အခန်း (၃၇) - ဒီဖောင်ဒေးရှင်းမျိုး ငါတို့လည်း ထောင်လို့ရတာပဲ
“ ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်က ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း” ထန်ချန်းက စားပွဲကို လက်နှစ်ဖက်ဖြင့် ထောက်ကာ မျက်နှာပျက်ပျက်ဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။
အခန်းထဲရှိ ကျန်လူများမှာ တိတ်ဆိတ်နေကြသည်။ ဖုန်လိုင်ကုန်သည်အဖွဲ့၏ မန်နေဂျာများမှာ ကြောက်ရွံ့လွန်း၍ တုန်ရင်နေကြပြီး ခေါင်းပင်မဖော်ရဲကြချေ။ ဤသားမက်ဖြစ်သူသည် မိသားစုထဲသို့ ရောက်ရှိလာပြီး ဖုန်လိုင်ကုန်သည်အဖွဲ့၏ အရေးကိစ္စများကို တာဝန်ယူကတည်းက အမြဲတမ်း တည်ငြိမ်အေးဆေးသူတစ်ဦးအဖြစ် ရှိနေခဲ့သည်။
သို့သော် သူ၏လုပ်ဆောင်ချက်များမှာ မြန်ဆန်ပြီး ရက်စက်လှသည်။ သူသည် လန်ယာကုန်သည်အဖွဲ့၏ လက်ထဲမှ အကျိုးအမြတ်များသော စီးပွားရေးလုပ်ကွက်များကို အကြိမ်ကြိမ် လုယူနိုင်ခဲ့သဖြင့် တစ်ဖွဲ့လုံးက သူ့ကို အထင်ကြီး လေးစားနေကြခြင်း ဖြစ်သည်။ သူ ယခုကဲ့သို့ ဒေါသထွက်နေသည်ကို သူတို့တစ်ခါမှ မမြင်ဖူးကြပေ။
ထန်ချန်းသည် ရှုံးနိမ့်မှုကို လက်မခံနိုင်သူ မဟုတ်ပေ။ အမှန်တော့ ဤသည်မှာ ရှုံးနိမ့်မှုဟုပင် မသတ်မှတ်နိုင်သေးချေ။ ချင်းယွမ်ကျွန်းစုရှိ စီးပွားရေးမှာ ဖုန်လိုင်ကုန်သည်အဖွဲ့၏ စုစုပေါင်း ပမာဏနှင့် ယှဉ်လျှင် အလွန်သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်သည်။ စီးပွားရေးလောကတွင် အရှုံးနှင့် အမြတ်ဆိုသည်မှာ သဘာဝပင်။
သို့သော် သူ သည်းမခံနိုင်သည်မှာ ဝမ်မု၏ လက်ထဲတွင် အကြိမ်ကြိမ် အရှက်ရနေခြင်းပင် ဖြစ်သည်။ ထို ဘာမှမဟုတ်သည့် ဒုတိယမျိုးဆက် သူဌေးသား၏ဖိနှိပ်မှုကို နှစ်ကြိမ်ဆက်တိုက် ခံလိုက်ရခြင်းမှာ... ထိခိုက်မှု မကြီးမားသော်လည်း အရှက်ရမှုကတော့ အထွတ်အထိပ်ပင်။
ပထမအကြိမ် ဝမ်မုက နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကျင်းပစဉ်က ထန်ချန်းက လှောင်ပြောင်ခဲ့သည်။ ရလဒ်အနေဖြင့် ထျန်းကျွယ်ကျွန်း၏စီးပွားရေးကို လန်ယာက အကုန်အုပ်သွားသည်။ ယခုတစ်ကြိမ် ဝမ်မုက ပရဟိတ ဖောင်ဒေးရှင်းထောင်သောအခါတွင်လည်း ထန်ချန်းက အပျော်အပါးမက်သည့် သခင်လေး၏ ပိုက်ဆံဖြုန်းတီးမှုဟု ထင်ခဲ့ပြန်သည်။ နောက်ဆုံးတွင် ချင်းယွမ်ကျွန်းစုတစ်ခုလုံး၏ စီးပွားရေးကို လန်ယာက ဝါးမျိုသွားပြီး ကျန်သည့် အဖွဲ့များအတွက် ဟင်းရည်တစ်စက်ပင် မကျန်ခဲ့ချေ။
ဒါဟာ ဝမ်မုက ထန်ချန်း၏ပါးကို နှစ်ကြိမ်ဆက်တိုက် ရိုက်လိုက်သလိုပင်။
ထန်ချန်းသည် ဝမ်မုကို ပြိုင်ဘက်ဟု တစ်ခါမျှ မသတ်မှတ်ခဲ့ဖူးပေ။ ဝမ်မုမှာ မထိုက်တန်ဟု သူယူဆသည်။ သို့သော် သူ၏ကပ်ငြိနေသော ကံကြမ္မာအရ ဝမ်မုမှာ ရှောင်လွှဲ၍မရသော အချက်အချာ ဖြစ်နေသည်။ မြောက်ပိုင်းအရှင် သည် ဝမ်မု၏ကျိန်စာကို ဖြေရန်အတွက်သာ သူ၏မိခင်ကို သတ်ရန် တောင်ပိုင်းဒေသသို့ အပြေးအလွှား သွားခဲ့ခြင်း မဟုတ်ပါလား။
ထန်ချန်းသည် ဝမ်မိသားစုပြိုလဲသွားမည့်နေ့၊ ဝမ်မု၏ မျက်နှာကိုခြေထောက်ဖြင့် နင်းပြီး “ဝမ်မိသားစုသာ မရှိရင် မင်းက ဘာမှမဟုတ်ဘူး” ဟု ပြောမည့်နေ့ကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့သည်။
သို့သော် ယခုမူ...
“သခင်လေးထန်... စိတ်အေးအေးထားပါ”
စီဟိုင်ကုန်သည်အဖွဲ့မှ ကိုယ်စားလှယ် ကောက်အန်းရှီက ပညာရှိတစ်ဦးကဲ့သို့ ယဉ်ကျေးစွာ ပြောလိုက်သည်။ သို့သော် ဤလူသည် မည်မျှ ကောက်ကျစ်ပြီး ယုတ်မာသည်ကို လုပ်ငန်းတူများက သိကြသည်။ သူသည် နိုင်ငံငယ်လေးတစ်ခု၏ သတ္တုတွင်းကို သိမ်းပိုက်ရန် ထိုနိုင်ငံ၏ စီးပွားရေးကို ကစားပြီး ပြည်သူများကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ခဲ့သူ ဖြစ်သည်။ သူသည် စီဟိုင်၏အုပ်ချုပ်ရေးမှူး ၅ ဦးထဲမှ တစ်ဦးဖြစ်ပြီး လန်ယာ၏အထွေထွေမန်နေဂျာကြီး ၁၀ ဦးနှင့် အဆင့်အတန်း တူညီသည်။
“ကျွန်တော့်အမြင်အရတော့ ဒါက ဆိုးတဲ့ကိစ္စ မဟုတ်ပါဘူး” ကောက်အန်းရှီက ပြုံးလျက် ပြောသည် “ဒီ ပရဟိတ ဖောင်ဒေးရှင်းဆိုတာ... သူလုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တာပဲ”
“ဝမ်မုရဲ့ဖောင်ဒေးရှင်းက လူတွေကို ဆွဲဆောင်နိုင်တာဟာ အချက်တစ်ချက်တည်းကြောင့်ပဲ။ အဲဒါက ကံအကျိုးပေးစာရင်းပဲ”
ထန်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလဲ”
“သူက လူတွေရဲ့မာနနဲ့ ပြိုင်ဆိုင်လိုစိတ်ကို အသုံးချသွားတာ။ စာရင်းထဲမှာ နာမည်ကြီးဖို့အတွက် လူတွေက ပိုက်ဆံတွေကို မနှမြောဘဲ ပုံအော သုံးကြတာပဲ။ ပြီးတော့ လန်ယာက တစ်ခုလုပ်ထားတာကစာရင်းရဲ့ ထိပ်ဆုံး သုံးယောက်ကို လန်ယာဥက္ကဋ္ဌကိုယ်တိုင် ဆုပေးမယ်ဆိုတဲ့အချက်ပဲ။ ဒါဟာ သာမန်လူတွေအတွက်တော့ အမြင့်ဆုံး ဂုဏ်ဒြပ်ပဲလေ”
“ဒါကို ငါတို့ လုံးဝပုံတူကူးလို့ ရတယ်။ လန်ယာဥက္ကဋ္ဌက ဝေကြင်ယာတော် ဖြစ်နေပေမဲ့၊ ငါတို့ ကုန်သည်အဖွဲ့ကြီး သုံးခုရဲ့ ဥက္ကဋ္ဌတွေသာ အတူတူ ထွက်လာရင် သူ့ထက် မနိမ့်ပါဘူး။ ပြီးတော့ ချန်လန်ကျွန်းမှာ ကယ်ဆယ်ရေးလုပ်တာကိုလည်း ငါတို့အတုယူရမယ်။ ငါတို့က သူတို့ထက် ပိုကြီးကျယ်အောင် လုပ်ပြမယ်”
ယွမ်ကုန်းကုန်သည်အဖွဲ့မှ အမျိုးသမီး ကိုယ်စားလှယ်ကတော့ စိုးရိမ်မကင်း ဖြစ်နေသည် ။ “ဒါဆိုရင် ငါတို့ကလည်း ဝမ်မုလိုပဲ ပိုက်ဆံတွေကို ရေထဲပစ်သလို ဖြုန်းရတော့မှာလား အရင်းပြန်မရရင် ဒုက္ခရောက်ကုန်မယ်”
“မေးခွန်းကောင်းပဲ” ကောက်အန်းရှီက ပြုံးလိုက်သည် “ဒါကပဲ ငါတို့နဲ့လန်ယာကြားက အခြေခံကျကျ ကွဲပြားမယ့် အချက်ပဲ။ အဲဒါက အလှူငွေပဲ”
ထန်ချန်းက ရိပ်မိသွားပြီး - “အလှူငွေ ဟုတ်လား”
“ဟုတ်တယ်။ လန်ယာက သူတို့ရဲ့အမြတ်ထဲက ၁ ရာခိုင်နှုန်းကိုပဲ ဖောင်ဒေးရှင်းထဲ ထည့်တယ်။ ဒါက သူတို့ကို ကြည့်ရတာ စေးနှဲသလို ဖြစ်စေသလို၊ ပြိုင်ဆိုင်ချင်တဲ့သူတွေအတွက်လည်း အဆင့်တက်ဖို့ ခက်ခဲစေတယ်။ ဒါဟာ ဝမ်မုရဲ့ အမြင်ကျဉ်းမြောင်းမှုပဲ”
“ငါတို့ကတော့ အဲဒီအဆင့်ကိုကျော်ပြီး လူတွေကို တိုက်ရိုက် အလှူခံမယ်။ ဘယ်လောက်လှူလှူ ဖောင်ဒေးရှင်းထဲ တိုက်ရိုက်ရောက်မယ်။ ပစ္စည်း ဝယ်စရာ မလိုဘူး။ ဝိညာဉ်ကျောက်တုံး တစ်ရာဖိုး ဝယ်မှ တစ်မှတ်ရတဲ့ လန်ယာနဲ့၊ တိုက်ရိုက်လှူလို့ရတဲ့ငါတို့ကြားမှာ လူတွေ ဘယ်သူ့ကို ရွေးမလဲဆိုတာ ထင်ရှားပါတယ်”
ထိုစကားကို ကြားသောအခါ ထန်ချန်းနှင့် ယွမ်ကုန်း ကိုယ်စားလှယ်တို့၏ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။ လူအုပ်ကြီးက သူတို့ကို ပိုက်ဆံလာပေးမည့် မြင်ကွင်းကို သူတို့ မြင်ယောင်နေကြပြီ။
ထိုအလှူငွေတွေကို ဘယ်မှာသုံးမလဲဆိုတာကတော့... သူတို့ မပြော၊ ကိုယ်မပြောလျှင် ဘယ်သူမှ သိမည်မဟုတ်ပေ။ အလွန်ဆုံးရှိလှ ဘေးအန္တရာယ်တစ်ခုခု ဖြစ်လာလျှင် အဖွဲ့အနည်းငယ်လွှတ်ပြီး ဟန်ပြ လုပ်ပြလိုက်ရုံသာ ရှိသည်။ ဘယ်လောက် သုံးလိုက်သလဲဆိုတာကို ဘယ်သူက လိုက်စစ်နိုင်မှာ မို့လို့လဲ