အခန်း (၃) ဧကရာဇ်မီးလျှံ သန့်စင်ခန္ဓာကိုယ်
"အား....ကျေနပ်လိုက်တာ"
ဝမ်မု၏ မျက်လုံးများမှာ တောက်ပနေပြီး သူသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်မိသည်။ အလွန်ပင် လန်းဆန်းတက်ကြွမှုကို ခံစားနေရသည်။
မျှော်လင့်ထားသည့်အတိုင်းပင်...
ကံကြမ္မာ၏သားတော်များနေရာအနှံ့ရှိနေပြီး ပါရမီရှင်များမှာ ခွေးများကဲ့သို့ ပေါများလှသည့် ဤမသေမျိုးလောကတွင် ပုံမှန်အတိုင်း ကျင့်ကြံနေပါက နောက်ခံလူသာ ဖြစ်သွားပေလိမ့် မည်။
ခိုးယူနည်းသုံးခြင်းကသာ လျှောက်လှမ်းရမည့် လမ်းစဉ်ပင်။
သို့သော် ထိုသို့ စိတ်လှုပ်ရှားနေသော်လည်း ဝမ်မုသည် ဝင့်ကြွားခြင်း သို့မဟုတ် ပျင်းရိခြင်း အလျဉ်းမရှိပေ။
အကြောင်းမှာ...
ကံကြမ္မာသားတော်များဟူသော ဇာတ်လိုက်အများအပြားက သူ၏ဦးခေါင်းပေါ်တွင် ဓားများသဖွယ် ချိတ်ဆွဲထားဆဲဖြစ်ပြီး အချိန်မရွေး ပြုတ်ကျလာနိုင်သောကြောင့်ပင်။
ထိုကံကောင်းခြင်းသားတော်များ၏ တိုးတက်မှုအရှိန်ကို ကြည့်လျှင်... သူတို့၏နတ်ဘုရားကျင့်စဥ်များ မည်သည့်အချိန်တွင်အထွတ်အထိပ်သို့ ရောက်ရှိပြီး သူ့ကိုသတ်ရန် တံခါးလာခေါက်မည်ကို မည်သူမှ မသိနိုင်ပေ။ သူသည် မိမိအသက်ဖြင့် မလောင်းကြေးမထပ်ဝံ့ပါ။ ထိုသို့စဉ်းစားရင်း ဝမ်မုသည် သူ၏ရင်ထဲမှ ပျော်ရွှင်မှုများကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။
ပိုက်ဆံသုံးရမည်။
ရင်းနှီးမြှုပ်နှံရမည်။
ဤသခင်လေးသည် အမြန်ဆုံးနှုန်းဖြင့် ပိုမိုသန်မာလာရန် လိုအပ်သည်။
"မလုံလောက်သေးဘူး" ကောင်းကင်ယံတွင်ပျံသန်းနေသော ရွှေတောင်ပံ ဂဠုန်ကိုကြည့်ပြီး ဝမ်မုက ရေရွတ်လိုက်သည်။
"ဝမ်ဖူကွေ့ တစ်ယောက်တည်းအပေါ်မှာပဲ မှီခိုနေလို့ မရဘူး။ ငါရင်းနှီးမြှုပ်နှံဖို့ လူတွေ ထပ်ရှာရမယ်။"
ဒါပေမဲ့ ဘယ်သူ့ကို ရှာရမှာလဲ ဝမ်မုက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။ "အခြေအနေဆိုးနေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်တဲ့သူ သိပ်မရှိဘူးပဲ"
ဩော်... ဟုတ်သားပဲ ငါ သူ့ကို ဘယ်လိုများ မေ့သွားရတာလဲ
လက်ရှိအခြေအနေအရ... အသင့်တော်ဆုံး ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်မှာ ခန္ဓာကိုယ်ပိုင်ရှင် ဟောင်း၏ချစ်သူကို လုယူပြီး အဆင့်နိမ့် အလုပ်သမားတပည့်အဖြစ် နှိမ့်ချထားခြင်း ခံရသည့် လင်းယန်ပင် ဖြစ်သည်။
၎င်းမှာ ရိုးရှင်းသော်လည်း ဂန္ထဝင်ဆန်သော ကံကြမ္မာသားတော်ပင် မဟုတ်ပါလော။
"ဒါပေမဲ့ ငါတို့ကြားက ရန်ငြိုးတွေနဲ့ဆိုရင် သူက ငါ့ရဲ့စေတနာကို လက်ခံဖို့ ခက်လိမ့်မယ်" ဝမ်မု ခေါင်းခဲသွားသည်။
ဘာပဲဖြစ်ဖြစ်... အရင်စမ်းကြည့်ရမည်။
ရင်းနှီးမြှုပ်နှံမှု မအောင်မြင်ရင်တောင်မှ တစ်ဖက်လူရဲ့ရန်ငြိုးကို အနည်းဆုံးတော့ လျှော့ချရမည်။
ဤကဲ့သို့သော အချိန်မျိုးတွင်... တခြားသူတွေအပေါ် ကြင်နာမှုပြပြီး တတ်နိုင်သမျှ ကံကြမ္မာအကြွေးတွေကို ဖြေရှင်းထားတာ အကောင်းဆုံးပင်။ မဟုတ်ပါက ကံကြမ္မာသားတော်များအားလုံးပေါင်းစည်းပြီး ရောက်လာသည့်အခါတွင် ဝမ်မု၌စနစ်ရှိနေသည့်တိုင် တောင့်ခံနိုင်မည် မဟုတ်ပေ။
"မှတ်ဉာဏ်တွေအရဆိုရင် လင်းယန်က အခု အပြင်ဘက်ပတ်ဝန်းကျင် ဧရိယာမှာရှိနေမှာပဲ"
ဝမ်မုသည် ခဏမျှစဉ်းစားပြီး ချက်ချင်း ထွက်ခွာခဲ့သည်။
မြောက်ပိုင်းအမှောင်ထုသန့်စင်နယ်မြေ။
၎င်းမှာ မြောက်ပိုင်းဒေသ၏အကြီးကျယ်ဆုံး သန့်စင်နယ်မြေ ၃ ခုအနက် တစ်ခုဖြစ်သည်။ မိုင်ပေါင်းသန်းနှင့်ချီသော ပင်လယ်ပြင်ကိုအုပ်ချုပ်သည်။ ၎င်းကို အဓိကဇုန်၊ အတွင်းဇုန်၊ အပြင်ဇုန်နှင့် ပတ်ဝန်းကျင်ဇုန်ဟူ၍ ခွဲခြားထားသည်။
ဝမ်မုသည် အထက်တန်းလွှာများနေထိုင်ရာ အဓိကဇုန်တွင် နေထိုင်သည်။
လင်းယန်မှာမူ...
ယခင်က အတွင်းဇုန်ရှိ ဂိုဏ်းဝင်ဖြစ်ခဲ့သော်လည်း ယခုအခါ အပြင်ဇုန်ရှိ ဘိယွန်းကျွန်းတွင် ဆေးဖက်ဝင်အပင်များကို ရေလောင်း၊ မြေဩဇာကျွေးကာ ပေါင်းသင်နေရသည့် ဆေးသမားတစ်ဦး ဖြစ်နေရှာသည်။
ယခုအချိန်တွင် ဘိယွန်းကျွန်းပေါ်ရှိ ဆေးခင်းတစ်ခု၌။
"အမှိုက်ကောင်"
"ဒီနေ့ ဆေးခင်း ဧက ၅၀ ကို ရေလောင်း၊ မြေဩဇာကျွေးတာ မင်းရဲ့အလုပ်ပဲ။"
"မှတ်တမ်းတင်တဲ့ပုံဆောင်ခဲက မင်းကို စောင့်ကြည့်နေတယ်။ မင်းသာ ပျင်းနေတာ ငါတွေ့လို့ကတော့ ရက်စက်တာ ဘာလဲဆိုတာ မင်းသိစေရမယ်" ခေါင်းကြီးကိုယ်ကြီးနှင့် ဝတုတ်နေသော မန်နေဂျာက အမြင့်စင်ပေါ်တွင်ရပ်ကာ ကြိမ်လုံးကို ဝှေ့ယမ်းရင်း အော်ဟစ်နေသည်။
ဆေးခင်းထဲတွင်...
စုတ်ပြဲနေသော အင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ပူပြင်းလှသော နေရောင်အောက်တွင် အညစ်အကြေးပုံးများကို ထမ်းကာ ရေလောင်းနေရသည်။ သူ၏ လက်မောင်းနှင့် ခြေထောက်များတွင် ကြိမ်ဒဏ်ရာများမှာ အထင်အသားရှိနေပြီး ကြည့်ရသည်မှာ ရင်နာစရာကောင်းလှသည်။
"ခွေးသူတောင်းစားတွေ"
"တိရစ္ဆာန်ကောင်တွေ"
လူငယ်က အညစ်အကြေးရေများကို လောင်းရင်း တိုးတိုးလေး ကျိန်ဆဲနေသည် "တစ်နေ့ကျရင် ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်။"
ဝုန်း~
လူငယ်မှာ ဒေါသထွက်နေစဉ် သူ၏ညာဘက်လက်ညှိုးရှိရိုးရှင်းသော လက်စွပ်လေးသည် တုန်ခါသွားပြီး ကြည်လင်သော စမ်းရေကဲ့သို့ စင်ကြယ်သော ဝိညာဉ်စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။
"ယန်အာ..."
ကြင်နာတတ်သော အဘိုးအိုတစ်ဦး၏အသံက လင်းယန်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မင်းရဲ့ကျင့်ကြံမှုနှလုံးသားကို အမုန်းတရားတွေနဲ့အဖျက်မခံပါနဲ့။ မင်းက သန့်စင်ခန္ဓာကိုယ် တစ်ခုကို နိုးထစေခဲ့ပြီးပြီ။ မင်းသာ ကြီးထွားလာရင် ဝမ်မိသားစုဆိုတာ ဘာမှမဟုတ်တော့ ဘူး။"
"အခုမင်းရဲ့အဓိကတာဝန်က စိတ်အေးအေးထားပြီး ကျင့်ကြံဖို့နဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်ဖို့ပဲ။"
လင်းယန်တယောက် မျက်လုံးကိုမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ပြန်ဖွင့် လိုက်သောအခါ မျက်လုံးထဲမှ အမုန်းတရားများကို ဖုံးကွယ်ထားလိုက်ပြီဖြစ်သည်။ "စိတ်ချပါ ဆရာ၊ တပည့် နားလည်ပါတယ်။"
"ဟဲဟဲ... ဝမ်မု၊ မင်း ငါ့ဆရာနဲ့တွေ့မယ်လို့ ဘယ်တုန်းကမှအိပ်မက်မက်မှာ မဟုတ်ဘူး။"
"ဆရာ့ရဲ့အကူအညီနဲ့ ငါ့ရဲ့ပျက်စီးသွားတဲ့ ဒန်ထျန်းကို ကုသနိုင်ခဲ့ရုံတင်မကဘဲ သန့်စင်ခန္ဓာကိုယ်ကိုပါနိုးထစေခဲ့တယ်။ နှစ်လအတွင်းမှာပဲ ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ အထိ ငါ ပြန်ရောက်လာပြီ။"
"ငါ တကယ်ကို မျှော်လင့်နေတယ် ကျင့်ကြံလို့မရတဲ့ အမှိုက်ကောင်ဖြစ်တဲ့ မင်းက အခုငါ့ကိုတွေ့ရင် ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲဆိုတာ"
ရှူးးးး
ထိုစဉ်မှာပင်...
နေသာနေသော ဆေးခင်းပေါ်တွင် အရိပ်မည်းကြီး လွှမ်းမိုးသွားသည်။ ဂဠုန်တစ်ကောင်၏ စူးရှသောအော်မြည်သံကတိမ်တိုက်များကို ဖောက်ထွက်လာရာ လူတိုင်း၏နှလုံးသားများ တုန်လှုပ်သွားကြသည်။
လင်းယန် မော့ကြည့်လိုက်သည်။
ကြီးမားသောနတ်ဘုရားဂဠုန်ကြီး၏ ဦးခေါင်းပေါ်တွင် ဝတ်စုံဖြူဝတ်ထားသည့် လူငယ်တစ်ဦး ရပ်နေသည်ကို သူမြင်လိုက်ရသည်။ ထိုသူ၏ အရှိန်အဝါမှာ ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သို့သော် လင်းယန်ကမူ ထိုသူကိုကြည့်ပြီး သွားကြိတ်ကာ မျက်လုံးများ နီမြန်းလာသည်။
သူပဲ
သူပဲ
ဒါ သူပဲ
လွန်ခဲ့သော သုံးနှစ်က သူ၏ချစ်လှစွာသော ယန်အာကို လုယူသွားခဲ့သည့် တိရစ္ဆာန်ကောင်။ သူ့ကိုအဆင့်မြင့်တပည့်ဘဝမှ ယခုကဲ့သို့ အနှိမ်ခံဆေးသမားဘဝသို့ရောက်အောင် လုပ်ခဲ့သည့် တိရစ္ဆာန်ကောင်။
"ဒီတိရစ္ဆာန်ကောင်က ဘာလို့ဒီကို ထပ်ရောက်လာတာလဲ ငါ့ကို အရှက်ခွဲတာ မလုံလောက် လို့ အမြစ်ပြတ်အောင် သတ်ဖို့လာတာလား"
"မဖြစ်နိုင်ဘူး အခု ငါ့ရဲ့အစွမ်းနဲ့ဆိုရင် သူ့ကိုပြန်မခုခံနိုင်သေးဘူး။ ဆရာကူညီရင်တောင် အောက်က ဂဠုန်ကြီးကို နိုင်ဖို့ခက်မယ်။"
"သည်းခံရမယ်! ငါ သည်းခံရမယ်"
"မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ ဆင်းရဲတဲ့လူငယ်ကို အထင်မသေးနဲ့"
ထိုသို့စဉ်းစားရင်း လင်းယန်သည် သူ၏ဒေါသကို မြိုသိပ်ကာ အတင်းအပြုံးလုပ်၍ ဝက်ဝံကဲ့သို့ မန်နေဂျာနှင့်အတူ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။
"သခင်လေး ကြွရောက်လာတာကို ကြိုဆိုပါတယ်"
ရှပ်~
ရွှေတောင်ပံဂဠုန်သည် အရွယ်အစားသေးငယ်သွားပြီး ဝမ်မုကို တည်ငြိမ်စွာ မြေပြင်ပေါ်သို့ ချပေးလိုက်သည်။
ထိုအချိန်တွင် ဝမ်မုသည်သူ၏ ရှေ့မှဇာတ်လိုက်လူငယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"အမလေး... ဒီကလေးက တကယ် သနားစရာကောင်းလိုက်တာ"
စုတ်ပြဲနေတဲ့ အင်္ကျီ၊ နေလောင်ထားတဲ့ အသားအရေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာတွေ။ ဒါက ဇာတ်လိုက်ရဲ့အဆောင်အယောင်မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ ကြေကွဲစရာ ဇာတ်လမ်းကြီး ဖြစ်နေသည်။
သို့သော် စနစ်၏ဖန်သားပြင်ပေါ်လာသောအခါ ဝမ်မု သေချာသွားသည် - ဤသူသည် တကယ့် ဇာတ်လိုက် စစ်စစ်ပင်။
ပါရမီ ထူးချွန်ရုံတင်မကဘဲ လက်ဆောင်အနေနဲ့ လက်စွပ်ထဲမှာအဘိုးကြီးတစ်ယောက်ပါ ပါသေးသည်။