အခန်း (၂၈) - လန်ယာပရဟိတ ဖောင်ဒေးရှင်း
ရန်ဖင်းရှန်းသည် ကုန်သည်အဖွဲ့ ဌာနချုပ်မှ ထျန်းကျွယ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ သူလာရခြင်း၏အဓိက ရည်ရွယ်ချက်မှာ ဤစီရင်စု၏ တာဝန်ခံတစ်ဦးအနေဖြင့် ကျွန်းပေါ်ရှိ လန်ယာ ကုန်သည်အဖွဲ့ ဘဏ်ခွဲများမှ မန်နေဂျာများနှင့် ဝန်ထမ်းများကို ဆုချီးမြှင့်ရန် ဖြစ်သည်။
သူ့အမြင်တွင်တော့... ဝမ်မုက နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို ကျင်းပပေးခဲ့၍ ဖောက်သည်များက လန်ယာအပေါ် အမြင်ကောင်းသွားသည်မှာ မှန်သော်လည်း၊ ပြီးခဲ့သည့်လက ဝင်ငွေအဆမတန် တက်လာခြင်းမှာ ဆိုင်ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည်။
သို့သော်လည်း... သူ ဘဏ်ခွဲမန်နေဂျာများနှင့် တွေ့ဆုံသောအခါ လူတိုင်း၏ အဖြေမှာ တစ်သမတ်တည်း ဖြစ်နေသည်။
“ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ အကုန်လုံးက သခင်လေးရဲ့ ကျေးဇူးတွေပါ”
ရန်ဖင်းရှန်းက အစပိုင်းတွင်မယုံကြည်ခဲ့ပေ။ ဤမန်နေဂျာများမှာ သခင်လေးကို ဖော်လံဖားနေကြခြင်းသာ ဖြစ်မည်ဟု သူ ထင်ခဲ့သည်။
သို့သော်လည်း “လုယက်ဝယ်ယူမှု” မြင်ကွင်းကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါတွင်မူ သူ ဆွံ့အသွားတော့သည်။
သူကိုယ်တိုင်လည်း အောက်ခြေမှတက်လာသူဖြစ်သော်လည်း စီးပွားရေးလုပ်ရသည်မှာ ဤမျှ လွယ်ကူလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
ဖောက်သည်များမှာ ပစ္စည်းဝယ်ရန် လာခြင်းမဟုတ်ဘဲ ဆိုင်ရှိစင်ပေါ်က ပစ္စည်းမှန်သမျှကို သိမ်းကျုံးယူရန် လာခြင်းနှင့်ပင် တူနေသည်။ မိမိတို့အတွက် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အရင်ဝယ်ထားကြခြင်း ဖြစ်သည်။
ထိုအခါမှ ရန်ဖင်းရှန်းသည် နာလန်ရုံယွမ်ပြောခဲ့သည့် “သခင်လေးက ငါတို့ကို သင်ခန်းစာပေးလိုက်တာပဲ” ဆိုသည့် စကားကို အမှတ်ရသွားတော့သည်။
“ဒီပိုက်ဆံတွေက မြန်မြန်ရသလောက်၊ စိတ်မကောင်းစရာကတော့ ရေရှည်မခံဘူး”ဝမ်မုက စာရင်းစာအုပ်ထဲက ကိန်းဂဏန်းကြီးများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ရန်ဖင်းရှန်းက မျက်လုံးလေး မှေးလိုက်ကာ - “အို... ဘာလို့ပါလဲ” ဟု မေးသည်။
“ဂိုဏ်းကြီးတွေက ပါရမီရှင်တွေရှာပေးလို့ ငါ့ကို ကျေးဇူးတင်ပြီးပိုက်ဆံတွေ အများကြီး သုံးနေကြတာက တစ်ကြိမ်တစ်ခါပဲ ရှိမှာလေသူတို့ အခုတစ်ခေါက် ပစ္စည်းတွေ အကုန်ဝယ်ပြီးသွားရင် နောက်နှစ်တွေမှာ ဒီလို ပစ္စည်းမျိုးတွေ ထပ်လိုမှာ မဟုတ်တော့ဘူး”
ဝမ်မုက ရှေ့ဆက်ပြောသည် - “ဒါ့အပြင် နောက်ထပ် အားနည်းချက်တစ်ခု ရှိသေးတယ်”
“ဘာအားနည်းချက်လဲခင်ဗျာ” ရန်ဖင်းရှန်းက မေးသည်။
“အစပိုင်းမှာ ဝယ်ကြတဲ့သူတွေက ကျေးဇူးတရားကြောင့်ရော၊ ငါ့ကို ကြောက်တာကြောင့်ရော ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရှိန်အဟုန်က ပိုကြီးလာရင် နောက်က လိုက်ဝယ်တဲ့သူတွေရဲ့ စိတ်ထဲမှာ ကျေးဇူးတရားက လျော့နည်းသွားပြီး အတင်းအကျပ်လုပ်ခံရတယ်ဆိုတဲ့ ခံစားချက် ဝင်လာလိမ့်မယ်။
လူတိုင်းကလန်ယာမှာ ဝယ်နေကြတာ ငါတို့မသွားရင်ဝမ်မိသားစု သခင်လေးကို စော်ကားရာ ရောက်မလားဆိုပြီး စိုးရိမ်စိတ်နဲ့ မလိုအပ်ဘဲ လာဝယ်ကြတာမျိုးပေါ့။ အချိန်ကြာလာရင် ကျေးဇူးတရားအစား မကျေနပ်မှုတွေပဲ စုပုံလာလိမ့်မယ်။ ဒါက ကုန်သည်အဖွဲ့အတွက် မကောင်းဘူး”
ရန်ဖင်းရှန်း၏မျက်လုံးများမှာ တိမ်တိုက်ကြားမှ နေရောင်ခြည် ထွက်လာသကဲ့သို့ တောက်ပသွားသည်။ လန်ယာကုန်သည်အဖွဲ့၏ အုပ်ချုပ်ရေးမှူးကြီး တစ်ဦးအနေဖြင့် ဤအချက်ကို သူမစဉ်းစားမိဘဲ မနေပေ။ သို့သော် သူ အံ့ဩရသည်မှာ ဝမ်မု၏ အရွယ်ပင် ဖြစ်သည်။ ဝမ်မုသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး စီးပွားရေးလောကတွင်လည်း တစ်ခါမှ မကျင်လည်ဖူးဘဲ ဤမျှ အမြော်အမြင် ရှိနေခြင်းမှာ သူ့ကို အလွန် အံ့အားသင့်စေခဲ့သည်။
“ဒါဆို သခင်လေးစိုးရိမ်စရာ မလိုပါဘူး။ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်က နှစ်တိုင်း လုပ်လို့ရတာမှ မဟုတ်တာ။ အချိန်ကြာသွားရင် လူတွေရဲ့စိတ်ထဲက ဒါတွေက ပျောက်သွားမှာပါ” ဟု ရန်ဖင်းရှန်းက ဆိုသည်။
ဝမ်မုက ခေါင်းခါကာ - “မဟုတ်ဘူး၊ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချလို့ရတယ်လို့ ငါ ခံစားရတယ်”
ရန်ဖင်းရှန်း ကြောင်သွားသည် - “ဘာအခွင့်အရေးလဲခင်ဗျာ”
ဝမ်မုက “ငါတို့ ဒီအခွင့်အရေးကို သုံးပြီး လန်ယာ ပရဟိတဖောင်ဒေးရှင်းကို တည်ထောင်ကြမယ်ဖောက်သည်တွေ လန်ယာကုန်သည်အဖွဲ့မှာ ဝိညာဉ်ကျောက်တုံး ၁၀၀ သုံးတိုင်း၊ ဝိညာဉ်ကျောက်တုံး ၁ တုံးကို ပရဟိတ ရန်ပုံငွေထဲ လှူဒါန်းမယ်လို့ ကြေညာလိုက်မယ်”
“ပရ... ပရဟိတ ဖောင်ဒေးရှင်း” ရန်ဖင်းရှန်းမှာ ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
“ရိုးရိုးရှင်းရှင်း ပြောရရင်တော့... ကပ်ဘေးတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို အခြေခံပစ္စည်းတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေနဲ့ ထောက်ပံ့ကူညီပေးမယ့် အဖွဲ့အစည်းပေါ့” ဝမ်မုက ပြုံးလျက် ရှင်းပြသည်။
ရန်ဖင်းရှန်းက ခဏစဉ်းစားပြီးနောက် - “ဒါဆိုရင် နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကလည်း ဒီပရဟိတ ရန်ပုံငွေရဲ့ အကူအညီထဲမှာ ပါဝင်တာပေါ့ ဟုတ်လား”
ဝမ်မုက လက်မထောင်ပြကာ - “အကြီးအကဲရန်ကတော့ တကယ့်ကို ကုန်သည်အဖွဲ့ရဲ့ ဒေါက်တိုင်ကြီးပဲ၊ ချက်ချင်း နားလည်တာပဲ”
ရန်ဖင်းရှန်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိသည်။ သူ နားလည်သွားပြီ။ အနှစ်ချုပ်ပြောရလျှင် ကျင့်ကြံသူများဆီမှ ရသော အမြတ်၏ တစ်ရာခိုင်နှုန်းကိုယူကာ ပရဟိတလုပ်ပြီး နာမည်ကောင်းယူခြင်း ဖြစ်သည်။ ဤနည်းဖြင့် ကုန်သည်အဖွဲ့၏ ဂုဏ်သိက္ခာမှာ အလွန်တက်လာမည်ဖြစ်ပြီး ရေရှည်တွင် အမြတ်လည်း ပိုထွက်လာပေလိမ့်မည်။
ရန်ဖင်းရှန်းက လေးစားစွာဖြင့် - “သခင်လေးရဲ့ အစီအစဉ်က တကယ့်ကို ထူးချွန်လှပါတယ်။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကျွန်တော်မျိုး တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ ဥက္ကဋ္ဌကြီးနဲ့ အုပ်ချုပ်ရေးမှူး ၁၀ ဦး အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ရမှာပါ”
နှစ်ရက်အကြာတွင်...
ရန်ဖင်းရှန်းသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ထျန်းကျွယ်ကျွန်း သို့ ပြန်ရောက်လာသည်။ သူ၏ ပုံစံကိုကြည့်ရုံနှင့် ကိစ္စမှာ အောင်မြင်သွားပြီဖြစ်ကြောင်း ဝမ်မု သိလိုက်သည်။
နောက်တစ်နေ့တွင် ထျန်းကျွယ်ကျွန်း တစ်ခုလုံး သတင်းပြန့်သွားတော့သည် -
“လန်ယာ ပရဟိတ ဖောင်ဒေးရှင်း” ကို ဒါလျန်မြို့တော်တွင် တရားဝင် တည်ထောင်တော့မည်ဖြစ်ပြီး၊ အင်အားစုအားလုံးကို အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည် ဟူ၍ ဖြစ်သည်။
“ပရဟိတ ဖောင်ဒေးရှင်း အဲဒါက ဘာကြီးလဲ”
“တစ်ခါမှ မကြားဖူးဘူး။ ငါတို့နဲ့ ဘာဆိုင်လို့လဲ”
တစ်ချိန်တည်းမှာပင်...
ဇိမ်ခံအခန်းတစ်ခုအတွင်း၌ ဖုန်လိုင်နှင့် စီဟိုင်ကဲ့သို့သော အခြား ကုန်သည်အဖွဲ့ကြီးများ၏ ခေါင်းဆောင်များ စုဝေးနေကြသည်။
ဖုန်လိုင်ကုန်သည်အဖွဲ့မှ မန်နေဂျာလျိုက မျက်မှောင်ကြုတ်ကာ - “ဝမ်မိသားစု သခင်လေးက ဘာတွေ ထပ်လုပ်ဦးမလို့လဲ အရင်က ပွဲတော်လုပ်တုန်းကလည်း ငါတို့ စီးပွားရေးတွေ အကုန် ထိခိုက်ကုန်ပြီ။ အခု ဒီဖောင်ဒေးရှင်းဆိုတာကကော ဘာအတွက်လဲ”
သူက ဆက်ပြောသည် - “ရန်သူလာရင် စစ်သူကြီးနဲ့ တားမယ်၊ ရေလာရင်မြေနဲ့ တားမယ် ငါတို့ကုန်သည်အဖွဲ့ကြီးတွေအကုန် ပေါင်းလိုက်ရင် မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ငါတို့ကိုယှဉ်နိုင်တဲ့သူ မရှိဘူး အဲဒီဝမ်သခင်လေး ဘာတွေပဲ ကစားကစား ငါတို့ကြောက်စရာ မလိုဘူး”
“ဟုတ်တယ်”
“သွားကြည့်ကြတာပေါ့”