အခန်း (၃၀) - ငါတို့က ကျင့်ကြံခြင်းလောကမှာ အကြင်နာဆုံးဂိုဏ်းပဲ
ဝမ်မု၏ အသံကို ကြားလိုက်ရသည်နှင့်။
အခမ်းအနားကျင်းပရာ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း၏အကြည့်များမှာ ကိုးပါးသူရိယဂိုဏ်းရှိရာ နေရာသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။
ဂိုဏ်းချုပ်ရန်ကျူးကျိ ကိုယ်တိုင်လည်း အခြားသူများနည်းတူ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့ရသည်။
"ငါလား သူ ငါ့ကို ခေါ်နေတာလား"
ဝမ်မုက သူတို့ကိုဖိတ်ကြားစဉ်တုန်းက အခမ်းအနား လာကြည့်ရန်သာ ပြောခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ အစီအစဉ်မျိုး ပါဝင်မည်ဟု မပြောခဲ့ပေ။
စင်မြင့်ထက်တွင်တော့ ဝမ်မုက ပြုံးလျက် ဆက်ပြောနေသည် "စီနီယာ ရန်ကျူးကျိဟာ အလွန် မြင့်မြတ်တဲ့ စိတ်ထားရှိသူ ဖြစ်ပါတယ်။ ပရဟိတ ဖောင်ဒေးရှင်း စတင်ချိန်မှာ သူဟာ ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၈,၄၀၀ ကို ရန်ပုံငွေထဲ ထည့်ဝင်ပေးခဲ့ပါတယ်"
"ပထမနေရာ"
"သူဟာ ကျွန်တော်တို့ လန်ယာပရဟိတ ဖောင်ဒေးရှင်းရဲ့ ကံအကျိုးပေးစာရင်းမှာ ပထမဆုံး ဂုဏ်ထူးဆောင်နေရာကို ရရှိသွားပါပြီ"
"အားလုံးပဲ သူ့ကို ဂုဏ်ပြုပေးကြပါဦး"
ဝမ်မုက ဦးဆောင်၍ လက်ခုပ်တီးလိုက်သည်။ လူအုပ်ကြီးက လိုက်လံလက်ခုပ်တီးနေစဉ်မှာပင် စင်မြင့်ထက် ကောင်းကင်ယံ ဟင်းလင်းပြင်မှ ရွှေရောင်စာရင်းတစ်ခု ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းစာရင်း၏ အပေါ်ဆုံးတွင် ကံအကျိုးပေးစာရင်းဟု ရေးသားထားသည်။
လန်ယာကုန်သည်အဖွဲ့ ဥက္ကဋ္ဌ နာလန်ရုံယွမ် သည် လီယွမ်ဟွာထံမှ ရွှေရောင်စုတ်တံကို ယူကာ စာရင်းပေါ်တွင် ကိုယ်တိုင် ရေးထိုးလိုက်သည် -
"ပထမနေရာ - ကိုးပါးသူရိယဂိုဏ်း၊ ရန်ကျူးကျိ၊ လှူဒါန်းမှု - ဝိညာဉ်ကျောက်တုံး ၈,၄၀၀"
ထို့နောက် သူမက လူအုပ်ကို လှည့်ကြည့်ကာ ပြုံးလျက် - "ကိုးပါးသူရိယဂိုဏ်းက ရန်ကျူးကျိ မိတ်ဆွေ ဘယ်မှာလဲ.ဆုလာယူဖို့ ကြွခဲ့ပါဦး" ဟု ဆိုသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရန်ကျူးကျိ၏ဦးနှောက်မှာ ပေါက်ကွဲမတတ် ဖြစ်သွားသည်။ တောက် ငါ ဘာကြားလိုက်တာလဲ လန်ယာကုန်သည်အဖွဲ့ ဥက္ကဋ္ဌ ဝေဘုရင်ရဲ့ ကြင်ယာတော် ဝမ်မိသားစုရဲ့ဘိုးဘေးမကြီး မြေကမ္ဘာနတ်ဘုရားအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးက... ငါ့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူကို မိတ်ဆွေလို့ ခေါ်လိုက်တာလား ငါ့ဘိုးဘွားတွေရဲ့ဂူတောင် ကံကောင်းလွန်းလို့ ပေါက်ထွက်ကုန်ပြီ ထင်တယ်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဥက္ကဋ္ဌနာလန် ခေါ်နေပြီလေ" ဘေးက ဂိုဏ်းလူကြီးက အသည်းအသန် သတိပေးနေရသည်။
"ဪ... အေးအေး ဒီမှာဗျ၊ ကျွန်တော်ပါ၊ ကျွန်တော်ပါ"
ရန်ကျူးကျိက လက်ကို မြှောက်ကာ အကျယ်ကြီး ပြန်ထူးလိုက်သည်။ ထို့နောက် လေပေါ်သို့ ပျံတက်ကာ စင်မြင့်ထက်သို့ ဆင်းသက်လိုက်ပြီး နာလန်ရုံယွမ်နှင့် ဝမ်မုဆီသို့ ခပ်သွက်သွက် ပြေးသွားတော့သည်။ လမ်းတစ်ဝက်တွင် ခလုတ်တိုက် လဲကျမလိုဖြစ်သော်လည်း အလျင်အမြန် ပြန်ထကာ ပြေးသွားသည်။
သူသည် နာလန်ရုံယွမ်ရှေ့တွင် ဦးညွှတ်ကာ အသံများ တုန်ရီလျက် - "ကျွန်တော်မျိုး... ကိုးပါးသူရိယဂိုဏ်းချုပ် ရန်ကျူးကျိက ဥက္ကဋ္ဌကြီးနဲ့ သခင်လေးကို အရိုအသေပေးပါတယ်"
နာလန်ရုံယွမ်က တည်ငြိမ်စွာ ခေါင်းငြိတ်ပြပြီး လီယွမ်ဟွာထံမှ လက်မှတ်ကိုယူကာ နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ ရန်ကျူးကျိမှာ ရိုသေစွာ လှမ်းယူလိုက်ရသည်။
"ပရဟိတလုပ်ငန်းမှာ ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ် မိတ်ဆွေရန်ကျူးကျိ" နာလန်ရုံယွမ်က ပြုံး၍ ဆိုသည်။
"ကျွန်တော်မျိုး မထိုက်တန်ပါဘူး၊ မထိုက်တန်ပါဘူး ဒါက သေးငယ်တဲ့ အားထုတ်မှုလေးပါ" ရန်ကျူးကျိမှာ တုန်တုန်ရင်ရင် ဖြစ်နေသော်လည်း သူ၏ရင်ထဲက ဝမ်းသာပီတိဖြစ်မှုကို ဖုံးကွယ်မရပေ။ ဘုရားရေ ဥက္ကဋ္ဌနာလန် ကိုယ်တိုင် ဆုပေးတယ်တဲ့လား ဒီဂုဏ်သိက္ခာက ကောင်းကင်ထိတောင် ထိုးတက်သွားပြီ လူအုပ်ကြီးမှာ ရူးသွပ်မတတ် ဆူညံသွားတော့သည်။
"တောက် ဒါ တကယ်ကြီးလား"
"မြေကမ္ဘာနတ်ဘုရားပုဂ္ဂိုလ်ကြီးက ကိုယ်တိုင် ဆုပေးတယ် ဟုတ်လား ဒါက အံ့ဩလွန်းလို့ အသက်တောင် တိုသွားနိုင်တယ်"
"နေဦး... ဝိညာဉ်ကျောက်တုံး ၈,၀၀၀ လောက် လှူတာနဲ့ ဒီလို အဆက်အဆံခံရတာလား တောက်"
"မင်း ဝမ်သခင်လေး ပြောတာ မကြားဘူးလား လန်ယာမှာသုံးတဲ့ ပိုက်ဆံရဲ့ တစ်ရာခိုင်နှုန်းပဲ ရန်ပုံငွေထဲ ရောက်တာလေ။ ရန်ကျူးကျိက ၈,၀၀၀ လှူတယ်ဆိုတာ သူ လန်ယာမှာ ကျောက်တုံး ၈ သိန်းကျော် သုံးခဲ့လို့ပေါ့"
"... ၈ သိန်းကျော် သုံးတာတောင်မှ ဒီလို အလေးပေးခံရဖို့ မတန်သေးဘူးကွ"
လူတိုင်း တိတ်ဆိတ်သွားကြသည်။ ထိုလူပြောတာ မှန်သည်။ နာလန်ရုံယွမ်က ဘယ်လိုလူမျိုးလဲ ကျောက်တုံး ၈သိန်း မပြောနဲ့၊ သန်း ၈၀၀ ပေးရင်တောင် သူမက လှည့်ကြည့်ချင်မှ ကြည့်မည့်သူ မဟုတ်ပါလား။ အခုတော့ သူမက ပြုံးပြပြီး ကျေးဇူးတင်စကား ပြောခဲ့သည်လေ။ ဒါက သမိုင်းမှာ ရေးထိုးရမည့် ဂုဏ်ယူစရာကြီး ဖြစ်ပြီး၊ သားစဉ်မြေးဆက် ထောင်ပေါင်းများစွာတိုင်အောင် ကြွားလို့ ရမည့် ကိစ္စပင်။
"အဲဒီကောင်က ဘာမို့လို့ ဒီလို ဂုဏ်ပြုခံရတာလဲ" ဝမ်ရွှေးနန်းဆောင်နှင့် ထိုက်ယင်းဂိုဏ်းမှ ဂိုဏ်းချုပ်များမှာ မနာလိုစိတ်ကြောင့် မျက်လုံးများ နီမြန်းနေကြသည်။ သူတို့လည်း ပြီးခဲ့သည့်ရက်ပိုင်းက လန်ယာမှာ ပိုက်ဆံတွေ အများကြီး သုံးခဲ့သော်လည်း ကိုးပါးသူရိယဂိုဏ်းထက် အနည်းငယ် နည်းသွားခဲ့ခြင်း ဖြစ်သည်။ ဒီလို အခွင့်အရေးရှိမှန်း သိလျှင် ဂိုဏ်းတံခါးကို ရောင်းပြီးတော့ပင် ပိုသုံးခဲ့မိမည်ဟု နောင်တရနေကြသည်။
ထိုစဉ် ဝမ်မု၏ အသံ ထပ်ထွက်လာပြန်သည် -
"နောက်ထပ် ကံအကျိုးပေးစာရင်းရဲ့ ဒုတိယနေရာ... ဝမ်ရွှေးနန်းဆောင် သခင် စီနီယာ ချူယိုချန်း"
"တတိယနေရာ... ထိုက်ယင်းဂိုဏ်းချုပ် စီနီယာ ရွှေစီလျို "
ထိုသူနှစ်ဦးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်တက်သွားကြသည်။ သူတို့အလှည့် ရောက်ပြီ စင်ပေါ်သို့ တက်ကာ ဆုယူကြပြီး နာလန်ရုံယွမ်က သူတို့အမည်ကို စာရင်းထဲ ရေးထိုးလိုက်သောအခါ သူတို့၏ ဂုဏ်ယူမှုမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
ဝမ်မုက ပြုံးလျက် မေးသည် - "မိတ်ဆွေ သုံးယောက်အနေနဲ့ ဒီအချိန်မှာ တခြားသူတွေကို ဘာများ ပြောချင်လဲ"
ရန်ကျူးကျိက စိတ်လှုပ်ရှားစွာဖြင့် - "ကျွန်တော်မျိုး အရှက်ရမိပါတယ်။ သခင်လေးရဲ့ ကမ္ဘာကြီးအပေါ်ထားတဲ့ မေတ္တာတရားနဲ့ ယှဉ်ရင် ဒါက ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ နောင်မှာ ကျင့်ကြံခြင်းလောက ငြိမ်းချမ်းဖို့အတွက် ကျွန်တော် ပိုပြီး ကြိုးစားသွားပါမယ်"
ချူယိုချန်းနှင့် ရွှေစီလျိုတို့ကလည်း ဤကဲ့သို့ အခွင့်အရေးပေးသည့်အတွက် လန်ယာကုန်သည်အဖွဲ့ကို အထပ်ထပ် ကျေးဇူးတင်စကား ဆိုနေကြတော့သည်။
စင်အောက်တွင်တော့ ထိုဂိုဏ်းသုံးဂိုဏ်းမှ တပည့်များမှာလည်း ဂုဏ်ယူလွန်း၍ ရူးမတတ် ဖြစ်နေကြသည်။
"တွေ့လား ဒါ ငါတို့ကိုးပါးသူရိယဂိုဏ်းရဲ့ အရှိန်အဝါပဲ လန်ယာဥက္ကဋ္ဌကြီး သတ်မှတ်ပေးတဲ့ နံပါတ် (၁) ကွ မင်းတို့ ဝမ်ရွှေးနန်းဆောင်နဲ့ ထိုက်ယင်းဂိုဏ်းက ငါတို့အောက်မှာပဲ ရှိသေးတယ်"
"စောက်တလွဲတွေ ပြောမနေနဲ့ မင်းတို့က ပိုက်ဆံ နည်းနည်းလေး ပိုသုံးသွားလို့ပါကွ။ လန်ယာဆိုင်တွေမှာပစ္စည်းတွေ မကုန်သွားရင် နံပါတ် (၁) က ငါတို့ ဖြစ်မှာ"
"ငါတို့ထိုက်ယင်းဂိုဏ်းက အကြင်နာဆုံးပဲ ဘာမှ ငြင်းမနေနဲ့ ဟေ့ကောင်တွေ... အခုချက်ချင်း ပိုက်ဆံယူပြီး လန်ယာကိုသွားကြစမ်း ဆေးလုံးတွေ ဘယ်လောက်ရှိရှိ အကုန်ဝယ်ခဲ့ ငါတို့လည်း ဝယ်မယ် နံပါတ် (၁) လုဖို့ မဟုတ်ဘူး၊ ငါတို့ဂိုဏ်းက ကျင့်ကြံခြင်းလောက ငြိမ်းချမ်းဖို့အတွက် အစွမ်းကုန် ပါဝင်ချင်လို့ဟေ့"
"ဘယ်သူက ကြောက်မှာလဲ ဝယ်ကွာ... အလုအယက်ဝယ် ပုလင်းလိုက် မဝယ်နဲ့၊ ပိဿာလိုက်ဝယ် တစ်ယောက်ကို တစ်ပိဿာနှုန်းနဲ့ ဝယ်ခဲ့ကြစမ်း"
ထျန်းကျွယ်ကျွန်းပေါ်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေခဲ့ကြသူများ ဖြစ်သည်။ ယခုအချိန်တွင်မူ သူတို့၏ ပြိုင်ဆိုင်လိုစိတ်မှာအထွတ်အထိပ်သို့ ရောက်သွားပြီး ဘယ်သူမှ အရှုံးမပေးလိုကြပေ။
ဖွင့်ပွဲအခမ်းအနားပင် မပြီးသေးမီ ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များမှာ ပိုက်ဆံအိတ်များကို ဆွဲကာ မြို့ထဲရှိ လန်ယာဘဏ်ခွဲများဆီသို့ စစ်ချီသလို အပြင်းအထန် ပြေးထွက်သွားကြတော့သည်။ ထိုမြင်ကွင်းကို ကြည့်နေသော အခြားကုန်သည်အဖွဲ့ကြီး သုံးခုမှ လူများမှာတော့ မျက်နှာများ စိမ်းဖန့်ကုန်ကြတော့သည်။