အခန်း (၂၄) လူတိုင်း ရူးသွပ်ကုန်ကြပြီ
ဆိုင်မန်နေဂျာမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူ့စိတ်ထဲတွင်တော့ ဝမ်မိသားစု သခင်လေးက လန်ယာ ကုန်သည်အဖွဲ့ ရဲ့သခင်လေးလည်း ဖြစ်တယ်ဆိုတာ တစ်လောကလုံး သိတာပဲမဟုတ်လား" ဟု တွေးနေမိသည်။ ကုန်သည်အဖွဲ့ ဥက္ကဋ္ဌက သခင်လေးကို ဘယ်လောက် အလိုလိုက်သလဲဆိုသည်မှာ လူတိုင်းသိသည်။ သူ လိုချင်သမျှ အကုန်ပေးသည်။ လန်ယာကုန်သည်အဖွဲ့၏ ပိုက်ဆံမှာ သခင်လေး၏ ပိုက်ဆံပင် မဟုတ်ပါလား။ အမြတ်ခွဲနေစရာတောင် လိုလို့လား။
သို့သော် ကုန်သည်တစ်ဦး၏ အာရုံခံစားမှုအရ ဤလူများမှာ ပြဿနာရှာရန် လာသူများ မဟုတ်ကြောင်း သူ ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက ခေါင်းငြိတ်ကာ - "ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ" ဟု ဖြေလိုက်သည်။
ထိုစကားအဆုံးတွင် -
လူအုပ်ကြီးက တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည် - "ဒါဆိုရင်တော့ မင်းတို့ဆိုင်မှာပဲ ဝယ်မယ်"
"သူဌေး... ငါ့ကို ဝတ်ရုံ သုံးထည်နဲ့ အဆင့်နိမ့် ဝိညာဉ်ခြေစွပ် နှစ်စုံပေး၊ လဲစီးမလို့"
"ငါ့ကိုတော့ အဆင့်နိမ့် မှော်လက်နက်အခု ၂၀ ပေး ငါတို့ဂိုဏ်းက လူသစ်တွေရထားလို့ အကုန် တပ်ဆင်ပေးရမယ်"
"ငါလည်း အခု ၂၀ လိုချင်တယ်"
"ငါကတော့..."
ခဏချင်းမှာပင် ဆိုင်အတွင်း၌ ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။ မှော်လက်နက်များ၊ ဝတ်ရုံများ၊ ဆေးလုံးများမှာ ဟင်းသီးဟင်းရွက်များသဖွယ် အလုအယက် အဝယ်ခံလိုက်ရသည်။
အချို့ပစ္စည်းများမှာ မလောက်ငတော့သဖြင့် လူနှစ်စုမှာ ရန်ပင်ဖြစ်တော့မလို ဖြစ်သွားသည်။
ဆိုင်မန်နေဂျာက ဆိုင်စောင့် ပညာရှင်များကို ခေါ်တော့မည့်ဆဲဆဲမှာပင် လူအုပ်ထဲမှ တစ်ယောက်က "ဒါ ဝမ်သခင်လေးရဲ့ဆိုင်ကွ၊ သခင်လေးရဲ့ ဆိုင်ကို မဖျက်ဆီးကြနဲ့" ဟု အော်လိုက်သောအခါ ရန်ပွဲမှာ ချက်ချင်း ရပ်တန့်သွားသည်။
လူအုပ်ကြီးမှာ ဒီလှိုင်းလုံးကြီးသဖွယ် ဝင်လာပြီး၊ ဒီလှိုင်းလုံးကြီးသဖွယ် ပြန်ထွက်သွားကြသည်။
မန်နေဂျာမှာ ယနေ့ ဘယ်လို လာဘ်နတ်မင်းကြီးများ ကြွလာသလဲဟု တွေးတောနေစဉ်မှာပင် ဆိုင်ရှေ့၌ နောက်ထပ် လူအုပ်ကြီး ရောက်လာပြန်သည်။
ကျင့်ကြံသူ ဆယ်ဂဏန်းခန့် တိုးဝှေ့ဝင်လာပြီး - "ဒီဆိုင်က ဝမ်မိသားစုသခင်လေးရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာဟုတ်ပါသလား" ဟု မေးသည်။
မန်နေဂျာက အလျင်အမြန် ခေါင်းငြိတ်ပြသည် - "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"
"အပေါင်းအသင်းတို့... ဒီနေရာပဲဟေ့၊ စဝယ်ကြစို့"
မကြာမီ ထိုအုပ်စု၏ ဝယ်ယူမှုလည်း ပြီးဆုံးသွားသည်။ ဆိုင်တစ်ခုလုံးမှာ ဓားပြတိုက်ခံရသလိုပင် ဘာမှ မကျန်တော့ပေ။ မန်နေဂျာမှာ သူ့ရှေ့က ဝိညာဉ်ကျောက်တုံး တောင်ပုံရာပုံကို ကြည့်ပြီး အံ့ဩဝမ်းသာ ဖြစ်နေမိသည်။ စီးပွားရေးလုပ်ရတာ ဘယ်တုန်းက ဒီလောက် လွယ်ကွားသွားတာလဲ။ ဖောက်သည်တွေက ဝင်လာ၊ ပစ္စည်းယူ၊ ပိုက်ဆံချပြီး ပြန်ထွက်သွားကြတာ ဘာစကားမှ အပိုမပြောကြပေ။
မကြာခင်မှာပင် နောက်ထပ် လူအုပ်စု ရောက်လာပြန်သည်။ လူသန်ကြီးအချို့ ဝင်လာပြီး - "ဒီမှာ ပစ္စည်းဝယ်ရင် ဝမ်သခင်လေး အမြတ်ရမှာ မဟုတ်လား" ဟု မေးသည်။
"ဟုတ်ပါတယ်"
"အေး... ဒါဆို ပြီးတာပဲ၊ ငါတို့ ညီအစ်ကိုတွေအတွက် ဝတ်ရုံအချို့ပေးစမ်း"
မန်နေဂျာက အားနာစွာဖြင့် - "စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီနေ့ အမျိုးသားဝတ်ရုံတွေ ကုန်သွားပါပြီ၊ အမျိုးသမီးဝတ်ပဲ ကျန်ပါတော့တယ်"
ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ - "ကုန်သွားပြီ ဟုတ်လား"
"ဟုတ်ကဲ့... ဒီနေ့ ဖောက်သည်တွေ အရမ်းများလို့ပါ"
"ဒါဆို တခြားဟာတွေရော မှော်လက်နက်တွေ၊ ဆေးလုံးတွေကော"
"အကုန် ကုန်သွားပါပြီခင်ဗျာ။"
ထိုလူက စိတ်တိုသွားပြီး - "ဆိုင်ကြီးတစ်ဆိုင်လုံး ဘာမှမရှိဘူးလားကွ"
မန်နေဂျာက ဆက်တိုက် တောင်းပန်နေသဖြင့် ထိုလူက လက်ယမ်းကာ - "ထားလိုက်တော့၊ ထားလိုက်တော့၊ အမျိုးသမီးဝတ်ဆိုလည်း ပေးစမ်း"
မန်နေဂျာ: "......"
သူ့နောက်က ညီငယ်နှစ်ယောက်က "အစ်ကိုကြီး... အမျိုးသမီးဝတ်ကို ဘာလုပ်မလို့လဲ" ဟု မေးသည်။
ထိုလူက "ငါတို့ ဆရာက ဒီနှစ် တပည့်အသစ်တွေ အများကြီး လက်ခံထားတာပဲ။ တစ်ယောက်ယောက်က ညီမလေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ အဲဒါ လက်ဆောင်ပေးရမှာပေါ့"
ညီငယ်တစ်ယောက်က ခေါင်းခါပြသည် - "မဖြစ်နိုင်ဘူး အစ်ကိုကြီး၊ ကျွန်တော် စုံစမ်းပြီးပြီ၊ အကုန် ယောကျ်ားလေးတွေချည်းပဲ"
ထိုလူက ခဏတွေဝေသွားပြီးမှ - "ဒါဆိုလည်း ကိစ္စမရှိဘူး၊ ပြန်ယူသွားပြီး မင်းတို့ မရီးကို ပေးဝတ်လိုက်မယ်"
ညီငယ်များမှာ ထိတ်လန့်သွားကာ - "အစ်ကိုကြီးမှာမှ ရည်စားမရှိတာ"
ထိုလူက မျက်နှာပျက်သွားပြီး - "မရှိတော့ ဘာဖြစ်လဲ ဒီအဝတ်အစားတွေအတွက်နဲ့ ငါ ရည်စားတစ်ယောက် သွားရှာရမှာပေါ့"
သူ ဘာတတ်နိုင်မှာလဲ။ သူ့ဆရာက အမိန့်ကို အပြတ်ပေးထားတာလေ - "ဒီ ဝိညာဉ်ကျောက်တုံး ရာဂဏန်းကို လန်ယာကုန်သည်အဖွဲ့မှာပဲ အကုန်သုံးခဲ့ရမယ် မဟုတ်ရင် ပြန်လာတဲ့အခါ ခြေထောက် ရိုက်ကျိုးပစ်မယ်" တဲ့။
တစ်ချိန်တည်းမှာပင်။
ဒါလျန်မြို့တော်ရှိ လန်ယာကုန်သည်အဖွဲ့၏ မျက်စိတစ်ဆုံးတွင် အခြားသော ကုန်သည်အဖွဲ့တစ်ခု ရှိသည်။ ၎င်းမှာ ဖုန်လိုင် ကုန်သည်အဖွဲ့၏ ဘဏ်ခွဲပင် ဖြစ်သည်။
ဤဘဏ်ခွဲမှာ လန်ယာကုန်သည်အဖွဲ့ကို ဈေးကွက်ပြိုင်ဆိုင်ရန် အထက်က အမိန့်အရ အသစ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ မန်နေဂျာ လျို သည် ဈေးလျှော့ခြင်း၊ ပရိုမိုးရှင်းပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် လန်ယာကုန်သည်အဖွဲ့၏ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့သဖြင့် အထက်က ချီးမွမ်းခြင်းပင် ခံခဲ့ရသည်။
သို့သော် ယနေ့တွင်တော့...
မျက်စိရှေ့က လန်ယာကုန်သည်အဖွဲ့၏ စီးပွားရေးမှာ "ပေါက်ကွဲထွက်နေခြင်း" ထက်ပင် ပိုမို ပြင်းထန်နေသည်။ ဖောက်သည်တွေက ပစ္စည်းတွေကို လုယက်ဝယ်ယူနေကြခြင်း ဖြစ်သည်။
လူတွေက အုပ်စုလိုက်ကြီး တစ်ဖက်ဆိုင်ကို တိုးဝှေ့ဝင်သွားကြသည်။ မန်နေဂျာလျိုမှာ ဘာတွေဖြစ်နေမှန်း မသိဘဲ ကြောင်ကြည့်နေမိသည်။
တစ်ဖက်ဆိုင်က ဈေးလည်း မလျှော့သလို၊ ရတနာအသစ်လည်း မထုတ်ဘဲ ဘာလို့ လူတွေ ဒီလောက် တိုးနေကြတာလဲ။
ရုတ်တရက် တစ်ဖက်ဆိုင်မှ အော်ဟစ်ငြင်းခုံသံများ ကြားလိုက်ရသဖြင့် သူ ဝမ်းသာအားရ သွားကြည့်သည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းမှာ... ကျင့်ကြံသူ နှစ်ဦးသည် ထိုင်ခုံတန်းလျား တစ်ခုကို တစ်ဖက်စီ ဆွဲလုနေကြခြင်း ဖြစ်သည်။
ကျင့်ကြံသူ (၁): "ငါ့ကိုပေး"
ကျင့်ကြံသူ (၂): "ငါ အရင် မြင်တာ"
ကျင့်ကြံသူ (၁): "အရင်မြင်ရင် ဘာဖြစ်လဲ၊ ငါ အရင် ကိုင်တာ"
ကျင့်ကြံသူ (၂): "ငါ့ရဲ့ စိတ်အာရုံ နဲ့ အရင် မှတ်သားထားတာကွ၊ ငါ့ပစ္စည်းပဲ"
လန်ယာဆိုင်မန်နေဂျာက ကြားထဲက ဖြန်ဖြေနေရသည် - "မိတ်ဆွေတို့... ဒါက ရိုးရိုး သစ်သားခုံလေးပါ၊ ဝိညာဉ်သစ်သားလည်း မဟုတ်၊ မှော်ပစ္စည်းလည်း မဟုတ်ပါဘူး၊ မလုကြပါနဲ့"
ကျင့်ကြံသူ (၁): "ဒါဆို မင်းဆိုင်မှာ ရောင်းစရာ ဘာကျန်သေလဲ ရှိတာ အကုန်ထုတ်ခဲ့၊ ငါ အကုန်ယူမယ်"
မန်နေဂျာမှာ ငိုချင်သွားပြီး - "မရှိတော့ပါဘူး၊ တကယ် မရှိတော့တာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဆွဲထားတဲ့ ဆွဲသီးလေးတောင် ဖောက်သည်တစ်ယောက်က ဝယ်သွားပြီ"
မန်နေဂျာလျိုမှာ ထိုအခါမှ အခွင့်အရေးရပြီဟု ထင်ကာ ရှေ့ထွက်နှုတ်ဆက်လိုက်သည် - "ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျွန်တော်တို့ ဖုန်လိုင်ကုန်သည်အဖွဲ့မှာလည်း ရတနာတွေ အများကြီး ရှိပါတယ်၊ မြန်မြန် ကြွခဲ့ကြပါ"
ကျင့်ကြံသူ နှစ်ဦးက သူ့ကို လှည့်ကြည့်ပြီး သံသယဖြင့် မေးသည် - "မင်းတို့ဆီမှာ ဝယ်ရင် ဝမ်မိသားစု သခင်လေးက အမြတ်ဝေစု ရမှာလား"
မန်နေဂျာလျို ကြောင်သွားပြီး - "ဝမ်သခင်လေးက ဘယ်သူလဲ ငါ့ပိုက်ဆံကို သူက ဘာလို့ ရမှာလဲ"
"ဒါဆိုရင်တော့ ဘာလာရှုပ်နေတာလဲ ဖယ်စမ်း"
ကျင့်ကြံသူ နှစ်ဦးက သူ့မျက်နှာကို တံတွေးနှင့်ထွေးကာ အဖက်ပင် မလုပ်ဘဲ ထွက်သွားကြတော့သည်။
_