အခန်း (၂၉) အုပ်ချုပ်ရေးမှူး ၁၀ ယောက်ကို ပျော်ပွဲရွှင်ပွဲအနေနဲ့ကခိုင်းလိုက်လေ
ဒါလျန်နန်းတော်ရှေ့တွင် ကျယ်ပြောလှသော မိုးတိမ်စင်မြင့်တစ်ခုကို တည်ဆောက်ထားသည်။
စင်မြင့်အောက်တွင်တော့ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသော လူအုပ်ကြီးမှာ ပင်လယ်ပြင်သဖွယ် ပြည့်နှက်နေသည်။ စင်မြင့်ထက်တွင်တော့ လူအများအာရုံစိုက်မိစေမည့် "လန်ယာ ပရဟိတ ဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား" ဟူသော စာသားပါသည့် နဖူးစည်းစာတန်းကြီးကို ချိတ်ဆွဲထားသည်။
အထက်တွင်တော့ ကုလားထိုင် ၁၂ လုံးကို လခြမ်းပုံစံ စီစဉ်ထားပြီး လူ ၁၂ ဦး ထိုင်နေကြသည်။
"ဟူး... အလယ်က ထိုင်နေတဲ့သူက..."
"လန်ယာကုန်သည်အဖွဲ့ကို တည်ထောင်သူ ဝေဘုရင်ရဲ့ ကြင်ယာတော် နာလန်မိသားစုရဲ့ ဘိုးဘေးဟောင်း နာလန်ရုံယွမ်ပဲ"
"သူက နှစ်ပေါင်းရာချီအောင် လူမြင်ကွင်းကနေ ပျောက်ကွယ်နေပြီး နောက်ကွယ်ကနေပဲ ထိန်းကျောင်းနေတာလေ၊ အခုဒီပရဟိတ ဖောင်ဒေးရှင်းအတွက်နဲ့ ကိုယ်တိုင် ထွက်လာတယ်ပေါ့"
"ဝမ်မိသားစုသခင်လေးက အချစ်ခံရဆုံးဆိုတာ တကယ်ပဲဟ"
"ကြည့်ဦး... အဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူး ၁၀ ယောက်လုံးလည်း ပါလာတယ်၊ တစ်ယောက်ချင်းစီက နယ်စားပယ်စားတွေလောက် အာဏာရှိပြီး လက်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ သန်းနဲ့ချီ ကိုင်တွယ်နေကြတဲ့သူတွေချည်းပဲ"
နာလန်ရုံယွမ်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ လူအုပ်ထဲရှိကုန်သည်အဖွဲ့ကြီးသုံးခု မှ လူများမှာ ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသလို မျက်နှာပျက်သွားကြသည်။ သူတို့က ဤဖောင်ဒေးရှင်းဆိုသည်မှာ ဝမ်သခင်လေး၏ အပျော်အပါး ကစားစရာတစ်ခုဟုသာ ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူး ၁၀ ဦးလုံးတက်ရောက်လာခြင်းက ဤအစီအစဉ်မှာ သာမန်မဟုတ်တော့ကြောင်း သက်သေပြနေသည်။
"အဖွား... အခုလို ကိုယ်တိုင် ကြွလာပေးလို့ တကယ် ကျေးဇူးတင်ပါတယ်" ဝမ်မုသည် နာလန်ရုံယွမ်၏ ဘေးတွင် ထိုင်ကာ သူမ၏လက်ကို ကျေးဇူးတင်စွာဖြင့် ဆုပ်ကိုင်ထားသည်။
နာလန်ရုံယွမ်က ဝမ်မု၏လက်ဖမိုးကို ချစ်ခင်စွာ ပုတ်ပေးရင်း - "ငါ့မြေးလေး မုအာ က တစ်ခုခု လုပ်ချင်တယ်ဆိုမှတော့ အဖွားက အစွမ်းကုန် ထောက်ခံရမှာပေါ့"
ထို့နောက် သူမက ရုတ်တရက် သတိရသွားဟန်ဖြင့် - "ဒီအတိုင်းထိုင်နေရတာ ပျင်းစရာကြီးလား ပွဲစည်သွားအောင် အုပ်ချုပ်ရေးမှူး ၁၀ ယောက်ကို စင်ပေါ်တက် ကခိုင်းလိုက်မလား"
ဝမ်မု: "..."
ရန်ဖင်းရှန်း : "......"
စီမားယွမ် : "....."
ဝမ်မုက အလျင်အမြန် လက်ကာပြသည် - "အဲဒါ... အဲဒါကတော့ တကယ် မလိုပါဘူး အဖွား"
နာလန်ရုံယွမ်က ခေါင်းငြိတ်ကာ - "ဟုတ်သားပဲ၊ သူတို့က ကလည်းကတတ်မှာ မဟုတ်ပါဘူး။ ဒါဆို စင်ပေါ်တက်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြတ်အသတ် ချခိုင်းလိုက်မလား လက်ရည်စမ်းပွဲဆိုရင်တော့ ဖြစ်နိုင်တယ်"
အုပ်ချုပ်ရေးမှူးများ: "....."
ဝမ်မု သက်ပြင်းတစ်ချက်ချကာ - "တကယ် မလိုပါဘူး အဖွား အခုလိုထိုင်ပေးနေတာနဲ့တင် ကျွန်တော့်အတွက် အများကြီးအထောက်အကူ ဖြစ်နေပါပြီ။ ဒါက တည်တည်ငြိမ်ငြိမ် လုပ်ရမယ့် အခမ်းအနားမို့လို့ပါ"
"ဥက္ကဋ္ဌ၊ သခင်လေး... မင်္ဂလာရှိတဲ့ အချိန်ကျရောက်ပါပြီ" လီယွမ်ဟွာက ရိုသေစွာ လာရောက် သတင်းပို့သည်။
"အင်း ဒါဆို ကျွန်တော် သွားတော့မယ်နော် အဖွား"
ဝမ်မုသည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူသည် အထူးတလည် ပြင်ဆင်ဝတ်ဆင်ထားခြင်း မရှိသော်လည်း သူ၏ဝတ်စုံမှာ ခန့်ညားထည်ဝါနေဆဲပင်။ အဖြူစပ်အပြာရောင် ဝတ်ရုံပေါ်တွင် ရွှေရောင် နဂါးအကြေးခွံများ ပန်းထိုးထားပြီး၊ ခါးတွင် ဝိညာဉ်ကျောက်ဆောင်လေးများ စီခြယ်ထားသော ခါးပတ်ကို ပတ်ထားသည်။
နေရောင်အောက်တွင် ရပ်နေသော ဝမ်မုမှာ တောက်ပနေသကဲ့သို့ ခံစားရသည်။ သူ စင်မြင့်ရှေ့သို့ ထွက်လာသည်နှင့် ဆူညံသံများ ငြိမ်ကျသွားပြီး လူပေါင်းများစွာ၏ အကြည့်မှာ သူ့ထံသို့ ရောက်ရှိလာသည်။
ဝမ်မုက အပိုစကားများ မပြောဘဲ တိုက်ရိုက်ပင် စတင်လိုက်သည် "မကြာသေးခင်က ကျွန်တော့်ရဲ့ လန်ယာကုန်သည်အဖွဲ့က... အမြတ်အနည်းငယ်ရခဲ့တာကို အားလုံး သိကြမှာပါ"
"ထျန်းကျွယ်ကျွန်းကဘဏ်ခွဲမှာ ပြီးခဲ့တဲ့လက ဝင်ငွေ နည်းနည်း တက်လာခဲ့ပါတယ်"
ထိုစကားကြောင့် လူအုပ်ထဲရှိကုန်သည်အဖွဲ့ကြီး သုံးခုမှ လူများမှာ နှုတ်ခမ်းများ တွန့်သွားကြသည်။ အမြတ်အနည်းငယ် ဝင်ငွေနည်းနည်း မင်းမှာ ရှက်ကြောမရှိဘူးလား ပိုက်ဆံတွေ ရေတွက်ရလွန်းလို့ မင်းလက်တွေတောင် နာနေမှာပေါ့။
တောက်
"ပိုက်ဆံရတာ ကောင်းတဲ့အရာမို့ ကျွန်တော် ပျော်ရမှာ ဖြစ်ပေမဲ့... ဒီတစ်ခါတော့ ကျွန်တော် စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒီချမ်းသာကြွယ်ဝမှုတွေဟာ ပစ္စည်းတွေရဲ့ တန်ဖိုးကြောင့်တင် မဟုတ်ဘဲ၊ ကျင့်ကြံခြင်းလောကက လန်ယာအပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုတွေကြောင့် ဖြစ်လို့ပါ"
"လန်ယာကုန်သည်အဖွဲ့ဟာ အများအကျိုးကို ရှေးရှုတဲ့၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ကုန်သည်အဖွဲ့ ဖြစ်လာဖို့ အမြဲရည်မှန်းထားပါတယ်"
ရန်ဖင်းရှန်းက နာလန်ရုံယွမ်ကို ကြောင်ကြည့်ကာ တိုးတိုးလေး မေးသည် - "ဥက္ကဋ္ဌကြီး... ကျွန်တော်တို့မှာ အဲဒီလို ရည်မှန်းချက် ရှိလို့လား"
စီမားယွမ်ကလည်း မှင်သက်လျက် - "ဟုတ်တယ်... ကျွန်တော်တို့ရဲ့ မူလပန်းတိုင်က ပိုက်ဆံရဖို့ပဲ မဟုတ်လား"
နာလန်ရုံယွမ်က မျက်စောင်းထိုးကာ - "ငါ့မြေးက ရှိတယ်ဆိုရင် ရှိတာပဲ! အရင်က မရှိရင်တောင် အခုကစပြီး ရှိလာပြီ"
ဝမ်မုက ဆက်ပြောသည် - "ဒါကြောင့် ကျွန်တော်တို့ လန်ယာပရဟိတဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပါပြီ ဖောက်သည်တွေ လန်ယာမှာ ဝိညာဉ်ကျောက်တုံး ၁၀၀ သုံးတိုင်း၊ ကျောက်တုံး ၁ တုံးကို ရန်ပုံငွေထဲ ထည့်ဝင်သွားမှာပါ။ ဒီရန်ပုံငွေကို နတ်ဘုရားတင်မြှောက်ခြင်းပွဲတော် ကျင်းပဖို့၊ ဆင်းရဲသားတွေကို ကူညီဖို့နဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ အသုံးပြုသွားမှာပါ"
လူအုပ်ထဲမှ ဖုန်လိုင်ကုန်သည်အဖွဲ့ မှ မန်နေဂျာလျိုက လှောင်ပြုံးပြုံးလိုက်သည် - "ပိုက်ဆံတွေ ရမ်းဖြုန်းပြီး တစ်လောကလုံးကို အကျိုးပြုမယ်ပေါ့ လန်ယာမှာ ဘယ်လောက်ပဲပိုက်ဆံရှိရှိ သူဖြုန်းတာနဲ့တင် ကုန်မှာပဲ"
စီဟိုင်ကုန်သည်အဖွဲ့ မှ အုပ်ချုပ်ရေးမှူးကျန်းကလည်း ထောက်ခံသည် - "ကျင့်ကြံသူတွေဆိုတာ ကိုယ်ကျိုးပဲ ကြည့်ကြတာလေ။ ဘယ်သူက သူများအတွက် ပရဟိတလုပ်ပေးမှာကို ဂရုစိုက်လို့ လန်ယာမှာ လာဝယ်မှာလဲ စိတ်ကူးယဉ်နေတာပဲ"
ထိုစဉ် ဝမ်မု၏ အသံမှာ စင်မြင့်ထက်မှ ဟိန်းထွက်လာပြန်သည် - "ကျွန်တော်တို့ ဖောင်ဒေးရှင်းကို အစပိုင်းမှာအများဆုံး ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်တဲ့အနေနဲ့... ကျွန်တော်တို့ ဥက္ကဋ္ဌကြီးကိုယ်တိုင် ဂုဏ်ထူးဆောင် လက်မှတ်တွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်"
"ပထမဆုံးအနေနဲ့... လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါဦး"
"ကိုးပါးသူရိယဂိုဏ်းရဲ့ ဂိုဏ်းချုပ် မသေမျိုးဆရာကြီး ရန်ကျူးကျိ"