီး တရားမျှတမှု တောင်းဆိုချင်သော်လည်း၊ သာမန်ကျင့်ကြံသူတစ်ဦးက ဖုန်လိုင်ယွမ်ဟိုင်ကဲ့သို့ အင်အားကြီးအဖွဲ့ကို မည်သို့ ရန်စရဲပါမည်နည်း အေးဆေးစွာ မထွက်သွားလျှင် ကောင်းကျိုးရမည် မဟုတ်ပေ။ အားကြီးသူက အားနည်းသူကို နိုင်စားခြင်းသည် ကျင့်ကြံခြင်းလောက၏ဗြောင်ကျကျ အမှန်တရားပင် မဟုတ်ပါလား။
၎င်းနှင့် နှိုင်းယှဉ်လျှင် လန်ယာပရဟိတ ဖောင်ဒေးရှင်းသည် သူတို့အတွက် ပို၍ ကျေနပ်စရာ ကောင်းသည်။ ဧည့်သည်တိုင်းကို လက်ဖက်ရည် တိုက်ကျွေးသည်အထိ မယဉ်ကျေးသော်လည်း၊ သူတို့သည် ဧည့်သည်များကို အဆင့်အတန်း ခွဲခြားမဆက်ဆံပေ။ လှောင်ပြောင်ခြင်းလည်း မရှိချေ။ ကျောက်တုံး ၃ တုံး လှူလျှင်ပင် စာရင်းထဲ ထည့်ပေးသည်။ ချမ်းသာသော မိသားစုမှ သခင်လေးများပင်လျှင် တန်းစီရစမြဲ ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် ဖုန်လိုင်ယွိုင်ဟိုင်၏ နာမည်မှာ ထိုးဆင်းသွားတော့သည်။
သို့သော်လည်း လူတိုင်းက ထိုသို့ ခံစားရသည်တော့ မဟုတ်ပေ။
ဖုန်လိုင်ယွမ်ဟိုင်သည် သာမန်ကျင့်ကြံသူများကို ဂရုမစိုက်သော်လည်း၊ ပိုက်ဆံအိတ်ထူသော ဖောက်သည်ကြီးများကိုမူ အလွန်ပင် ဖော်ဖော်ဝေဝေ ဆက်ဆံသည်။ လက်ဖက်ရည်နှင့် သစ်သီးဝလံများ အမြဲ ကျွေးမွေးသည်။ အလှပပ အစေခံမလေးများကိုပင် အနားတွင် ထားပေးသည်။ ဤသို့သော လူကုံထံများမှာ ပစ္စည်းဝယ်ရန်ထက် မျက်နှာရရန်သာ လာကြခြင်း ဖြစ်သည်။ ဆိုင်ရှင် ကျုံး၏နှိမ့်ချသော အမူအရာကို မြင်ရသောအခါ သူတို့၏ ဘဝင်မှာ မြင့်တက်လာတော့သည်။
"ကျောက်သခင်လေး၊ ဖြည်းဖြည်းကြွပါခင်ဗျာ။ လှေကားကို သတိထားပါဦး"
"အင်း"
ချမ်းသာသော သခင်လေးတစ်ဦးသည် အစေခံမလေးနှင့်အတူ ခေါင်းမော့၍ ထွက်လာသည်။ သူသည် အနန္တကံအကျိုးပေးစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသော သူ၏အမည်နှင့် လှူဒါန်းငွေ နှစ်သိန်းကို ကြည့်ကာ ကျေနပ်နေသည်။ ဘေးက လန်ယာတွင် ကျောက်တုံး ရာဂဏန်း၊ ထောင်ဂဏန်းသာ ရှိသော စာရင်းထက် ဤနေရာက ပို၍ ခမ်းနားသည်ဟု သူ ခံစားရသည်။
ရက်အနည်းငယ်အတွင်းမှာပင်။
ချင်းယွမ်ကျွန်းစုတစ်ဝိုက်ရှိ ကျင့်ကြံသူမိသားစုများနှင့် ချမ်းသာသော ဂိုဏ်းများအားလုံးသည် သူတို့၏ အပြိုင်အဆိုင် လှူဒါန်းမှုကို လန်ယာမှ ဖုန်လိုင်ယွမ်ဟိုင်သို့ ပြောင်းရွှေ့လိုက်ကြသည်။
ဖုန်လိုင်ယွမ်ဟိုင်၏တံခါးဝရှိ စာရင်းတွင် ပထမနေရာ၌ရှိနေသော ရှီမိသားစုသခင်လေးသည် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ပင် လှူဒါန်းထားပြီး ဖြစ်သည်။
ထိုသို့ အလှူငွေများစွာ ရရှိနေသဖြင့် ကုန်သည်အဖွဲ့ကြီး သုံးခုမှ လူများမှာ အလွန်ပင် ပျော်ရွှင်နေကြသည်။
"ဟားဟားဟား ဒီဖောင်ဒေးရှင်းက တကယ်ကို ရွှေတွင်းပဲ"
ဖုန်လိုင် ရုံးချုပ်တွင် အဆင့်မြင့် အရာရှိများ စုဝေးကာ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရရှိသော ဝင်ငွေများကို ကြည့်ရင်း ပြုံးမဖြဲနိုင် ဖြစ်နေကြသည်။
"အရင်းအနှီးမရှိတဲ့ စီးပွားရေးဆိုတော့ အမြတ်က အများကြီးပဲပေါ့"
ကောက်အန်းရှီက ရယ်မောလျက် ပြောသည် - "ဝမ်မိသားစု သခင်လေးက ငါတို့ကို တကယ့် စိတ်ကူးကောင်း ပေးလိုက်တာပဲ"
ယွမ်ကုန်းကုန်သည်အဖွဲ့ ဥက္ကဋ္ဌ ဆူးယွီက ပြောသည် - "သူက အရမ်း ရိုးသားလွန်းတာပဲ။ အမြတ်ရဲ့ တစ်ရာခိုင်နှုန်းကိုပဲ ဖောင်ဒေးရှင်းထဲ ထည့်တယ်လို့ ကမ္ဘာကိုဗြောင်ပြောစရာ လိုလို့လား သူသာ အဲဒီလို မပြောခဲ့ရင် ဒီပိုက်ဆံတွေက သူ့ဆီ ရောက်သွားမှာ"
"ရိုးသားတာလား" ထန်ချန်းက နှာခေါင်းရှုံ့လိုက်သည် - "ဝမ်မိသားစု သခင်လေးက ရိုးသားတာ မဟုတ်ပါဘူး၊ သူက ဦးနှောက် သိပ်မကောင်းတာ ဖြစ်မှာပါ။"
ရက်အနည်းငယ်အတွင်း ရရှိသော အမြတ်အစွန်းများကြောင့် ထန်ချန်းသည် သူ၏ ယောက္ခမ ပေးခဲ့သော သတိပေးချက်ကိုပင် မေ့လျော့သွားတော့သည်။ သူတို့သည် သူတို့စိတ်ကြိုက် ကိန်းဂဏန်းများကို ရေးထိုးကာ အမြတ်များကို ခွဲဝေယူနေကြသည်။
"ဒီလောက်အထိတော့ ဖုံးကွယ်ထားလို့ မရပါဘူး"
ထျန်းကျွယ်ကျွန်း။
ဝမ်မုသည် အဝေးတွင် တည်ဆောက်ပြီးစီးလုနီးပါး ဖြစ်နေသော ဖောင်ဒေးရှင်းရုံးချုပ်ကို ကြည့်နေသည်။ လေညင်းလေးက သူ၏ ဆံပင်များကို တဖျတ်ဖျတ် လွင့်စင်စေသည်။
"ဖောင်ဒေးရှင်းတစ်ခုရဲ့အသက်က ယုံကြည်မှုပဲ။ လိမ်ညာပြီး ခဏတဖြုတ် ပိုက်ဆံရှာလို့ ရပေမဲ့၊ ရေရှည်မှာတော့ မတည်မြဲဘူး။ တစ်ခါ ယုံကြည်မှု ပျက်သွားတာနဲ့ သူတို့ ပြီးပြီပဲ"
နျဲ့တင်းတင်းက မျက်တောင်ခတ်ရင်း မေးသည် - "ဆိုလိုတာက ကျွန်မတို့ ဘာမှ တုံ့ပြန်စရာ မလိုဘူးလား"
ဝမ်မုက အေးဆေးစွာ ပြုံးလိုက်သည် - "စောင့်ကြည့်နေလိုက်"
ဒေါင်
ရုတ်တရက် အဝေးမှ ခေါင်းလောင်းသံ မြည်လာသည်။ လူတစ်ယောက်သည် ဝမ်မုနောက်သို့ အပြေးရောက်လာပြီး သတင်းပို့သည် - "သခင်လေး၊ တောင်ဘက် မိုင်ပေါင်းသုံးသောင်းအကွာမှာရှိတဲ့ ကျွန်း ၁၅ ကျွန်းကို ပင်လယ်မိစ္ဆာတွေ တစ်ပြိုင်နက် ကျူးကျော်နေပါပြီ။ အခြေအနေက အလွန် စိုးရိမ်ရပါတယ်"
ဝမ်မု၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်စွာ ပြောလိုက်သည် - "အားလုံး အခုချက်ချင်း ထွက်ခွာမယ်။ ဘာမှ နှောင့်နှေးလို့ မဖြစ်ဘူး"
"ဟုတ်ကဲ့ပါ"