အခန်း (၃၁) သခင်လေးမှာ ရည်မှန်းချက်တွေ ရှိနေတာပဲ
"မဟုတ်ဘူး... သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ"
ဖုန်လိုင် ကုန်သည်အဖွဲ့ မှ မန်နေဂျာလျိုသည် လုံးဝကို ဆွံ့အသွားသည် "ဒါကတော့ လွန်လွန်းတယ်"
အဖြစ်အပျက်များ တိုးတက်ပြောင်းလဲလာပုံမှာ သူတို့မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။ ဤ 'ဖောင်ဒေးရှင်း' ဆိုသည်မှာ ဝမ်မိသားစုသခင်လေး၏ နောက်ထပ်ပိုက်ဆံဖြုန်းတီးမှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော်လည်း ဝမ်မု၏ဆက်တိုက်ဆိုသလို လုပ်ဆောင်ချက်များက သူတို့ကို လမ်းပျောက်သွားစေခဲ့သည်။
ဘယ်လိုသွားပြိုင်လို့ရတော့မှာလဲ တစ်ဖက်ကုန်သည်အဖွဲ့ရဲ့ဥက္ကဋ္ဌကိုယ်တိုင်က ကွင်းထဲဆင်းလာတာလေ။
စီဟိုင်ကုန်သည်အဖွဲ့ မှ မန်နေဂျာကျန်းက သက်ပြင်းချကာ တိုးတိုးလေးပြောသည် "အရင်ပြန်ကြရအောင် ဒီအကြောင်းကို အထက်လူကြီးတွေကို တင်ပြပြီး သူတို့ ဘာပြောမလဲဆိုတာ စောင့်ကြည့်ရမယ်"
ဝမ်မု၏တိုက်ကွက်များမှာ မြန်ဆန်ပြီး ရက်စက်လွန်းလှသည်။ အစကတည်းက ဤကိစ္စမှာသူတို့အဆင့်နှင့် ဝင်ပါ၍ရသော ကိစ္စမဟုတ်တော့ပေ။ အထက်က လူကြီးများ မည်သို့ တုန့်ပြန်မည်ကိုသာ စောင့်ကြည့်ရုံရှိတော့သည်။
ဖောင်ဒေးရှင်းတည်ထောင်ခြင်း အခမ်းအနားမှာ ဆက်လက် ကျင်းပနေဆဲပင်။ ကံအကျိုးပေး စာရင်းပေါ်တွင် အမည်များ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။ သို့သော် ပထမသုံးနေရာပြီးနောက်တွင်မူ နာလန်ရုံယွမ်ကိုယ်တိုင် ဆုမပေးတော့ဘဲ အုပ်ချုပ်ရေးမှူးများကသာ ပေးအပ်တော့သည်။
သို့သော်လည်း ဘယ်သူမှမကျေမနပ် မဖြစ်ကြဘဲ၊ ဒါက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စဟုသာ မှတ်ယူကြသည်။ တစ်ချိန်တည်းမှာပင် ဤအချက်က သူတို့ကိုကံအကျိုးပေးစာရင်း၏ ထိပ်ဆုံးသုံးနေရာထဲ ဝင်နိုင်ရန်ပို၍ တွန်းအားဖြစ်စေခဲ့သည်။
ဂိုဏ်းအသီးသီးမှ တပည့်များမှာ ထျန်းကျွယ်ကျွန်းရှိ လန်ယာဘဏ်ခွဲများသို့ လေပြင်းမုန်တိုင်းသဖွယ် အလုအယက်သွားရောက် ဝယ်ယူကြတော့သည်။
အတိုချုပ်ပြောရလျှင် သူတို့လိုက်နာသည့် မူတစ်ခု ရှိသည် "ဂိုဏ်းကြီး ဒေဝါလီ မခံမချင်း၊ ဆက်ဝယ်ကြစမ်း"
မည်သို့ပင်ဖြစ်စေ၊ သူတို့ဝယ်သည့် ပစ္စည်းများမှာ ကိုယ်တိုင် သုံးရန်ဖြစ်သဖြင့် ရှုံးစရာမရှိပေ။
အခမ်းအနားမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ နာလန်ရုံယွမ်သည် ကျွန်းမှ မထွက်ခွာမီ ဖောင်ဒေးရှင်းနှင့်ပတ်သက်သမျှ ကိစ္စအားလုံးကို ဝမ်မု တစ်ယောက်တည်း စီမံခန့်ခွဲရန် ညွှန်ကြားသွားခဲ့သည်။
"သခင်လေး"
ရန်ဖင်းရှန်းသည် ကိုယ်လုံးကိုယ်ပေါက် လှပ၍ အရပ်ရှည်သော အမျိုးသမီးတစ်ဦးကို ဝမ်မုထံ ခေါ်လာကာ ရိုသေစွာ မိတ်ဆက်ပေးသည် "ဒါက ကျွန်တော်မျိုးရဲ့တူမပါ၊ တပည့်တစ်ဝက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်နားမှာ နှစ်ပေါင်းများစွာ အလုပ်သင်ခဲ့ပြီး ကုန်သည်အဖွဲ့ရဲ့အတွင်းရေးတွေကိုလည်း ကောင်းကောင်း သိပါတယ်။ သခင်လေး အကူအညီရအောင် သူ့ကို သခင်လေးနားမှာ ထားပေးရင် ဘယ်လိုလဲ"
ဝမ်မု သူမကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ ဝိုင်နီရောင် ဆံနွယ်ရှည်များ၊ လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဖြူစင်သော အသားအရေ ရှိသည်။ အဖြူစပ်အနီရောင် ဝတ်ရုံကို ဝတ်ထားပြီး သူမ၏ ရှည်လျားလှပသော ခြေတံများကို မြင်တွေ့နေရသည်။ သူမ၏ ပုံစံမှာ တက်ကြွဖြတ်လတ်ပြီး မျက်လုံးများထဲတွင် ထက်မြက်သော အရိပ်အယောင်များ ရှိနေသည်။ သူမ၏ လက်ကောက်ဝတ်တွင် နဂါးရုပ်ပါသည့် ကျောက်စိမ်းလက်ကောက်ကို ဝတ်ဆင်ထားသည်။
"ကောင်းပြီ သူ နေခဲ့ပါစေ"
"တင်းတင်း... မြန်မြန်၊ သခင်လေးကို ကျေးဇူးတင်စကား ဘာလို့ မပြောသေးတာလဲ" ရန်ဖင်းရှန်းက ဝမ်းသာအားရ တိုက်တွန်းသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး" နျဲ့တင်းတင်း က နာခံစွာ ပြန်ပြောသော်လည်း သူမ၏ မျက်လုံးများမှာ တည်ငြိမ်နေသည်။
ဝမ်မုသည် ရန်ဖင်းရှန်း၏ရည်ရွယ်ချက်ကို နားလည်သည်။ ရန်ဖင်းရှန်းမှာ အလုပ်များသည့် အုပ်ချုပ်ရေးမှူးဖြစ်သဖြင့် သူ၏ယုံကြည်ရသော တူမကို ဝမ်မုနားတွင် ထားပေးခြင်းဖြင့် ဆက်သွယ်ရေးတံတားတစ်ခုသဖွယ် အသုံးချစေလိုခြင်း ဖြစ်သည်။ ဝမ်မုအတွက်လည်း ကုန်သည်အဖွဲ့အတွင်းရေးသိသူတစ်ယောက် အနားမှာ ရှိနေခြင်းက အလုပ်တွင်ကျယ်စေမည် ဖြစ်သည်။
ရန်ဖင်းရှန်းသည် နျဲ့တင်းတင်းကို အပြင်သို့ ခေါ်ထုတ်ကာ ဆူပူလိုက်သည် - "နင့်ကို ဘာဖြစ်နေတာလဲ ဘာလို့ မျက်နှာကပုပ်သိုးနေတာလဲ"
နျဲ့တင်းတင်းက အမူအရာမပျက်ဘဲ - "သမီး မဝံ့ရဲပါဘူး"
ရန်ဖင်းရှန်းက စိတ်ပျက်စွာဖြင့် - "နင့်ကို သခင်လေးနားပို့တာက ငါ နင့်ကို ဒုက္ခပေးတယ်လို့ ထင်နေတာလား"
နျဲ့တင်းတင်း သက်ပြင်းချကာ - "ဦးလေးက သမီးကို ကျွေးမွေးစောင့်ရှောက်လာတာ၊ သမီးကို ဒုက္ခမပေးဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့... ဘာလို့လဲဆိုတာ သမီး နားမလည်ဘူး။ ဦးလေးက အရင်က ဒီလိုမဟုတ်ပါဘူး။ ဘာလို့ အဲဒီလို မိန်းမလိုက်စားတဲ့သူအပေါ် ဒီလောက် သဘောထား ပြောင်းသွားရတာလဲ"
ရန်ဖင်းရှန်း လန့်သွားပြီး - "အသံတိုးတိုး"
ဝမ်မု မကြားစေရန်သေချာအောင် လုပ်ပြီးမှ - "ငါလည်း အရင်ကနင့်လိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီကိစ္စပြီးတော့မှ ငါမှားနေမှန်း သိလိုက်ရတာပဲ"
နျဲ့တင်းတင်းက ဇဝေဇဝါ ဖြစ်နေသည် - "ဒီဖောင်ဒေးရှင်း တစ်ခုတည်းနဲ့လား ဒါက နာမည်ကောင်းရအောင် ပိုက်ဆံဖြုန်းတဲ့ စိတ်ကူးသက်သက်ပဲ မဟုတ်ဘူးလား"
"အဲဒါကအပေါ်ယံပဲ" ရန်ဖင်းရှန်းက အလေးအနက် သင်ပေးသည် "ပိုက်ဆံဖြုန်းတာက မခက်ဘူး။ ဒါပေမဲ့ ဒီနေ့အခမ်းအနားမှာ ဂိုဏ်းသားတွေရဲ့ သဘောထားကို ကြည့်ဦး အရင်က သူတို့ ငါတို့ဆီမှာဝယ်တာက ကြောက်လို့ ဝယ်ကြတာ။ အခုတော့ သခင်လေးရဲ့ အစီအစဉ်ကြောင့် သူတို့မှာ ရှိသမျှပိုက်ဆံတွေ အကုန်သုံးပြီး ဝယ်နေကြတဲ့အပြင်၊ ငါတို့ကိုပါ အကြီးအကျယ် ကျေးဇူးတင်နေကြသေးတယ်။ ဒါက တကယ့် အရည်အချင်းပဲ"
ရန်ဖင်းရှန်းက ဆက်ပြောသည် "သခင်လေးဟာ အရည်အချင်းမရှိတဲ့သူ မဟုတ်ဘူး။ သူဟာ ဆယ်နှစ်ကျော်ကြာအောင် သူ့ရဲ့အရည်အချင်းတွေကို ဖုံးကွယ်ထားခဲ့တာ။ အခုကစပြီး သူက ထက်မြက်မှုကို ပြလာပြီ။ သူ့ရင်ထဲမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတာ သေချာတယ် ငါ နင့်ကို သူ့နောက်လိုက်ခိုင်းတာက နင့်အတွက် အနာဂတ်ကောင်းဖို့တင် မဟုတ်ဘူး၊ နင် သူ့ဆီကနေ အများကြီး သင်ယူနိုင်ဖို့အတွက်ပဲ။ နားလည်လား"
"ဟုတ်ကဲ့"
နန်းဆောင်အတွင်းမှာ တိတ်ဆိတ်နေသည်။ စက္ကူပေါ်တွင် စုတ်တံဖြင့်ရေးခြစ်နေသံကို ကြားနေရသည်။ ဝမ်မုသည် စာပွဲတွင် ငုံ့၍တစ်ခုခုကို အာရုံစိုက် ရေးနေသည်။
နျဲ့တင်းတင်းသည် ထိုပုံရိပ်ကိုကြည့်ရင်း ရန်ဖင်းရှန်း၏ စကားများကို ပြန်တွေးမိသည်။ သူမ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ဝမ်မုအနားသို့ လျှောက်သွားလိုက်သည်။
"သခင်လေး"
"အင်း" ဝမ်မုက မော့မကြည့်ဘဲ ဆက်ရေးနေသည်။ ခဏအကြာမှ သူ မော့ကြည့်ကာ "တင်းတင်း... ဟုတ်တယ်မလား"
"သမီး မျိုးရိုးက နျဲ့ပါ" နျဲ့တင်းတင်းက ချက်ချင်း မိတ်ဆက်သည်။
ဝမ်မုက ခေါင်းငြိတ်ပြပြီး "ဒီကို လာဦး"
နျဲ့တင်းတင်း ဘေးသို့ ရောက်သွားသောအခါ စားပွဲပေါ်က စာရွက်ကို မြင်လိုက်ရသည်။ ထိုထဲတွင် စာလုံးများ ပြည့်နှက်နေသည် "လန်ယာ ပရဟိတ ဖောင်ဒေးရှင်း အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်..."
ထိုစာသားကို မြင်လိုက်ရသောအခါ နျဲ့တင်းတင်း၏နှုတ်ခမ်းလေးမှာ အနည်းငယ် တုန်သွားသည်။ ဦးလေးပြောတာ မှန်နေသည်။
အခမ်းအနားပြီးတာနဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ချက်ချင်းစဉ်းစားနေတာ... ဒါဟာ ပိုက်ဆံဖြုန်းပြီး ကစားနေတဲ့သူတစ်ယောက်ရဲ့ အမူအရာမျိုး လုံးဝမဟုတ်တော့ပေ။