အခန်း (၃၃) ဖောင်ဒေးရှင်းအကြောင်း ကြားဖူးလား
ထိုပျံသန်းရေးသင်္ဘောကြီးများကို မြင်လိုက်ရပြီး ၎င်းတို့ပေါ်တွင် ရေးသားထားသော စာသားများကို ဖတ်လိုက်ရသောအခါ လူငယ်ကျင့်ကြံသူလေးမှာ မှင်သက်သွားတော့သည်။ သင်္ဘောကြီးများ အရှိန်မသတ်ရသေးမီမှာပင် လူပုံရိပ်များစွာသည် သင်္ဘောပေါ်မှ ခုန်ဆင်းလာကြပြီး တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် အပြေးအလွှား လာကြသည်။
သူတို့က အဆက်မပြတ် အော်ဟစ်နေကြသည် - "မြန်မြန်၊ မြန်မြန် ဘေးအန္တရာယ်ကယ်ဆယ်ရေးဟာ မီးငြှိမ်းသတ်ရသလို အရေးကြီးတယ်၊ အားလုံး လေပေါ်တက်ပြီး နေရာယူကြ"
"မြန်မြန်လုပ်ကြ ဟွမ်ဖူဆေးလုံးတွေ ဘယ်မှာလဲ ဟွားယွီမြက်တွေရော ဒီမှာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်"
"အပျက်အစီးရှင်းလင်းရေးအဖွဲ့ဘယ်မှာလဲ ဒီတောင်ပျက်အောက်မှာ လူတွေ ပိတ်မိနေတယ်၊ ဒီကျောက်ပုံကို ဖယ်ဖို့လူလွှတ်လိုက်ဦး"
"ကင်းစောင့်အဖွဲ့ ငါ့နောက်လိုက်ခဲ့ မသေသေးတဲ့ ပင်လယ်မိစ္ဆာအနည်းငယ် ကျန်သေးတယ် အရင်ဆုံး အပြတ်ရှင်းပစ်မယ်"
ဤအုပ်စုသည် လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေထားပြီး အချင်းချင်း ခဏတာ ဆက်သွယ်ပြောဆိုပြီးသည်နှင့် သတ်မှတ်ထားသော နေရာအသီးသီးသို့ တိကျစွာ ပျံသန်းသွားကြသည်။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် လေပေါ်မှ ဆင်းသက်လာကာ လူငယ်လေးအနားသို့ ချဉ်းကပ်ပြီး စိုးရိမ်တကြီး မေးသည်။
"မိတ်ဆွေ... အဆင်ပြေရဲ့လား"
လူငယ်လေးက အလျင်အမြန် ခေါင်းခါပြပြီး - "ကျွန်တော် အဆင်ပြေပါတယ်၊ ကျေးဇူးပြုပြီး... ကျွန်တော့်ရဲ့စီနီယာအစ်ကိုနဲ့ အစ်မကို ကယ်ပေးပါဦး... နောင်မှာ ကျွန်တော် ခင်ဗျားတို့အတွက် ကျွဲလိုနွားလို အလုပ်အကျွေးပြုပါ့မယ် တောင်းပန်ပါတယ်ဗျာ" သူသည် ပြောရင်းဆိုရင်း မြေပြင်ပေါ် ဒူးထောက်ကာ နဖူးနှင့် မြေကြီး တိုက်မိသည်အထိ အထပ်ထပ် ဦးညွှတ်တော့သည်။
အမျိုးသမီးက သူ့ကို အမြန်ထူပေးလိုက်ပြီး - "ထပါ၊ မစိုးရိမ်ပါနဲ့၊ ကျွန်မတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
သူမသည် စီနီယာအစ်ကိုကြီး၏ အခြေအနေကို စစ်ဆေးကာ မွှေးရနံ့သင်းပျံ့သော ဆေးလုံးတစ်လုံးကို တိုက်ကျွေးလိုက်သည်။ ထို့နောက် သူမ၏ မှော်စွမ်းအားကို အသုံးပြုကာ ဆေးအာနိသင် ပျံ့နှံ့အောင် ကူညီပေးသည်။
မကြာမီမှာပင် စီနီယာအစ်ကိုကြီး၏ ဒဏ်ရာများမှာ သိသိသာသာ သက်သာလာပြီး အသက်ရှူသံမှာလည်း ပြန်လည် တည်ငြိမ်လာတော့သည်။
တစ်ချိန်တည်းမှာပင် အခြား အဖြူရောင်ဝတ်စုံဝတ်များကလည်း ကျန်ရှိနေသော ဂိုဏ်းသားများကို အပျက်အစီးများကြားမှ တစ်ယောက်ပြီးတစ်ယောက် ရှာဖွေကယ်ထုတ်ပေးနေကြသည်။
လူငယ်လေးမှာ ဝမ်းသာလွန်း၍မျက်ရည်များ ဝဲလျက် အထပ်ထပ် ကျေးဇူးတင်နေမိသည် - "ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော့်နာမည်က ဝမ်ရှောင်ဟူပါ၊ ဒီကျေးဇူးကို ကျွန်တော် မမေ့ဘဲ ပြန်ဆပ်ပါ့မယ်"
ကယ်ဆယ်ရေးသမားများက ပြုံးပြကာ နောက်ထပ်လူများကို ကယ်ဆယ်ရန် ထွက်ခွာသွားကြသည်။ ဝမ်ရှောင်ဟူက အနောက်မှ အမှီလိုက်ကာ လှမ်းမေးသည် "နေပါဦး ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘယ်ကလာတာလဲဆိုတာ ကျွန်တော် မသိရသေးဘူးဗျ ကျွန်တော့်ဆရာ နိုးလာရင် ဘယ်သူ့ကို ကျေးဇူးဆပ်ရမလဲဆိုတာ သိချင်လို့ပါ"
အမျိုးသားတစ်ဦးက သူ၏ဝတ်ရုံရင်ဘတ်ရှိ ရွှေချည်ထိုးစာသားကို ညွှန်ပြကာ ပြုံးလျက် ပြန်ဖြေသည် - "ကျွန်တော်တို့က ထျန်းကျွယ်ကျွန်း က လန်ယာပရဟိတဖောင်ဒေးရှင်းကပါ။ ဒုက္ခရောက်နေသူတွေကို ကူညီပေးတာက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အခြေခံမူပဲ၊ ကျေးဇူးဆပ်ဖို့ မလိုပါဘူး"
ဝမ်ရှောင်ဟူ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့သည်။ စီနီယာအစ်ကိုကြီး ပြောဖူးတာက ကျင့်ကြံခြင်းလောကမှာ အသက်ဘေးဆိုတာ ကိုယ့်ကံနဲ့ကိုယ်၊ သူတစ်ပါးနဲ့မဆိုင်ဘူးဆိုတာ မဟုတ်ဘူးလား ဒီလူတွေက... တခြားလူတွေနဲ့ တကယ်ပဲ ကွဲပြားနေတာပဲ။
ကမ်းခြေတစ်နေရာတွင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသည် ပင်လယ်မိစ္ဆာအချို့၏ဝိုင်းရံခြင်းကို ခံနေရသည်။ အားကုန်နေသဖြင့် အသက်ဘေးနှင့် ရင်ဆိုင်နေရစဉ် အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူအချို့ ရောက်ရှိလာပြီး သူ့ကို ကာကွယ်ပေးကာ မိစ္ဆာများကို မောင်းထုတ်ပေးလိုက်သည်။
"ကျွန်တော့်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့ ဒါကကျွန်တော့်ဆီမှာ ရှိသမျှ စုဆောင်းထားတဲ့ ပစ္စည်းလေးတွေပါ၊ နည်းပေမဲ့ ငြင်းမပယ်ပါနဲ့ဦး" သူသည် ကျင့်ကြံခြင်းလောက၏ ထုံးစံအတိုင်း သူ၏ တစ်ခုတည်းသော သိုလှောင်အိတ်ကို ကမ်းပေးလိုက်သည်။
သို့သော် တစ်ဖက်လူက ပြုံးလျက် - "မိတ်ဆွေ... စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပရဟိတဖောင်ဒေးရှင်းက ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ဘယ်လို ဆုလာဘ်ကိုမှ လက်မခံပါဘူး။ လက်ခံခဲ့ရင် ပြန်ရောက်တဲ့အခါ အပြစ်ပေးခံရမှာပါ"
ထိုကျင့်ကြံသူမှာ မှင်သက်သွားပြီးမှ သူတို့ရင်ဘတ်ရှိ "လန်ယာ ပရဟိတ ဖောင်ဒေးရှင်း" ဆိုသည့် စာသားကို သတိထားမိသွားသည်။ ဒါက ဘယ်လို ဂိုဏ်းမျိုးလဲ မြောက်ပိုင်းဒေသမှာ ဒီလို အင်အားစုမျိုး ရှိနေတာကို ငါ တစ်ခါမှ မကြားဖူးပါလား။
အခြားတစ်ဖက်တွင်တော့ လင်းချိုင်ဝေ ဦးဆောင်သော အဖွဲ့သည် ပြိုကျနေသော တောင်ကုန်းကြီးတစ်ခုအောက်တွင် ပိတ်မိနေသူများကို ကယ်တင်ရန် ကြိုးစားနေကြသည်။ သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
"အောက်မှာ အနည်းဆုံးလူတစ်ရာလောက် ပိတ်မိနေပြီး အသက်ရှင်နေသေးတယ် ရတနာကို ထုတ်လိုက်"
မကြာမီမှာပင် ကြီးမားသော ရွှေရောင်သံတူကြီးတစ်ခုဖြင့် တောင်ကုန်းကို ရိုက်ခွဲကာ ပိတ်မိနေသူများကို ကယ်ထုတ်ရန် အားသွန်ခွန်စိုက် ကြိုးစားကြသည်။ ဤမြင်ကွင်းကို ကြည့်နေသော ဘေးလူများမှာ အံ့ဩနေကြသည်။
"ဟေး... ဘာလို့ ဒီလောက်တောင် အပင်ပန်းခံနေကြတာလဲ အောက်မှာ ပိတ်မိနေတဲ့သူတွေက သူတို့နဲ့ သိလို့လား"
"မသိကြဘူးတဲ့ သူတို့က လန်ယာပရဟိတဖောင်ဒေးရှင်းကလူတွေလေ၊ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ပဲ လာကြတာ။ တစ်ကျပ်တစ်ပြားမှလည်း မယူကြဘူး"
"ပိုက်ဆံမယူဘူး ဟုတ်လား လောကမှာ ဒီလို လူတော်လူကောင်းတွေ ရှိသေးတာလား"
"ဒီဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌက လန်ယာကုန်သည်အဖွဲ့ရဲ့သခင်လေး ဝမ်မုတဲ့ဗျ အရင်ကတော့ အပျော်အပါးမက်တဲ့ သခင်လေးလို့ ထင်ခဲ့တာ၊ အခုတော့ တကယ်ပဲ အံ့ဩဖို့ကောင်းနေပြီ"