အခန်း (၂၁) - ငါ့သား ဝမ်မုက မဟာဧကရာဇ် ဖြစ်လာမယ့် ပါရမီမျိုးပဲ
"ကောင်းတယ် ငါသိတာပေါ့၊ ငါ့သားက ဘယ်တော့မှ သာမန်လူဖြစ်မှာ မဟုတ်ဘူးဆိုတာ မင်းမှာမဟာဧကရာဇ် တစ်ပါးဖြစ်လာနိုင်တဲ့ ပါရမီရှိတယ်" လော့ရွှမ်ရွှမ်သည် ဝမ်းသာပီတိဖြစ်ကာ မျက်ရည်များ ဝဲလျက်ခေါင်းကို တရစပ် ငြိတ်နေတော့သည်။
ဝမ်မု၏ မျက်ခုံးများတွန့်သွားကာ - "မလုပ်ပါနဲ့ အမေရယ် အဲဒီလို မပြောပါနဲ့။ အဲဒီစကားကို ကျေးဇူးပြုပြီး မပြောပါနဲ့ဦး"
လော့ရွှမ်ရွှမ်က နားမလည်ဘဲ - "ဘာဖြစ်လို့လဲ"
"အဲ... သားဆိုလိုတာက သားက အခုမှကျင့်ကြံခါစဆိုတော့ လူသိမခံဘဲ အေးအေးဆေးဆေး နေတာက ပိုကောင်းမယ် ထင်လို့ပါ"
ထိုစကားကို ကြားသောအခါ လော့ရွှမ်ရွှမ်သည် သူမ၏စိတ်လှုပ်ရှားမှုများကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး တည်ငြိမ်သွားသည် - "မုအာ... မင်းပြောတာ မှန်တယ်။ မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားပြီး ပါရမီကလည်းအံ့မခန်းပဲ။ တစ်ခြားလူတွေ သိသွားရင် ဒုက္ခတွေ ရောက်လာနိုင်တယ်။ နောင်ကျရင် လူရှေ့မှာမင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကိုတတ်နိုင်သမျှ ထုတ်မပြနဲ့ဦး"
ဝမ်မုက ခေါင်းငြိတ်ကာ - "စိတ်ချပါ အမေ၊ သား နားလည်ပါတယ်"
"ဒါနဲ့... မင်းရဲ့သွေးနည်းနည်း လိုချင်တယ်"
"ဗျာ ဘာဖြစ်လို့လဲ အမေ"
"ကလေးရယ် အခု မင်းကကျင့်ကြံလို့ရနေပြီဆိုတော့ အရင်ကမိသားစုက ပြင်ဆင်ပေးထားတဲ့ မှော်လက်နက်တွေနဲ့ရတနာတွေကို အနည်းငယ် ပြန်မွမ်းမံဖို့ လိုတယ်။ မင်းရဲ့ ဝိညာဉ်စွမ်းအင်နဲ့ သုံးတဲ့အခါ ပိုပြီး အစွမ်းထက်သွားအောင်လို့လေ"
"ဪ... ဟုတ်ကဲ့"
မြေကမ္ဘာမသေမျိုးတစ်ဦး၏ နည်းလမ်းများမှာ အံ့မခန်းလှသည်။ ဝမ်မု ဘာမှပင်မသိလိုက်မီ လော့ရွှမ်ရွှမ်၏လက်ချောင်းလေးက ဝမ်မု၏ လက်ဖဝါးကို ပွတ်ဆွဲလိုက်ရာ သွေးစက်အချို့ ထွက်ပေါ်လာသည်။ ဝမ်မု၏ လက်ပေါ်တွင်တော့ အမာရွတ်တစ်စွန်းတစ်လေမျှပင် ကျန်ရစ်ခြင်း မရှိပေ။
လော့ရွှမ်ရွှမ်က ကျေနပ်စွာ ခေါင်းငြိတ်ပြီး ဝမ်မု၏ပုခုံးကို ပုတ်ပေးလိုက်သည် - "လိမ္မာတယ် ငါ့သား အမေ ပြန်သွားပြီး မင်းအဖေကိုပြောပြလိုက်ဦးမယ်၊ သူလည်း သေချာပေါက် ပျော်သွားမှာပဲ"
ပြောပြီးသည်နှင့် သူမသည် ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားတော့သည်။
ဒါလျန်နန်းတော်အတွင်းရှိ အခြားဆောင်တစ်ခုတွင်။
လီယွမ်ဟွာသည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
မသိသင့်တဲ့ကိစ္စတွေကို မစပ်စုတာက ကျင့်ကြံခြင်းလောကရဲ့ အကြီးမားဆုံးတားမြစ်ချက်ပဲ
သခင်လေးက ကျင့်ကြံလို့ရတယ်ဆိုတာ ဝမ်မိသားစုရဲ့အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်မှာပဲ အခု ငါလို အပြင်လူက သိသွားပြီဆိုတော့ ဒါကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ငါ့ လီမိသားစုတော့ ကပ်ဘေးသင့်တော့မှာပဲ ငါ ဘာလုပ်ရမလဲ။
ထိုစဉ်မှာပင်... ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လီယွမ်ဟွာ၏မျက်နှာ ချက်ချင်း ပျက်သွားပြီး မော့ကြည့်လိုက်သောအခါ... ဟင်းလင်းပြင်ထဲတွင် မိုးကောင်းကင်ထက်က လမင်းကဲ့သို့ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။
ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဖြစ်သော လီယွမ်ဟွာသည်ပင် ထိုပုံရိပ်ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး အနည်းငယ်မျှပင် ခုခံလိုစိတ် မရှိတော့ပေ။ ၎င်းမှာ... မြေကမ္ဘာမသေမျိုးတစ်ဦးပင် ဖြစ်သည်။
လီယွမ်ဟွာသည် ချက်ချင်း ဒူးထောက်လိုက်ပြီး - "ကျွန်တော်မျိုးက မြောက်ပိုင်းပင်လယ် အရှင်သခင်မ၊ ရွှမ်ရွှမ် ဓားနတ်ဘုရားမကို ဦးချပါတယ်"
လော့ရွှမ်ရွှမ်က အေးစက်စွာ မေးသည် - "မင်း ငါ့ကို မှတ်မိသလား"
လီယွမ်ဟွာက အသံကျယ်ကျယ်ဖြင့် - "ကျွန်တော်မျိုးက သခင်လေးရဲ့လက်အောက်မှာ အမှုထမ်းနေသူပါ။ သခင်မကြီးရဲ့ပုံရိပ်ကို နှလုံးသားထဲမှာ အမြဲတမ်း စွဲထင်ထားပြီး မလေးမစား မလုပ်မိဖို့နေ့ညမပြတ် သတိထားနေပါတယ်"
လော့ရွှမ်ရွှမ်က အပေါ်စီးမှ ကြည့်ကာ - "မင်းက မုအာရဲ့လက်အောက်မှာ အမှုထမ်းနေတာပဲ၊ ဘာလို့ ငါ့ကိုဒူးထောက်နေတာလဲ"
လီယွမ်ဟွာက ချက်ချင်းပင် နံရံပေါ်ရှိ ယန္တရားတစ်ခုကို ဖွင့်လိုက်ရာ ဝမ်မု၊ လော့ရွှမ်ရွှမ်နှင့် ဝမ်မိသားစုဝင်များ၏ ပုံတူကားချပ်များ ပေါ်လာသည် - "ဒီမှာပါ ကျွန်တော်မျိုးတို့ လီမိသားစုရဲ့ သစ္စာရှိမှုကို နေနဲ့လလို သက်သေထူနိုင်ပါတယ်။ သခင်လေးရော၊ သခင်မကြီးရော၊ ဝေဘုရင်ကြီးကိုပါ ကျွန်တော်မျိုးက တစ်နေ့ သုံးကြိမ် အမြဲ ဦးချပါတယ်"
လော့ရွှမ်ရွှမ်က အနည်းငယ် ခေါင်းငြိတ်ကာ - "မင်းက လူလည်ပဲ။"
"သခင်မကြီးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုး မထိုက်တန်ပါဘူး"
"မုအာ ကျင့်ကြံနိုင်တဲ့ကိစ္စကို မင်းပါးစပ်ကနေ ပေါက်ကြားသွားတာမျိုး ငါမလိုချင်ဘူး"
လီယွမ်ဟွာသည် သူမဆိုလိုသည်ကို ချက်ချင်း နားလည်လိုက်သည်။ သူသည် တွန့်ဆုတ်မနေဘဲ သူ၏နတ်ဘုရားဝိညာဉ်ကို အပြင်သို့ ထုတ်လိုက်ပြီး - "ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုကို သက်သေပြဖို့ သခင်လေးနဲ့ သခင်နှင့်ကျွန် စာချုပ်ချုပ်ဆိုဖို့ အသင့်ပါပဲ"
ဤစာချုပ်မှာ ကျင့်ကြံသူနှင့် သားရဲများကြားတွင်သာ ချုပ်ဆိုလေ့ရှိသောမညီမျှသည့် စာချုပ်မျိုး ဖြစ်သည်။ သခင်က စိတ်ကူးလိုက်ရုံနှင့် ကျွန်ဖြစ်သူမှာ သေသည်ထက်ဆိုးသော ဒုက္ခကို ခံစားရနိုင်သည်။
လော့ရွှမ်ရွှမ်က သူမ၏သွေးတစ်စက်ကို လီယွမ်ဟွာ၏နတ်ဘုရားဝိညာဉ်ထဲသို့ ထည့်လိုက်ရာ စာချုပ်မှာ ပြီးမြောက်သွားတော့သည်။
"နောင်ကျရင် မုအာ တစ်ယောက်တည်းကိုပဲ ကိုးကွယ်ရင်ရပြီ၊ ဒီလောက် ပုံတွေအများကြီး ချိတ်ထားစရာ မလိုဘူး" ဟု ပြောပြီး သူမ ပျောက်ကွယ်သွားသည်။
လီယွမ်ဟွာမှာ ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ လော့ရွှမ်ရွှမ်ရှေ့တွင် သူသည် နတ်ဘုရားရှေ့က သာမန်လူသားတစ်ယောက်ကဲ့သို့ ခံစားခဲ့ရခြင်း ဖြစ်သည်။
"ဟင် ဒါက..."
ဝမ်မုသည် သူ၏ စိတ်အာရုံထဲတွင် စာချုပ်အမှတ်အသားသစ် တစ်ခုကို ခံစားလိုက်ရသည်။
သူသည် ထိုအမှတ်အသားမှာ လီယွမ်ဟွာနှင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ရယ်မောလိုက်မိသည် - အမေက ငါ့သွေးကို ယူသွားတာ ဒါကြောင့်ကိုး အမေကတော့ တကယ်ကို အစစအရာရာ စဉ်းစားပေးတာပဲ
နေမြင့်လာသောအခါ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို ဆက်လက်ကျင်းပသည်။ သို့သော် လာရောက်သူ အရေအတွက်မှာ နည်းပါးသွားသည်။
ဝမ်မုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် - "ဘာလို့ ဒီနေ့ လူနည်းနေတာလဲ"
လီယွမ်ဟွာက - "သတင်းပို့ပါတယ် သခင်လေး၊ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်းမှာ မြို့တော်အနီးနားက လူတွေအားလုံး စစ်ဆေးပြီးသွားပါပြီ။ ဝေးလံတဲ့ နေရာက လူတွေ လာဖို့ကတော့ အချိန်ယူရဦးမှာပါ"
ဝမ်မုက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည် - "မနက်ဖြန်ကစပြီး ထျန်းကျွယ်ကျွန်းပေါ်က မြို့ကြီးတိုင်းမှာ စစ်ဆေးရေးစခန်းတွေ ဖွင့်လိုက် ပါရမီစစ်ဆေးချင်တဲ့သူတိုင်း အမြန်ဆုံး စစ်ဆေးနိုင်အောင် လုပ်ပေးရမယ်"
ထိုသတင်းကြောင့်ကျွန်းတစ်ခုလုံးဆူညံသွားတော့သည်။ဝေးလံသောအရပ်မှလူများမှာမိမိတို့အိမ်တံခါးဝအထိလာရောက်စစ်ဆေးပေးမည့်ဝမ်သခင်လေးကို "တကယ့်လူကောင်း" ဟုချီးမွမ်းနေကြတော့သည်။