အခန်း (၃၈) ကောင်းကင်လု ဖွားမြင်ခြင်းကျင့်စဥ်
ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံနှင့်တင် သူတို့မှာ ပီတိဖြစ်လွန်း၍ တုန်ရင်နေကြသည်။ ဘာမှပြောမနေနဲ့တော့။
ဝမ်မိသားစုရဲ့သခင်လေးက ဘာမှမဟုတ်တဲ့ အလေအလွင့်လေး ဖြစ်နိုင်ပေမဲ့၊ သူပေးလိုက်တဲ့ စိတ်ကူးကတော့ တကယ့်ကို ပြောင်မြောက်လှသည်။
တကယ်တော့ ပစ္စည်းရောင်းစားတာက အမြတ်ရတာ မှန်ပေမဲ့၊ ဘာမှရင်းစရာမလိုဘဲ ပိုက်ဆံရတာနဲ့ ဘယ်နှိုင်းလို့ရပါ့မလဲ ဒါဟာ အရင်းအနှီးမရှိဘဲ ရတဲ့ အမြတ်ပဲလေ။
"ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်၊ အထက်ကို အစီရင်ခံရမယ်" ဟု ယွမ်ကုန်းကုန်သည်အဖွဲ့မှ အမျိုးသမီး တာဝန်ခံက ပြောသည်။
"ကျွန်တော်လည်း ဥက္ကဋ္ဌကို အကြောင်းကြားရမယ်"
"ကောင်းပါပြီ ဖိတ်ခေါ်ပါတယ်" ထန်ချန်းက ပြုံးလိုက်သည်။
ဒါဟာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခုပဲဆိုတာ သူတို့သိကြသည်။ ဘယ်ကုန်သည်အဖွဲ့ကမှ ဒီလို ကောင်းကင်က ကျလာတဲ့ ရွှေအိုးကို ငြင်းပယ်မှာ မဟုတ်ဘူးလေ။
ကောက်အန်းရှီ နှင့် ကျန်တစ်ယောက်သည် အခန်းထဲမှ ထွက်သွားပြီး ကျောက်စိမ်းဆက်သွယ်ရေးကတ်များဖြင့် သူတို့အဖွဲ့အစည်းများကို ဆက်သွယ်လိုက်ကြသည်။ ခဏအကြာတွင် သူတို့ ပြန်ဝင်လာကြသည်။
"ပြဿနာမရှိဘူး"
"ကျွန်တော်တို့ ဥက္ကဋ္ဌက အခုချက်ချင်း စလို့ရတယ်လို့ ပြောတယ်"
"ကောင်းပြီ" ထန်ချန်းက မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများ တောက်ပလျက် - "သတင်းလွှင့်လိုက်စမ်း၊ ဒီနေ့ကစပြီး ဆယ်ရက်အကြာမှာ ဖောင်ဒေးရှင်း တည်ထောင်တဲ့ အခမ်းအနား ကျင်းပမယ်"
သူတို့အုပ်စုသည် ဖောင်ဒေးရှင်းအမည်ကို "ဖုန်လိုင်တိမ်ပင်လယ်"ဟု သတ်မှတ်လိုက်ကြသည်။ ဖုန်လိုင်ကုန်သည်အဖွဲ့က ဦးဆောင်နေခြင်းဖြစ်ရာ အခြားအဖွဲ့များကလည်းအမည်ကို ကန့်ကွက်ခြင်း မရှိကြပေ။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် အသီးသီး ပြင်ဆင်ကြတော့သည်။ ထန်ချန်းသည် ပြတင်းပေါက်နားတွင် ရပ်လျက် ခြံထဲတွင် လွင့်ပျံနေသော သစ်ခွပွင့်ဖတ်လေးများကို ကြည့်ရင်း မျက်လုံးများတွင် အရောင်တောက်နေသည်။
ဝမ်မု
စောင့်နေလိုက်စမ်း ဒီတစ်ခါတော့ မင်းကိုယ်တိုင် တီထွင်ခဲ့တဲ့ အရာနဲ့ပဲ မင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပြမယ်။
ကုန်သည်အဖွဲ့ကြီး သုံးခု၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လှသည်။ ရက်ပိုင်းအတွင်းမှာပင် သူတို့ ပူးပေါင်းတည်ထောင်သည့် "ဖုန်လိုင်တိမ်ပင်လယ် ဖောင်ဒေးရှင်း" သတင်းမှာ မြောက်ပိုင်းဒေသ တစ်ဝက်ကျော်ကို ပျံ့နှံ့သွားသည်။
ကျင့်ကြံခြင်းလောက၏အေးချမ်းသာယာမှုအတွက် ပါဝင်လှူဒါန်းကြရန် အလှူရှင်အားလုံးကို ဖိတ်ခေါ်ကြသည်။ ဤခေတ်တွင် ကြော်ငြာစာသားဟူသော အယူအဆ မရှိသေးသော်လည်း၊ ဖုန်လိုင်ကုန်သည်အဖွဲ့ အကြီးအကဲ ထန်ချန်းက လူသိရှင်ကြား ကြေညာလိုက်သည်မှာ -
"လန်ယာဖောင်ဒေးရှင်းရဲ့ ပရဟိတဆိုတာ အတုအယောင်ပဲ"
"ငါတို့ဆီကမှ အစစ်အမှန်"
"ငါတို့ဆီမှာ ခင်ဗျားတို့ လှူသမျှ ဝိညာဉ်ကျောက်တုံးတိုင်းက တိုင်းတာလို့ရတဲ့ ကံအကျိုးပေး တွေ ဖြစ်လာလိမ့်မယ်"
ဆိုလိုသည်မှာ စေးနှဲလှသော လန်ယာကဲ့သို့ ကံအကျိုးပေးတစ်မှတ်ရရန် ကျောက်တုံးတစ်ရာဖိုး ဝယ်စရာမလိုဘဲ တိုက်ရိုက်လှူဒါန်းနိုင်သည်ဟူ၍ ဖြစ်သည်။ ထို့ပြင် အလှူရှင်တိုင်း၏အမည်ကို အနန္တကံအကျိုးပေးစာရင်းတွင် မှတ်တမ်းတင်ပေးမည် ဖြစ်သည်။
ထိပ်ဆုံးသုံးယောက်ကို ဖုန်လိုင်၊ စီဟိုင်နှင့် ယွမ်ကုန်း ဥက္ကဋ္ဌများကိုယ်တိုင် ဆုချီးမြှင့်မည်ဟု ဆိုသည်။ လန်ယာဖောင်ဒေးရှင်း၏ ရှေ့ဆောင်လမ်းပြမှုကြောင့် ယခုအသစ်ထွက်လာသော ဖောင်ဒေးရှင်းမှာလည်း တစ်ခဏအတွင်း လူပြောအများဆုံး ဖြစ်လာခဲ့သည်။
ထျန်းကျွယ်ကျွန်း ။
"ဒါဟာ အရှက်မရှိတာပဲ"
နျဲ့တင်းတင်း၏ မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ "သူတို့က ကျွန်မတို့ကို ပုံတူကူးချလိုက်တာပဲ"
ထိုစကားကို ကြားသောအခါ ဝမ်မုကတော့ စာရွက်ပေါ်တွင် စာရေးနေဆဲ ဖြစ်ပြီး တည်ငြိမ်နေသည်။ သူက ခေါင်းပင်မဖော်ဘဲ ရယ်မောလျက် "ပုံမှန်ပါပဲ။ ငါတို့က မူပိုင်ခွင့်တင်ထားတာမှ မဟုတ်တာ၊ ဘယ်သူမဆို ကူးလို့ရတာပဲ"
"မူပိုင်ခွင့်ဆိုတာ ဘာလဲဟင်"
"အဲ... ဆိုလိုတာက သူတို့ မလုပ်ရဘူးလို့ တားထားတဲ့ စည်းကမ်းမရှိဘူးလို့ ပြောတာပါ"
"ဒါပေမဲ့ ဒီလောက်အင်အားကြီးတဲ့ ကုန်သည်အဖွဲ့ကြီး သုံးခုက ဒီလို ဗြောင်ကျကျ ခိုးချတာကတော့ တကယ့်ကို အရှက်မရှိတာပဲ"
"စီးပွားရေးလောကမှာမျက်နှာ (အရှက်) ဆိုတာ အရာအားလုံးဖြစ်သလို ဘာမှလည်း မဟုတ်ပြန်ဘူး" ပိုက်ဆံတွေ စီးဝင်နေသရွေ့ အရှက်ဆိုတာ ဘာတန်ဖိုးရှိလို့လဲ။
နျဲ့တင်းတင်းက ဆက်၍ ကန့်ကွက်သည် - "သခင်လေး၊ ကျွန်မတို့ ဒီအတိုင်းပဲ ကြည့်နေတော့မှာလား"
ဝမ်မုက မျက်ခုံးပင့်လိုက်သည် - "ကြည့်နေမယ် အခွင့်အရေး မရှိစေရဘူး"
နျဲ့တင်းတင်း၏ မျက်လုံးများ တောက်ပသွားသည်။ ဟုတ်တာပေါ့ သူတို့သခင်လေးက ဘယ်တုန်းက အရှုံးပေးဖူးလို့လဲ "ပြောပါဦး၊ ကျွန်မတို့ ဘယ်လို ပြန်တိုက်ခိုက်ကြမလဲ"
"ပြန်တိုက်ခိုက်မယ်" ဝမ်မုက မျက်လုံးလှန်ပြလိုက်သည် "ဝိညာဉ်ကျောက်တုံး တစ်သောင်း ပြင်ထားလိုက်၊ ပြီးရင် အဲဒီ... ဘာဖောင်ဒေးရှင်းလဲ အေး... ဖုန်လိုင်တိမ်ပင်လယ်ဖောင်ဒေးရှင်း ကို သွားလှူလိုက်"
"......."
နျဲ့တင်းတင်းမှာ မှင်သက်သွားသည်။ သူမ နားကြားမှားတာလား "သူတို့ကို ပိုက်ဆံသွားပေးမယ် ဟုတ်လား"
"ဟုတ်တာပေါ့" ဝမ်မုက ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောလိုက်သည် - "ငါက ပရဟိတကို ထောက်ပံ့ဖို့ လန်ယာဖောင်ဒေးရှင်းကို ထောင်ခဲ့တာလေ၊ အခု သူတို့ကလည်း ပရဟိတလုပ်မယ်ဆိုတော့ ငါက ပါဝင်ကူညီရမှာပေါ့"
နျဲ့တင်းတင်းသည် ဝမ်မု၏မျက်နှာကို သေချာကြည့်နေသော်လည်း ဝမ်မု၏ စိတ်ထဲတွင် ဘာအကြံရှိနေမှန်း သူမ လုံးဝ တွေးမရချေ။
နောက်ဆုံးတွင် ဇဝေဇဝါဖြင့်သာ အမိန့်ကို အကောင်အထည်ဖော်ရန် ထွက်သွားတော့သည်။
ခန်းမထဲတွင် ဝမ်မုတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူသည် စုတ်တံကို ချကာ အပြင်ဘက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ကံကောင်းခြင်းသားတော်များကို မလိုအပ်ဘဲရန်မစလိုပေ။ သူတို့ရဲ့ ဒေါသက အရမ်းကြီးသွားလျှင် ဒုက္ခရောက်မှာက သူကိုယ်တိုင် ဖြစ်သည်။
ဒါပေမဲ့ လက်ရှိအခြေအနေအရ ထန်ချန်းနှင့် သူသည် မသေမချင်း ရန်သူများ ဖြစ်နေပြီဖြစ်သည်။ သူက တိုက်ခိုက်သည်ဖြစ်စေ၊ ပုန်းနေသည်ဖြစ်စေ ထန်ချန်းက သူ့ကို လွှတ်ပေးမှာ မဟုတ်ပေ။ ထိုသို့ဖြစ်နေမှတော့ သူလည်း စိန်ခေါ်မှုကို လက်ခံရုံသာ ရှိတော့သည်။
【တင်း~】
【သင်ရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ နန်းနန်းလေး သည် ကောင်းကင်လုဖွားမြင်ခြင်းကျင့်စဥ်ကို ဖန်တီးနိုင်ခဲ့ပါပြီ】
【ဂုဏ်ယူပါတယ် ၊ သင်သည် နန်းနန်းလေးဆီကနေ ကျင့်ကြံမှုအကျိုးကျေးဇူး ပြန်အမ်းငွေကို ရရှိပါပြီ】
စနစ်၏အသံနှင့်အတူ ဝမ်မု၏ စိတ်ထဲတွင် အသစ်စက်စက် ကျင့်စဉ်တစ်ခု ပေါ်လာသည်။ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
နန်းနန်းက တကယ်လုပ်နိုင်ခဲ့တာပဲ။
သူမ ပြောခဲ့သည်မှာ သူမ၏ပါရမီက အဆင့်မြင့်ကျင့်စဉ်များအတွက် မလုံလောက်သဖြင့် သူမဘာသာ ကျင့်စဉ်အသစ် ဖန်တီးမည်ဟူ၍ ဖြစ်သည်။ ရက်ပေါင်းများစွာ သူမသည် ကျမ်းစာဆောင်ထဲတွင်သာ အောင်းနေခဲ့သည်။ သူမသည် ကျမ်းစာပေါင်း မည်မျှကို လေ့လာခဲ့ပြီး မည်မျှ ဗဟုသုတတွေ စုဆောင်းခဲ့သည်ကို ဝမ်မုပင် မသိနိုင်တော့ချေ။
ဝမ်မု မျက်လုံးမှိတ်၍ ကျင့်စဉ်ကို စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲတွင် ထူးခြားသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ကောင်းကင်လု ဖွားမြင်ခြင်းကျင့်စဥ် သူမ၏စိတ်ကူးက ရိုးရှင်းပါသည်။ မိမိတွင် ပါရမီမရှိလျှင် အခြားအရာများဆီမှ ပါရမီကို ချေးယူမည်။ အသက်ရှိသမျှအရာအားလုံး၏ ကံကောင်းခြင်းနှင့် ဝိညာဉ်ဓာတ်ကို လုယူဝါးမျိုပြီး မိမိ၏ လိုအပ်ချက်ကို ဖြည့်ဆည်းကာ ကျင့်ကြံမှုကို ချောမွေ့အောင် လုပ်ခြင်း ဖြစ်သည်။
အမြင့်ဆုံးအဆင့်တွင် ဤကျင့်စဉ်သည် ထူးခြားသော ရေ၊ မီး၊ မြေ သို့မဟုတ် ကိုးပါးသောကောင်းကင်က နေမင်းကိုပင် ဝါးမျိုနိုင်သည်အထိ ပြင်းထန်လှသည်။ လောလောဆယ်တွင်တော့ ဤကျင့်စဉ်သည် အခြေခံအဆင့်သာ ရှိသေးသဖြင့် အဆင့်နိမ့် အရာဝတ္ထုများကိုသာ ဝါးမျိုနိုင်သေးသော်လည်း နန်းနန်းအတွက်မူ အကောင်းဆုံးအစပျိုးမှုပင် ဖြစ်တော့သည်။