အခန်း (၃၆) ဒီည သုံးသမျှအကုန်လုံးကို ဒီသခင်လေးက ရှင်းမယ်
ကျင့်ကြံသူ စုံတွဲတစ်တွဲသည် ဆိုင်နှစ်ဆိုင်ကြားတွင် လမ်းလျှောက်လာနေကြသည်။
"လူတွေ အများကြီးပဲလား ဘယ်လောက်တောင် စောင့်ရဦးမှာလဲ ဟိုဘက်ဆိုင်မှာပဲ ဝယ်ရအောင်"
အမျိုးသားကျင့်ကြံသူသည် လူတန်းရှည်ကြီး စောင့်ဆိုင်းနေရသော ဘယ်ဘက်ရှိ လန်ယာကုန်သည်အဖွဲ့ကို ကြည့်လိုက်ပြီးနောက်၊ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသော ညာဘက်ရှိ ဖုန်လိုင်ကုန်သည်အဖွဲ့ဆီသို့ ခြေလှမ်းပြင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဖုန်လိုင်ဘဏ်ခွဲမှ ဆိုင်စောင့်၏မျက်လုံးများတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ ဒီနေ့အတွက် ပထမဆုံး ဈေးဦးပေါက်တော့မည်။ သူသည် ပြုံးရွှင်စွာဖြင့် ခရီးဦးကြိုပြုရန် ပြင်လိုက်သော်လည်း စကားပင် မစရသေးမီ အမျိုးသားကျင့်ကြံသူမှာ အနောက်သို့ ပြန်ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
"အဲဒီကို ဘာသွားလုပ်မှာလဲ လန်ယာမှာပဲ ဝယ်ရအောင်။ စျေးနှုန်းတွေက အတူတူပဲကို၊ လန်ယာမှာ ဝယ်ရင် လှူဒါန်းရာလည်း ရောက်တယ်၊ ကုသိုလ်လည်းရတယ်... ဟိုမှာ ဝယ်တာက ပိုက်ဆံအလဟဿ ဖြစ်တာပေါ့ မဟုတ်ဘူးလား"
အမျိုးသမီးကျင့်ကြံသူက အလေးအနက် ပြောလိုက်သည်။
အမျိုးသားကျင့်ကြံသူက ခေါင်းကုတ်ရင်း စဉ်းစားကြည့်ရာ သူမပြောသည်မှာ အဓိပ္ပာယ်ရှိလှသဖြင့် လန်ယာဘဏ်ခွဲ၏လူတန်းကြီးနောက်တွင် လိမ်လိမ်မာမာ သွားစီလိုက်တော့သည်။
မိမိဆိုင်ထဲဝင်တော့မည့် ဖောက်သည်က လန်ယာဘက်သို့ပါသွားသည်ကို မြင်လိုက်ရသော ဖုန်လိုင်ဆိုင်စောင့်၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားတော့သည်။
ပိုက်ဆံအလဟဿ ဖြစ်တယ် ဟုတ်လား မင်း ပိုက်ဆံပေးတယ်၊ ငါ ပစ္စည်းပေးတယ်အဲဒါ ဘယ်မှာ အလဟဿ ဖြစ်လို့လဲ ကုသိုလ် နည်းနည်းလေး မရတာနဲ့ပဲ ဒီလောက်တောင်လား။
ပိုက်ဆံတစ်ရာသုံးမှ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ လှူတာလေ၊ ဘာလို့ ဒီလောက် ဂရုစိုက်နေကြတာလဲ ဆယ်နှစ်လောက် ဝယ်ရင်တောင် ဆေးတစ်ပုလင်းစာဖိုး မပြည့်နိုင်ပါဘူး။
သို့သော် သူ မသိသည်မှာ...
ဖောက်သည်များအတွက်မူ ဝိညာဉ်ကျောက်တုံး တစ်ရာဖိုးဝယ်တိုင်း တစ်တုံးကို ကုန်သည်အဖွဲ့က သူတို့နာမည်ဖြင့် လှူဒါန်းပေးခြင်းမှာ အလကားရသည့် အခွင့်အရေး ဖြစ်သည်။ အလကားရလျှင် ဘယ်သူမဆို လိုချင်ကြသည်သာ။ ထို့ပြင် သူတစ်ပါးပိုက်ဆံဖြင့် ရက်ရောခွင့်ရခြင်း၊ သူတစ်ပါးပိုက်ဆံဖြင့် ကုသိုလ်လုပ်ရင်း သူတစ်ပါးကိုကူညီရသည့် ပျော်ရွှင်မှုကို ခံစားရခြင်းမှာ... တစ်ခါ ကြုံဖူးသွားလျှင် မစွန့်လွှတ်နိုင်တော့သည့် ခံစားချက်မျိုး ဖြစ်သည်။
"စီးပွားရေး လုပ်လို့မရတော့ဘူး၊ ဒီအတိုင်းဆို လုံးဝ လုပ်လို့မရတော့ဘူး"
ဖုန်လိုင်ကုန်သည်အဖွဲ့ တင်မကဘဲ စီဟိုင်နှင့် ယွမ်ကုန်း ကုန်သည်အဖွဲ့များလည်း အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ကျွန်းပေါ်ရှိ ဝယ်စရာရှိသူတိုင်းမှာ လန်ယာကုန်သည်အဖွဲ့ဆီသို့သာ တန်းတန်းမတ်မတ် သွားကြတော့သည်။
အဘယ်ကြောင့်နည်း။ လန်ယာမှာ ဝယ်လျှင် ကံအကျိုးပေးရနိုင်သောကြောင့် ဖြစ်သည်။ အခြားဆိုင်မှာ ဝယ်ခြင်းမှာ ပိုက်ဆံဖြုန်းတီးခြင်းသာ ဖြစ်သည်။ ကျောက်တုံးတစ်ရာ သုံးတိုင်း တစ်တုံး ရှုံးနေသကဲ့သို့ပင် ပျမ်းမျှ တစ်လကို ငါးရာသုံးလျှင် ငါးတုံးရှုံးမည် ဆယ်လဆိုလျှင် ငါးဆယ် ဘယ်ကျင့်ကြံသူကမှ ဒီလို အလဟဿ မဖြစ်ချင်ကြပေ။
မကြာမီ လန်ယာဘဏ်ခွဲ၏ရှေ့တွင် ကျောက်စိမ်းကမ္ပည်းပြားတစ်ခု ချိတ်ဆွဲလိုက်သည်။ ဆိုင်စောင့်က မှော်စွမ်းအား ထည့်လိုက်သည်နှင့် အမည်များမှာ အဆက်မပြတ် ပြောင်းလဲနေတော့သည်။
【ဩဂုတ်လ ၂၁ ရက်၊ ကံအကျိုးပေး စာရင်း — ပထမနေရာ ကျန်းယွမ်ယဲ့၊ ဝိညာဉ်ကျောက်တုံး ၃ တုံး】
သို့သော် မကြာမီ ထိုအမည်မှာ အောက်သို့ ရောက်သွားပြီး ဝိညာဉ်ကျောက်တုံး ၅ တုံး လှူဒါန်းထားသော အမျိုးသမီးကျင့်ကြံသူ တစ်ဦးက အစားထိုးဝင်ရောက်လာသည်။ ထို့နောက်တွင်လည်း အမည်များမှာတစ်ခုပြီးတစ်ခု အပြိုင်အဆိုင် တိုးတက်လာတော့သည်။
"ဒီလိုဆို မဖြစ်သေးဘူး။ ငါ့အလှည့်ရောက်တဲ့အချိန်ကျရင် ဆိုင်ထဲက ပစ္စည်းတွေ အကုန်ကုန်သွားလိမ့်မယ်။ အဲဒီကျရင် ငါ ဘာဝယ်ရတော့မှာလဲ" ခန့်ညားစွာ ဝတ်ဆင်ထားသော သခင်လေးယန်က ယပ်တောင်ကို ခတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ "မရဘူး၊ ငါ လူတန်းကျော်မှ ဖြစ်မယ်"
ဘေးက အစေခံက တားလိုက်သည် - "မရပါဘူး သခင်လေး၊ ဒါက လန်ယာကုန်သည်အဖွဲ့လေ။ စည်းကမ်းဖောက်ရင် သူတို့ အထဲတောင် အဝင်ခံမှာ မဟုတ်ဘူး"
အစေခံက သခင်လေးယန်၏နားနားကပ်၍ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်သည်။ သခင်လေးယန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး - "မင်း ဒါကို တကယ် တွေးမိတာပဲ မြန်မြန်သွားစမ်း" ခဏအကြာတွင် အစေခံသည် ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသော သေတ္တာကြီးများကို သယ်လာသည်။
သခင်လေးယန်က ယပ်တောင်ကို ပိတ်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည် - "မိတ်ဆွေတို့ အားလုံး နားထောင်ကြပါဒီနေ့ လန်ယာကုန်သည်အဖွဲ့မှာ ခင်ဗျားတို့ ဝယ်သမျှ အကုန်လုံးကို ဒီသခင်လေးက ရှင်းမယ် ဘာဝယ်ချင်ဝယ်ချင်၊ လာပြီး ပိုက်ဆံယူကြ"
သခင်လေးယန်၏ တောင်းဆိုချက်မှာ ရိုးရှင်းပါသည်။ သူပေးသော ပိုက်ဆံဖြင့် ဝယ်ယူသဖြင့် ရလာသော ကံအကျိုးပေးကုသိုလ်ကို သူ့နာမည်ဖြင့်သာ မှတ်တမ်းတင်ပေးရန် ဖြစ်သည်။ လူအုပ်ကြီးက ခဏတာ တွေဝေသွားပြီးနောက် သဘောတူလိုက်ကြသည်။ ကိုယ့်ပိုက်ဆံမကုန်ဘဲ ပစ္စည်းလည်းရ ကုသိုလ်လည်းရသည်မှာ ဘယ်မှာ မကောင်းဘဲ နေမည်နည်း။
တစ်ခဏအတွင်းမှာပင် သခင်လေးယန်သည် လူတန်းထဲပင် မဝင်ရသေးသော်လည်း 'ကံအကျိုးပေး စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
"ဟာ... ဒီလောက်တောင် အရှက်မရှိတာလား" လူတန်းထဲက သခင်လေးလျိုက မကျေမနပ် ဖြစ်သွားသည်။
"ယန်မိသားစုမှာပဲ ပိုက်ဆံရှိတာလား ငါ့မှာလည်း ရှိတယ်ကွ"
မကြာမီ သခင်လေးလျိုရှေ့တွင်လည်း အလားတူ သေတ္တာကြီးများ ပေါ်လာပြီး သူကလည်း အော်ဟစ်လိုက်သည် - "အားလုံးပဲ ငါတို့က ညီအစ်ကိုတွေပဲ၊ ဒီပိုက်ဆံကို စိတ်ကြိုက် သုံးကြစမ်း"
သခင်လေးနှစ်ဦး၏ ပြိုင်ဆိုင်မှုကြောင့် ကံအကျိုးပေး စာရင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။
ထျန်းကျွယ်ကျွန်း ။
"သခင်လေး... ချင်းယွမ်ကျွန်းစုနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့ နှစ်ရက်က ဝင်ငွေစာရင်းတွေ ထွက်လာပါပြီ။ ကြည့်ချင်ပါသလား" နျဲ့တင်းတင်း သည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်မုထံ ပြေးလာသည်။
ဝမ်မုက ပြုံးလျက် - "မလိုဘူး၊ ရုံးချုပ်ကိုပဲ ပို့လိုက်ပါ"
"မကြည့်ဘူးလား သခင်လေး"
"ငါ ကြိုတင်ယုံကြည်ထားပြီးသားပါ။ ပြီးတော့ မင်းရဲ့ မျက်နှာအမူအရာကို ကြည့်တာနဲ့တင် ငါ့မှာ အဖြေရှိပြီးသားပဲ။ အတိအကျ ပမာဏကို သိဖို့ မလိုပါဘူး"
နျဲ့တင်းတင်း အံ့ဩသွားရသည် - "လူတွေက လှူချင်လို့နဲ့တင် ငါတို့ဆိုင်မှာ ဒီလောက်အထိ ရူးရူးမူးမူး ဝယ်ကြလိမ့်မယ်လို့ သခင်လေးက ကြိုသိနေတာလား တကယ်တော့ ကျင့်ကြံသူတွေက အေးစက်ကြတယ်လို့ အမြဲထင်ခဲ့တာ။ ဒီလို ပရဟိတကိစ္စကို စိတ်ဝင်စားကြလိမ့်မယ်လို့ မထင်ခဲ့ဘူး"
ဝမ်မုက ခပ်အေးအေး ပြုံးလိုက်သည် - "ကျင့်ကြံသူတွေက အေးစက်တာ မှန်ပါတယ် ဒါပေမဲ့ ဘယ်လောက်ပဲ အေးစက်ပါစေ သူတို့က လူသားတွေပဲ နတ်ဘုရားစစ်စစ်တွေ မဟုတ်သေးဘူး လူသားဆိုမှတော့ လူ့သဘာဝကနေ ရုန်းမထွက်နိုင်ပါဘူး... သူတို့က ပြိုင်ဆိုင်ချင်ကြတယ်၊ အခွင့်အရေး ယူချင်ကြတယ်... မြေကမ္ဘာနတ်ဘုရားတွေတောင် ဒီသဘောကနေ မကင်းနိုင်ပါဘူး။ တစ်စုံတစ်ယောက်မှာ ဘာလိုအင်ဆန္ဒမှ မရှိဘူးလို့ မင်းထင်နေရင်၊ အဲဒါက သူ့ကို ဆွဲဆောင်နိုင်တဲ့အရာ မပေါ်လာသေးလို့ပဲ"
နျဲ့တင်းတင်း၏မျက်လုံးများ တောက်ပသွားကာ သူမသည် မှတ်စုစာအုပ်ထုတ်၍ ဝမ်မု၏ စကားများကို အမြတ်တနိုး မှတ်သားနေတော့သည်။
လန်ယာ ရုံးချုပ်။
ရန်ဖင်းရှန်းသည် စာရင်းများကို စစ်ဆေးနေရင်း အစီရင်ခံစာတစ်ခုကို ဆွဲထုတ်လိုက်သည်။
သူ၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည် "ဒီလအတွက် ချင်းယွမ်ကျွန်းစုရဲ့ ဝင်ငွေက တော်တော်ကောင်းတာပဲ အရင်ကထက် နှစ်ဆတောင် ရှိတယ်"
ဘေးက အရာရှိတစ်ဦးက ထူးဆန်းသော မျက်နှာပေးဖြင့် ပြောသည် "အုပ်ချုပ်ရေးမှူး ရန်... ဒါက တစ်လစာ မဟုတ်ပါဘူး၊ သုံးရက်စာပါ"
"ဪ... သုံးရက်စာ..." ရန်ဖင်းရှန်းက ခေါင်းငြိတ်လိုက်ပြီးမှ ရုတ်တရက် သတိဝင်လာကာ အလန့်တကြား အော်လိုက်သည် "သုံးရက်စာ ဟုတ်လား"
သူ၏ အော်သံကြောင့် တစ်ခန်းလုံး ရှိသူများ စုရုံးလာကြသည်။
"သုံးရက်စာ ဝင်ငွေက အရင် နှစ်လစာနဲ့ ညီနေတယ် ဟုတ်လား"
"ဟာ... မယုံနိုင်စရာပဲ"
"ဒါကို ဥက္ကဋ္ဌဆီ အမြန်ပြရမယ်၊ သူလည်း ဝမ်းသာသွားမှာပဲ" ရန်ဖင်းရှန်းက စာရင်းကို ဆွဲယူကာ ဝမ်းသာအားရ ပြေးထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဖုန်လိုင်၊ စီဟိုင် နှင့် ယွမ်ကုန်း ကုန်သည်အဖွဲ့ ရုံးချုပ်များရှိ လူကြီးများမှာမူ သူတို့ရရှိထားသော သတင်းများကြောင့် မျက်နှာများမှာ ပင်လယ်ရေထက်ပင် ပို၍ မှောင်မည်းနေတော့သည်။