အခန်း (၂၇) - အရိပ်ဂိုဏ်း
ခြံဝင်းရှေ့တွင် မက်မွန်တောအုပ်လေး တစ်ခုရှိသည်။ လေပြေတစ်ချက်အဝေ့တွင် ပန်းပွင့်လေးများမှာ မိုးပက်သလို တဖွဲဖွဲ ကြွေကျနေသည်။
ပန်းပွင့်ဖတ်များ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် လူနှစ်ဦးလက်ချင်းတွဲကာ လမ်းလျှောက်နေကြသည် - အမျိုးသားက ခန့်ညားထည်ဝါပြီး အမျိုးသမီးက တောက်ပလှပလွန်းလှသည်။ မြင်ရသူတိုင်းက မသေမျိုးစုံတွဲတစ်တွဲဟု ချီးကျူးရမည့် မြင်ကွင်းပင်။
"အပြင်ထွက်လာတာနဲ့ ဒီလိုအလှအပမျိုး မြင်ရတာ တကယ့်ကို ကံကောင်းတာပဲ" အမျိုးသမီးက ကြွေကျနေသော မက်မွန်ပွင့်လေးများကို ကြည့်ကာ မျက်လုံးလေးများ တောက်ပနေသည်။
"ဒီမက်မွန်တောကမှ ပိုပြီးကံကောင်းတာပါ" ထန်ချန်က ပြုံးလျက် ပြန်ဖြေသည် - "သူတို့ရဲ့ နောက်ဆုံးပွင့်တဲ့အချိန်မှာ မင်းလို အလှလေးကို မြင်တွေ့ရတာသူတို့ဘဝအတွက် မနှမြောတော့ပါဘူး"
ချိုးရှန်းယွဲ့ ၏ ပါးပြင်လေးများ နီမြန်းသွားပြီး - "မောင်ကတော့ မြှောက်ပင့်ပြန်ပြီ"
ထန်ချန်၏အကြည့်မှာ နူးညံ့နေဆဲပင် - "မောင့်စကားတွေက အမှန်တွေပါ၊ မောင် မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"
သူမသည် ပျော်ရွှင်စွာဖြင့် သူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မော့ကြည့်ကာ - "မောင်... ထျန်းကျွယ်ကျွန်းမှာ လန်ယာကုန်သည်အဖွဲ့ရဲ့ သခင်လေးနဲ့ ပတ်သက်ပြီး ပြဿနာတချို့ ရှိနေတယ်လို့ ကြားတယ်၊ ဟုတ်လား"
ထန်ချန်၏အပြုံးမှာ ခဏတာ တုန့်ဆိုင်းသွားသော်လည်း အသံကို တည်ငြိမ်အောင် ထိန်းထားသည် - "ဟုတ်တယ်၊ အဲဒီ ဝမ်မုက ကျွန်းပေါ်မှာ ပိုက်ဆံတွေရမ်းဖြုန်းနေရင်းနဲ့ ကံကောင်းထောက်မစွာ ကုန်သည်အဖွဲ့ရဲ့အမြတ်ကို အဆမတန် တိုးအောင် လုပ်လိုက်နိုင်တယ်လေ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ဒီလိုအရာတွေက ရေရှည်မခံပါဘူး"
ချိုးရှန်းယွဲ့က ခေါင်းငြိတ်ကာ - "မောင့်ရဲ့ အရည်အချင်းကို ယုံပါတယ်။ မောင့်မိသားစုရဲ့ ကိစ္စတွေမှာ တစ်ခုခု အကူအညီလိုရင် ပြောပါ၊ ကျွန်မရဲ့ အဖေက ကူညီပေးပါလိမ့်မယ်"
ထန်ချန်က သူမ၏လက်ကိုဆုပ်ကိုင်ကာ အလွန်ပင် စိတ်လှုပ်ရှားသွားဟန်ပြသည် - "မင်းလို ဇနီးမျိုးရှိတာ မောင့်အတွက် ဘာမှ မလိုတော့ပါဘူး"
ခဏအကြာတွင် ထန်ချန်သည် အခန်းထဲသို့ ပြန်ရောက်သောအခါ သူ၏အကြည့်များမှာ အေးစက်သွားတော့သည်။ သူသည် နံရံပေါ်ရှိ ပန်းချီကားထဲသို့ မှော်အစွမ်းတစ်ချက် ထည့်လိုက်ရာ လမ်းကြောင်းတစ်ခု ပေါ်လာသည်။
လမ်းကြောင်း၏အဆုံးတွင် ရှေးဟောင်း ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ သူက ကျိန်စာတစ်ခု ရွတ်လိုက်သောအခါ မီးခိုးများထဲမှ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ထွက်လာသည်။
"မင်းရဲ့ပစ်မှတ်ကို ငါတို့ ရှာတွေ့ပြီ" ဟု ထိုပုံရိပ်က အက်ကွဲကွဲ အသံဖြင့် ပြောသည်။
"ပြောစမ်း" ထန်ချန်က အမိန့်ပေးလိုက်သည်။
"အဲဒီကောင်မလေးက ထျန်းကျွယ်ကျွန်းကနတ်ဘုရားတင်မြှောက်ခြင်းပွဲတော်မှာ ပေါ်လာခဲ့တယ်။ အခုတော့ ဝမ်မိသားစု သခင်လေးက ခေါ်သွားပြီး ဒါလျန်နန်းတော်ထဲမှာ ဝှက်ထားတယ်"
ထန်ချန် မျက်မှောင်ကြုတ်သွားသည် - "သေချာလား မြောက်ပိုင်းရဲ့အကြီးဆုံး လူသတ်ဂိုဏ်း သုံးခုထဲက တစ်ခုဖြစ်တဲ့ အရိပ်ဂိုဏ်းက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်မလေး တစ်ယောက်ကိုတောင် မဖမ်းနိုင်ဘူးလား"
ထိုပုံရိပ်က ခဏငြိမ်သွားပြီး - "အလုပ်ရှင်... မင်းစကားတွေက နည်းနည်း ရိုင်းလှချည်လား"
"အဲဒီကောင်မလေး သေကိုသေရမယ်" ထန်ချန်က အေးစက်စွာ ဆိုသည်။
"အရင်တစ်ခါ အမှားအယွင်းအတွက် ငါတို့ လျှော့ဈေးပေးမယ်။"
"ဈေးနှုန်းက ဘယ်လောက်လဲ"
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးသန်း ၈၀"
"......"
ထန်ချန်၏ မျက်လုံးများ ပြူးထွက်သွားသည် - "မင်းတို့ရူးနေတာလား အဲဒီကောင်မလေးရဲ့ တစ်မိသားစုလုံးကို သတ်ဖို့ငါပေးခဲ့တာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းပဲလေ သန်း ၈၀ ဆိုတာ ငါ့အသက်ထက်တောင် တန်ဖိုးရှိသေးတယ်"
"အခြေအနေတွေ ပြောင်းသွားပြီလေ။ အခု သူက ဝမ်သခင်လေးနဲ့ ရှိနေတာ။ သူ့ကို သတ်ဖို့က ဝမ်မုကို သတ်ဖို့ ကြိုးစားတာလောက်ကို ခက်ခဲသွားပြီ။
သူ့နားမှာဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ပညာရှင် နှစ်ယောက်ကပေါ်တင် စောင့်ရှောက်နေသလို အရိပ်ထဲမှာ ဘယ်နှစ်ယောက် ရှိနေဦးမလဲ မသိဘူး။ ငါတို့ တောင်းတဲ့ဈေးက တော်တော်လေး သင့်တင့်နေပါပြီ"
ထန်ချန်မှာ ဆဲရေးတိုင်းထွာကာ ယဇ်ပလ္လင်ကို ပိတ်ပစ်လိုက်သည်။ သူသည် ဝမ်မု၏ပုံတူရုပ်ကလေးကို ထုတ်ကာ မှော်အစွမ်းဖြင့် ထိုးနှက်ရင်း ဒေါသဖြေနေတော့သည် - "ဝမ်မု ဝမ်မု အမြဲတမ်း မင်းပဲ တောက်"
စိတ်အေးသွားသောအခါ သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ သတင်းပို့လိုက်သည် - "ငါ အရင်က ပြောခဲ့တဲ့ အစီအစဉ်ကို စဉ်းစားပြီးပြီလား ငါတို့လက်တွဲပြီး လန်ယာကုန်သည်အဖွဲ့ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ကြစို့"
တစ်ချိန်တည်းမှာပင်။
ဒါလျန်မြို့တော်၊ နန်းဆောင်အတွင်း၌ ရန်ဖင်းရှန်း သည် စာရင်းများကို စစ်ဆေးနေသော ဝမ်မုကို ကြည့်ရင်း စိတ်ထဲတွင် တစ်မျိုး ခံစားနေရသည်။
"ကောင်းတယ်" ဝမ်မုက စာအုပ်ကို ပိတ်ကာ ကျေနပ်စွာ ပြောသည် - "ဒီမှာ စီးပွားရေး တိုးတက်နေတာက အုပ်ချုပ်ရေးမှူး ရန်ရဲ့ ကြိုးစားမှုကြောင့်ပဲ"
ရန်ဖင်းရှန်းက အလျင်အမြန် ငြင်းဆိုသည် - "မဟုတ်ပါဘူး သခင်လေး၊ ဒါက သခင်လေးရဲ့ မြင့်မြတ်တဲ့လုပ်ရပ်တွေကြောင့် ရရှိတဲ့ ရလဒ်တွေပါ" သူက လက်စွပ်တစ်ခုကို ကမ်းပေးသည် - "ဒါက ဥက္ကဋ္ဌပေးလိုက်တဲ့ ဆုလာဘ်ပါ၊ ဒါက သခင်လေးနဲ့ပဲ ထိုက်တန်ပါတယ်"
ဝမ်မုက သူ့ကိုကြည့်ကာ ရယ်မောလိုက်သည် - "အုပ်ချုပ်ရေးမှူး ရန်... ခင်ဗျားက ကုန်သည်တစ်ယောက်နဲ့ မတူဘူးပဲ"
"ဒါနဲ့ ဆန့်ကျင်ဘက်ပါ" ရန်ဖင်းရှန်းက လေးလေးနက်နက် ပြန်ပြောသည် - "ကျွန်တော်မျိုးက ကိုယ်နဲ့ ထိုက်တန်တာကိုပဲ ယူတတ်လို့ပါ။ အဲဒါမှ စိတ်အေးလက်အေး နေနိုင်မှာမို့လို့ပါ"