အခန်း (၄၂) ခန္ဓာကိုယ်ကျင့်ကြံခြင်း
ဟွန်ယွမ်တိုင်သည် မူလက လူသားများ၏သိုင်းပညာရပ်တစ်ခုသာ ဖြစ်သည်။ ၎င်းကို အထွတ်အထိတ်အထိ ကျင့်ကြံနိုင်လျှင် ခန္ဓာကိုယ်ကို ချီစစ်ထုတ်ခြင်းအဆင့်၏ အဋ္ဌမ သို့မဟုတ် နဝမအဆင့်အထိ ကြံ့ခိုင်အောင် လုပ်ပေးနိုင်သည်။
ထို့ကြောင့် တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ သို့သော် ၎င်းသည် အဆင့်မြင့်ကျင့်စဉ် မဟုတ်သဖြင့် ချီစစ်ထုတ်ခြင်း အဋ္ဌမအဆင့်ထက် ကျော်လွန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ဝိညာဉ်အမြစ်ပါလာသည့် သာမန်လူဦးရေမှာ အလွန်နည်းပါးလှသဖြင့် ဝမ်မုရင်းနှီးမြှုပ်နှံထားသည့် လူများထဲတွင် ဝိညာဉ်အမြစ်မရှိ၍ ဟွန်ယွမ်တိုင်ကိုသာကျင့်ကြံရသည့် သာမန်လူအရေအတွက်မှာ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုများနေသည်။ ထို့ကြောင့် သူတို့ဆီမှရသည့် အတွေ့အကြုံမှာလည်း ကျန်ကျင့်စဉ်များထက် ပို၍မြင့်မားနေခြင်း ဖြစ်သည်။
ဝမ်မုသည် ကျင့်ကြံရေး လျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်သည်။ သူ၏ရှေ့တွင် သတ္တုရုပ်သေးရုပ် ကြီးတစ်ရုပ် ရှိနေသည်။ ဝမ်မု အသက်ကို ခပ်မှန်မှန်ရှူသွင်းလိုက်ရာ သူ၏ကြွက်သားများမှာ သစ်မြစ်များကဲ့သို့ ရုန်းကြွလာပြီး သွေးများ၏ စီးဆင်းသံမှာ လှိုင်းသံများကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ဟိန်းထွက်နေသည်။
သူ လက်သီးတစ်ချက်ထိုးလိုက်ရာ လေထုမှာ ပေါက်ကွဲထွက်သွားသလိုပင်။
ဘုန်း
သတ္တုရုပ်သေးရုပ်ကြီးထံသို့ ကြီးမားသော အားအင်တစ်ခုရိုက်ခတ်သွားပြီး ရုပ်သေးရုပ်ကြီးမှာ ပုံပျက်ရှုံ့တွသွားကာ ရှည်လျားသော အသံကြီး မြည်ဟည်းသွားတော့သည်။ ဝမ်မုသည် ရုပ်သေးရုပ်ဘေးရှိမှန်ကို ကြည့်လိုက်ရာ နဂါးတစ်ကောင် ပျံတက်နေသည့် ပုံရိပ် ပေါ်လာသည်။
နဂါးတစ်ကောင်စာ အားအင် (ခန့်မှန်းခြေ ပေါင်ချိန် ၁၅၀,၀၀၀ ကျော်)
ဝမ်မု မျက်နှာတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လာသည်။ မြောက်ပိုင်းဒေသ၏အထွတ်အမြတ်မြေ သုံးခုအနက် ကောင်းကင်နှင့်မြေကြီး အထွတ်အမြတ်မြေသည် ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် အထူးကဲဆုံးနေရာဖြစ်သည်။ သူတို့၏ အဆင့်မြင့်ဆုံးကျင့်စဉ်ဖြစ်သော ကောင်းကင်မြေကြီးဝိညာဉ်သန့်စင်ခန္ဓာပင်လျှင် ဒုတိယအဆင့်တွင် ပေါင်ချိန် ၁၀၈,၀၀၀လောက် သာ ရှိနိုင်သည်။
ယခုမူ သန်းနှင့်ချီသော လူများ၏ အတွေ့အကြုံများ စုစည်းမှုကြောင့် သာမန် ဟွန်ယွမ်တိုင် ကျင့်စဉ်မှာ ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းကျင့်စဉ် ဖြစ်လာရုံတင်မကဘဲ၊ အထွတ်အမြတ်မြေ၏ ကျင့်စဉ်ထက်ပင် ပို၍ အားကောင်းနေပြီဖြစ်သည်။
"တကယ်ကို ရင်းနှီးမြှုပ်နှံခဲ့တာ မှန်သွားတာပဲ" ဝမ်မု ကျေနပ်သွားသည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်း နှစ်ခုစလုံးကို အောင်မြင်ထားသဖြင့် ယခုအခါ သူသည် သာမန် ရွှေအမြုတေအဆင့်ကျင့်ကြံသူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်။
ချင်းယွမ်ကျွန်းစုရှိ ဖေးရှန်းကျွန်း၏ အစည်ကားဆုံးနေရာတွင် ဆိုင်အသစ်တစ်ဆိုင် ဖွင့်လှစ်လိုက်သည်။ ၎င်းမှာ လန်ယာကုန်သည်အဖွဲ့ ဘဏ်ခွဲနှင့် မဝေးသော နေရာတွင် ရှိသည်။
"ဖုန်လိုင်တိမ်ပင်လယ် ဖောင်ဒေးရှင်း"
လမ်းလျှောက်လာသည့် ကျင့်ကြံသူ စုံတွဲတစ်တွဲသည် ဆိုင်းဘုတ်ကြီးကို ကြည့်ကာ ရပ်လိုက်ကြသည်။
"မိတ်ဆွေတို့ အလှူငွေ ထည့်ချင်လို့လား" ဗိုက်ရွှဲရွှဲနှင့် မန်နေဂျာ ကျုံးက ပြုံးရွှင်စွာ ထွက်ကြိုသည်။
"ရှင်တို့ ဖောင်ဒေးရှင်းက လန်ယာနဲ့ ဘာကွာလို့လဲ" အမျိုးသမီးကျင့်ကြံသူက မေးသည်။
"ကွာတာပေါ့ဗျာ လန်ယာမှာက ခင်ဗျားတို့ ကျောက်တုံးတစ်ရာဖိုး ဝယ်မှ တစ်မှတ်ပဲ ကုသိုလ်ရတာ။ ငါတို့ဆီမှာကတော့ လှူသမျှ ကုသိုလ်အပြည့်ရမယ်" သူက တံခါးဝရှိ အလှူရှင်စာရင်းကို ညွှန်ပြကာ အတွင်းသို့ ဖိတ်ခေါ်သည်။
အတွင်းသို့ ရောက်သောအခါ အလွန်တန်ဖိုးကြီးလှသော အပြင်အဆင်များကို မြင်ပြီး စုံတွဲမှာ အနည်းငယ် ရှိန်သွားကြသည်။ သူတို့ တိုက်ကျွေးသည့် လက်ဖက်ရည်မှာပင် အလွန်တန်ဖိုးကြီးလှသည်။
"ဒါနဲ့... ဒီမှာ ဘာတွေ ရောင်းသလဲ" အမျိုးသားကျင့်ကြံသူက မေးသည်။
"ရောင်းတယ်" မန်နေဂျာကျုံးက ရယ်မောလိုက်သည် - "ဒီမှာ ဘာမှမရောင်းဘူးဗျ။ ဒါ ဆိုင်မဟုတ်ဘူး"
"မရောင်းဘူးဆိုရင် ဘယ်လို လှူရမှာလဲ"
"လှူတယ်ဆိုမှတော့ ပိုက်ဆံထုတ်ပေးရုံပဲပေါ့။ ကျွန်တော်က စာရင်းမှတ်ပေးမယ်၊ ဒါပဲလေ"
အမျိုးသမီးကျင့်ကြံသူက တွန့်ဆုတ်သွားသည် - "ဆိုလိုတာက... ကျွန်မတို့ ပိုက်ဆံပေးရမယ်၊ ဒါပေမဲ့ ဘာပစ္စည်းမှ ပြန်မရဘူးပေါ့ ဟုတ်လား"
မန်နေဂျာကျုံးက မျက်မှောင်ကြုတ်သွားသည် - "ဘာမှမရဘူးလို့ ဘယ်လိုပြောနိုင်တာလဲ ခင်ဗျားတို့ ကုသိုလ်ရတယ်လေ။ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ကူညီရာရောက်တာပေါ့။ ဒါက စိတ်ချမ်းသာစရာ မဟုတ်ဘူးလား"
စုံတွဲမှာ မျက်နှာပျက်သွားသည်။ သူတို့ ပြန်ထွက်ချင်သော်လည်း လက်ဖက်ရည်လည်း သောက်ပြီးပြီ ဖြစ်ရာ အားနာ၍ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထုတ်လှူလိုက်သည်။
"ဒါဆို... ဒါလေးပဲ လှူပါရစေ"
မန်နေဂျာကျုံးသည် ကျောက်တုံးအနည်းငယ်ကို ကြည့်ပြီး အပြုံးများ ပျောက်ကွယ်သွားသည်။
"ခင်ဗျားတို့ ကျွန်တော့်ကို နောက်နေတာလား"
"ဘာဖြစ်လို့လဲ"
"ဒီလောက် နည်းနည်းလေးကို ယူလာရဲတယ်ပေါ့ ခင်ဗျားတို့ရဲ့ စေတနာက ဒီလောက်ပဲ တန်တာလား" မန်နေဂျာကျုံးက နှာခေါင်းရှုံ့လိုက်သည်။
"ရှင် ဘယ်လိုပြောလိုက်တာလဲ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဒါက ကျွန်မတို့ စေတနာပဲလေ"
မန်နေဂျာကျုံး မျက်နှာ အေးစက်သွားသည် - "ဆင်းရဲသားနှစ်ယောက် ငါ့အချိန်ကို လာဖြုန်းနေတယ်။ ပိုက်ဆံမရှိရင် ဒီလိုနေရာမျိုးကို ဘာလို့ ဝင်လာတာလဲ ငါတို့ လက်ဖက်ရည်ကို သောက်ဖို့ကော ထိုက်တန်လို့လား"
သူသည် လက်ဖက်ရည်ခွက်များကို ရုန့်ရင်းစွာ သိမ်းခိုင်းလိုက်ပြီး သူတို့ကို မောင်းထုတ်တော့သည်။ ထို့ပြင် အမျိုးသမီး ထုတ်ပေးထားသော ကျောက်တုံးများကိုလည်း အိတ်ထဲ ထည့်လိုက်သေးသည်။
"ရှင်တို့က... ပိုက်ဆံလည်းယူသေးတယ်၊ အမူအရာကလည်း ဆိုးသေးတယ်။ ဒါက အလှူငွေလေ၊ ရှင့်ကို ကြွေးတင်နေတာမှ မဟုတ်တာပြီးတော့ ကျွန်မတို့ နာမည်ကိုလည်း အပြင်က စာရင်းမှာ ရေးပေးရမယ်လေ"
မန်နေဂျာကျုံးက လှောင်ပြောင်လိုက်သည် - "ကျောက်တုံး ဆယ်ဂဏန်းလောက်နဲ့ စာရင်းထဲ ပါချင်သေးတယ်ပေါ့ ခင်ဗျားတို့မှာ အရှက်မရှိပေမဲ့ ငါတို့ ဖောင်ဒေးရှင်းမှာတော့ ဂုဏ်သိက္ခာရှိတယ်။ ထွက်သွားစမ်း နောက်တစ်ခွန်း ထပ်ပြောရင်တော့ အကောင်းမှတ်နဲ့"
သူ့အနားသို့ လူမိုက်ပုံစံ ကျင့်ကြံသူအချို့ ရောက်လာသဖြင့် စုံတွဲမှာ မခံမရပ်နိုင်ဖြစ်သော်လည်း ဘာမှမတတ်နိုင်ဘဲ အမြန်ထွက်သွားကြရတော့သည်။
"ဟက် ပိုက်ဆံမရှိတဲ့ ကောင်တွေ... ငါ့အချိန်ကို လာဖြုန်းတယ်" မန်နေဂျာကျုံးက ရွံရှာစွာဖြင့် မြေပြင်ပေါ် တံတွေးထွေးလိုက်တော့သည်။