အခန်း (၃၂) ဘေးအန္တရာယ်က ရက်စက်ပေမဲ့ လူသားချင်းစာနာမှုကတော့ နွေးထွေးတယ်
"ဒီနေ့ဖောင်ဒေးရှင်း တည်ထောင်တဲ့ အခမ်းအနားက တကယ့်ကိုစနစ်ကျတယ် အောင်မြင်မှုအပြည့်နဲ့ အနာဂတ်အတွက် အစပျိုးမှုကောင်းတစ်ခုပဲ"
"ဒါပေမဲ့ ဒါဟာအစပဲ ရှိသေးတယ်"
"နောက်ဆက်တွဲ တိုးတက်ပြောင်းလဲမှုတွေကလည်း အလွန်အရေးကြီးတယ်။ အစောပိုင်းကာလမှာ ငါတို့ရဲ့အဓိကတာဝန်က တစ်ခုတည်းပဲ" ဝမ်မုက အလေးအနက် ပြောလိုက်သည်။
နျဲ့တင်းတင်းက မေးသည် "အဲဒါ ဘာလဲဟင်"
"နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ပဲ"
နျဲ့တင်းတင်းမှာ ဇဝေဇဝါ ဖြစ်သွားသည် -"သခင်လေးက ဘေးပတ်ပတ်လည်က ကျွန်းကြီးငါးကျွန်းမှာ အဲဒီပွဲတွေ လုပ်ခဲ့ပြီးပြီ မဟုတ်လား"
"အဲဒါက ရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲ ရှိသေးတာ" ဝမ်မုက ရယ်မောလျက် ခေါင်းခါပြသည် "မြောက်ပိုင်းဒေသမှာရှိတဲ့ ကျွန်းတွေက ကောင်းကင်ကကြယ်တွေလိုပဲ မရေမတွက်နိုင်အောင် များလှတယ်။ ဒီငါးကျွန်းဆိုတာ အစပဲ ရှိသေးတယ်"
ဝမ်မုသည် သာမန်လူသားများအပေါ် ရင်းနှီးမြှုပ်နှံခြင်း၏အရသာကို စတင်ခံစားနေရပြီ ဖြစ်သည်။ ပြင်ပလူများအမြင်တွင် ဤသည်မှာ ပိုက်ဆံဖြုန်းတီးခြင်းဟုထင်ရသော်လည်း၊ ဝမ်မုအတွက်မူ ထိုငါးကျွန်းမှကျင့်ကြံသူ ၄ သိန်းမှ ၅ သိန်းခန့်က သူ့အတွက်အချိန်တိုင်း ကျင့်ကြံပေးနေပြီး တိုးတက်မှုများကို ပြန်လည်ပေးပို့နေကြခြင်း ဖြစ်သည်။
သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း၊ အဆင့်လယ်ပိုင်းသို့ ရောက်ရန် မဝေးတော့ကြောင်း ခံစားနေရသည်။ သာမန်ကျင့်ကြံသူတစ်ဦး အဆင့်တက်ရန် ၃ နှစ်မှ ၅ နှစ်ခန့် ကြာတတ်သော်လည်း သူ၏ကျင့်ကြံမှုအရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်နေခြင်း ဖြစ်သည်။
"သခင်လေး... တကယ်ပဲ မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ ဒီပွဲတော်ကို ကျင်းပဖို့ ရည်ရွယ်နေတာလား" နျဲ့တင်းတင်း၏ မျက်လုံးလေးများ ပြူးသွားသည်။
"ဘာလို့ မရရမှာလဲ"
"လန်ယာကုန်သည်အဖွဲ့ရဲ့ ကြွယ်ဝမှုနဲ့တောင် သခင်လေးကို အဲဒီအထိ ထောက်ပံ့ပေးဖို့ မဖြစ်နိုင်ဘူးထင်တယ်"
"နင် မှားသွားပြီ" ဝမ်မုက ပြုံးလျက် "လန်ယာ တစ်ခုတည်းမဟုတ်ဘူး။ ငါတို့လုပ်မှာက တစ်လောကလုံးက စည်းစိမ်တွေကို စုစည်းပြီး တစ်လောကလုံးအတွက်ပြန်သုံးမှာ လောကကြီးမှာ ပိုက်ဆံတွေ မကုန်မချင်း ဒီပွဲတော်က ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး"
"အလုပ်များတဲ့ တစ်နေ့တာကြောင့် ငါပင်ပန်းနေပြီ။ ဒီစာရွက်ထဲက အချက်အလက်တွေကို အရင်ဖတ်ကြည့်ဦး နားမလည်တာရှိရင် နောက်မှလာမေးတော့" ဝမ်မုက လက်နှစ်ဖက်ကို နောက်ပစ်ကာ လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ ဆင်းသွားသည်။
"သခင်လေး" နျဲ့တင်းတင်း၏ အသံက နောက်မှ ထွက်ပေါ်လာသည် - "ဘာကြောင့် သခင်လေးက ဒီပွဲတော်ကို ကျင်းပဖို့ ဒီလောက်တောင် ဇွဲနပဲကြီးနေရတာလဲဆိုတာ သိပါရစေ"
ဝမ်မု နောက်သို့ လှည့်ကြည့်လိုက်သည်။ မီးပွင့်သဖွယ် အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ လှေကားထစ်အပေါ်တွင် ရပ်နေပြီး သူ့ကို စူးစိုက်ကြည့်နေသည်။ ဝမ်မုက စားပွဲဆီသို့ ပြန်သွားကာ စုတ်တံကို ကိုင်၍စာတစ်ကြောင်း ရေးလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးအတွက် နှလုံးသားကို တည်ဆောက်ဖို့၊ လူသားတွေအတွက် ဘဝကို တည်ဆောက်ဖို့၊ ရှေးပညာရှိတွေရဲ့ ပျောက်ဆုံးနေတဲ့ အဆုံးအမတွေကို ဆက်ခံဖို့နဲ့ သားစဉ်မြေးဆက် အေးချမ်းဖို့အတွက်ပါ"
ထိုစာသားကို မြင်လိုက်ရသောအခါ နျဲ့တင်းတင်းမှာ အသက်ရှူပင်မှားသွားသည်။ သူမ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
"စကားပုံတစ်ခု ရှိတယ်လေ ကြီးမားတဲ့ အာဏာရှိရင် ကြီးမားတဲ့တာဝန်လည်း ရှိတယ်တဲ့" ဝမ်မုက ကောင်းကင်ကို ၄၅ ဒီဂရီ စောင်းကြည့်ကာ သက်ပြင်းချလိုက်သည် - "ဒါဟာ ဝမ်မိသားစုရဲ့ သခင်လေးတစ်ယောက်အနေနဲ့ ငါ ထမ်းဆောင်ရမယ့် တာဝန်ပဲ ဖြစ်လိမ့်မယ်"
ထို့နောက် သူသည် ခန့်ညားစွာဖြင့် နန်းဆောင်ထဲမှ ထွက်ခွာသွားတော့သည်။ တုန်လှုပ်ချောက်ချားသွားသော မိန်းကလေးတစ်ယောက်ကိုသာ ချန်ထားရစ်ခဲ့တော့သည်။
ချန်လန်ကျွန်း။
ကမ်းခြေဆိပ်ကမ်းတွင် သာမန်လူသားများမှာ ကုန်စည်များ တင်ချရင်း အလုပ်ရှုပ်နေကြသည်။ တံငါသည်များမှာလည်း ငါးများ အမြောက်အမြား ရရှိခဲ့သဖြင့် ဝမ်းသာပီတိ ဖြစ်နေကြသည်။
ရုတ်တရက်... ကောင်းကင်ယံမှ ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။
ကောင်းကင်မှာ တစ်ခဏအတွင်း မှောင်မည်းသွားပြီး ကမ်းမမြင် လမ်းမမြင်သည့် လှိုင်းလုံးကြီးများ ကောင်းကင်နှင့် ပင်လယ် ထိစပ်မတတ် တက်လာသည်။
"လှိုင်း... လှိုင်းကြီးတွေ..." လူငယ်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
၎င်းမှာ ရိုးရိုးလှိုင်းမဟုတ်ဘဲ ပင်လယ်မိစ္ဆာများ စီးနင်းလာသည့် လှိုင်းလုံးကြီးများ ဖြစ်သည်။
"ပင်လယ်မိစ္ဆာတွေ ကျွန်းကို တိုက်ခိုက်နေပြီ"
တစ်ကျွန်းလုံး ပရမ်းပတာ ဖြစ်သွားသည်။ ကျင့်ကြံသူများမှာ တစ်ရက်နှင့် တစ်ညလုံး တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင် မိစ္ဆာများ ဆုတ်ခွာသွားသော်လည်း ကျန်ရစ်ခဲ့သည်မှာ ပျက်စီးယိုယွင်းနေသော အပျက်အစီးများသာ ဖြစ်သည်။
ဂိုဏ်းငယ်လေးတစ်ခုမှာ ပြာပုံအတိ ဖြစ်သွားခဲ့သည်။ လူငယ်ကျင့်ကြံသူတစ်ဦးမှာ သွေးအိုင်ထဲမှ လူးလဲထလာပြီး - "စီနီယာအစ်ကို... အစ်မ... ဆရာ ဘယ်မှာလဲ" ဟု ဟိုဟိုဒီဒီ အော်ခေါ်နေသည်။
သူသည် သူ၏စီနီယာအစ်ကိုကြီးကို အပျက်အစီးများကြားတွင် ရှာတွေ့ခဲ့သည်။ အရင်က ခန့်ညားလှသော အစ်ကိုကြီးမှာ ယခုတော့ လက်တစ်ဖက် ပြတ်နေပြီး အသက်ငင်နေရှာသည်။
"မကြိုးစားပါနဲ့တော့..." စီနီယာအစ်ကိုကြီးက အားနည်းစွာ ပြောသည် "ကျင့်ကြံခြင်းလောကမှာ... သေခြင်းရှင်ခြင်းက ကံတရားပဲ... ဘယ်သူနဲ့မှ မဆိုင်ဘူး..."
"မဟုတ်ဘူး" လူငယ်လေးက ကောင်းကင်ကို ကြည့်ကာ အော်ဟစ်လိုက်သည် - "တောင်းပန်ပါတယ်... ဘယ်သူဖြစ်ဖြစ် လာပြီး ကျွန်တော်တို့ကို ကယ်ကြပါဦး..."
ဝုန်း
ကောင်းကင်ယံမှ ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လူငယ်လေး မော့ကြည့်လိုက်သောအခါ တိမ်တိုက်များကို ခွဲကာ ပျံသန်းလာသော သင်္ဘောကြီးများကို မြင်လိုက်ရသည်။
သင်္ဘောတိုင်းတွင် နဖူးစည်းစာတန်းများ ချိတ်ဆွဲထားသည် -"လန်ယာပရဟိတ ဖောင်ဒေးရှင်းသည် ထျန်းကျွယ်ကျွန်းမှ မိတ်ဆွေအားလုံးနှင့်အတူ ဘေးသင့်ဒေသမှ ညီအစ်ကိုများ၏ အခက်အခဲကို အတူတကွ ကျော်ဖြတ်ပါမည်"
"လေမုန်တိုင်းထဲမှာ လှေတစ်စင်းတည်း အတူစီးရင်း၊ ငါတို့ရဲ့ အိမ်ဂေဟာကို အတူတကွ ပြန်လည် တည်ဆောက်ကြစို့"
"ဘေးအန္တရာယ်က ရက်စက်ပေမဲ့ လူသားချင်းစာနာမှုကတော့ နွေးထွေးတယ်"