အခန်း (၁၉၉) - အတူတူပိုက်ဆံရှာကြစို့
မှောင်ရိပ်ထဲမှလူတစ်ယောက် ပြေးထွက်လာသည်။
“သခင်ကြီး”
“ဖိတ်စာ ပို့ပြီးပြီလား” ဆူမိုက မေးလိုက်သည်။
“ပို့ပြီးပါပြီ။”
“သူတို့ ဘာပြန်ပြောလဲ ငါတို့ ဘယ်တော့ ဝင်တွေ့ရမလဲ”
“အစေခံမှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းခါလိုက်သည် - “လန်ဟွမ် ဂေဟာမှူးက တွေ့ဖို့ သဘောမတူပါဘူး။ သူက စကားတစ်ခွန်းပဲ ပြန်မှာလိုက်ပါတယ်။”
ဆူမိုက မျက်မှောင်ကြုတ်ကာ - “သူ ဘာပြောလိုက်တာလဲ”
အစေခံက ပြန်ဖြေသည် - “သူက သေသေချာချာစောင့်နေလိုက်ပါ။ မင်း မသေခင်မှာ နောက်ဆုံးတစ်ကြိမ်တွေ့ခွင့် ငါ သေချာပေါက် ပေးပါ့မယ်လို့ ပြောလိုက်ပါတယ်”
ဆူမို၏မျက်နှာမှာ တောင့်တင်းသွားပြီး နီလိုက်စိမ်းလိုက် ဖြစ်သွားကာ ဒေါသကြောင့် တွန့်လိမ်သွားတော့သည်။ သူက အော်ဟစ်ဆဲဆိုတော့သည် - “ကောင်မ ဖာသည်မ”
“သူက လန်ယာသခင်လေးရဲ့ခြေထောက်ကို ဖက်ထားရုံနဲ့ အေးအေးဆေးဆေး အိပ်နိုင်မယ် ထင်နေတာလား”
“အိပ်မက်ပဲ မက်နေလိုက်"
“သူက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ အရင်ကဆို ငါကသူ့ကို ပုရွက်ဆိတ်တစ်ကောင်လို နင်းခြေပစ်လို့ ရတဲ့ကောင်မပဲ”
“လမ်းဘေးကဖာသည်မက ငါ့ရှေ့မှာ လာပြီး လေလုံးထွားနေတာလား သူ့အမေကို...”
“ငါကသူ့ကို ကြောက်နေတယ် ထင်နေတာလား ရယ်စရာကြီးပဲ ငါက သူ့ကို ကြောက်စရာလား ဟားဟားဟား.”
သူ့မျက်နှာမှာ ကြမ်းတမ်းခက်ထန်နေပြီး တံတွေးများပင် စင်နေသည်။ အစေခံက “သခင်ကြီး အသံလျှော့ပါဦး၊ အထဲကလူတွေ ကြားကုန်ပါ့မယ်” ဟု တိုးတိုးလေး သတိပေးမှသာ ဆူမိုမှာ တိတ်ဆိတ်သွားသည်။ သူသည် ဘာသံမှ မထွက်တော့ဘဲ မြင်းရထားထဲသို့ ပြန်ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကုန်သည်ကြီး သုံးခုအတွင်း၌မူ လန်ယာပေ့ ကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာ ငြင်းခုံနေကြသည်။
“လန်ယာပေ့ကြောင့် ငါ့တို့ရဲ့အမြတ်ငွေတွေက သိသိသာသာကို လျော့နည်းလာနေပြီ အမာခံ ဖောက်သည်ဟောင်းတွေတောင် စွန့်ခွာကုန်ကြပြီ”
“ဒီအတိုင်း ဆက်ထားလို့ မဖြစ်ဘူး”
“စီးပွားရေးမှာ တစ်ဖက်လူမှာရှိတာ ငါတို့မှာ မရှိတာက အသေအပျောက် အများဆုံးပဲ”
ထိုက်ရှူးထုံကခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ တောက်ပခဲ့သော သူ၏ မျက်လုံးများမှာ ယခုအခါ ပင်ပန်းနွမ်းနယ်နေပြီး လေသံမှာလည်း လေးလံလှသည်။
“အဲဒါက တခြားလူတွေ ပိုက်ဆံရှာနေတာကို ငါတို့က လက်ပိုက်ကြည့်နေရသလိုပဲ။”
“ပြီးတော့ လန်ယာကုန်သည်အသင်းက ငါတို့လိုပဲလောကမှာရှိတဲ့ ကုန်သွယ်မှုအားလုံးကို လုပ်နေတာ။”
“ဒီအတိုင်း ဆက်သွားရင် ငါတို့မှာ ဘာကုန်သွယ်မှုမှ လုပ်စရာကျန်တော့မှာ မဟုတ်ဘူး။”
သူက စားပွဲကိုအသာအယာ ခေါက်ရင်း အချက်အလက်များကို ဦးနှောက်ထဲတွင် လျင်မြန်စွာ စဉ်းစားနေသည် - “အကျင့်ဆိုတာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာပဲ။”
“လူတွေက ဝိညာဉ်ကျောက်တုံးတွေကို အိမ်မှာပဲထားခဲ့ပြီး လန်ယာပေ့နဲ့ပဲ ပေးချေဖို့ ကျင့်သားရသွားရင် ငါတို့က အဲဒါကို မပေးနိုင်ရင် ငါတို့ အဆုံးသတ်သွားပြီ။”
အကြီးအကဲ တစ်ယောက်၏ အမူအရာမှာ ထူးဆန်းသွားသည် - “စီနီယာထိုက်ရှူး... ဆိုလိုတာကလန်ယာကုန်သည်အသင်းနောက်ကို နောက်တစ်ခါ ထပ်လိုက်ရဦးမယ်ပေါ့”
ထိုစကား ထွက်လာသည်နှင့် အခန်းထဲရှိ လူများ၏ မျက်နှာမှာ ပျက်သွားကြသည်။ ပြင်ပက အတင်းအဖျင်းစကားများကို သူတို့အကုန်သိကြသည်။ သူတို့သည် လန်ယာကိုသာ ပုံတူကူးချနေပြီး အဲဒီလို ကူးတာတောင် အသုံးမကျဘူးဟု ပြောနေကြသည်ကိုပင်။
“တခြား ရွေးချယ်စရာ ရှိလို့လား ဒါထက် ပိုကောင်းတဲ့ နည်းလမ်းရှိရင် အခုပြော ငါချက်ချင်း လက်ခံမယ်”
ထိုက်ရှူးထုံ၏ ဒေါသမှာ ပေါက်ကွဲထွက်လာရာ အကြီးအကဲမှာ ချက်ချင်း ခေါင်းငုံ့သွားတော့သည်။
“ငါ့တို့မှာလည်း အွန်လိုင်း ငွေပေးချေမှုစနစ် ရှိရမယ်။ ကံကောင်းတာက ငါ့တို့ရဲ့ ဆက်သွယ်ရေးအဆောင်တွေက သူတို့ဟာနဲ့ယှဉ်ရင် သိပ်မကွာလှဘူး။ သူတို့လုပ်နိုင်တာကို ငါ့တို့လည်း လုပ်နိုင်ရမယ်” သူသည် ဆက်သွယ်ရေးအဆောင်ကို တီထွင်သည့် အကြီးအကဲကို စိုက်ကြည့်ကာ - “တစ်လ အချိန်ပေးမယ်။ အကောင်းဆုံးဖြစ်အောင် လုပ်လိုက်ပါ။ သူတို့ထက် သာဖို့မတောင်းဆိုဘူး ဒါပေမဲ့ သူတို့မှာ ရှိတဲ့ လုပ်ဆောင်ချက်အားလုံး ရှိရမယ်။”
အကြီးအကဲက ခက်ခဲသော မျက်နှာဖြင့် - “ဒါပေမဲ့ မတူတာ ရှိသေးတယ်။ သူတို့ရဲ့ အွန်လိုင်း ငွေပေးချေမှုက ဘဏ်အသုံးပြုသူ အမြောက်အမြား ရှိလို့ အလုပ်ဖြစ်တာ။ ငါ့တို့ရဲ့ဘဏ်တွေက သေလုနီးပါး ဖြစ်နေပြီ အဲဒီ လုပ်ဆောင်ချက် ပါလာရင်တောင် ဖောက်သည်တွေက ဘယ်မှာ ပိုက်ဆံသွားအပ်ကြမှာလဲ”
ထိုက်ရှူးထုံက - “သေနေပြီလား ဒါဆိုရင် ပြန်ရှင်အောင်လုပ် အတိုချုပ်ပြောရရင် ငါ့တို့ လက်ပိုက်ကြည့်မနေနိုင်ဘူး”
လန်ယာပေ့စတင်ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် မြောက်ပိုင်းဒေသရှိ ၎င်းကို အသုံးပြုသူ အရေအတွက်မှာ အံ့ဩစရာကောင်းလောက်အောင် များပြားလာသည်။
လောက၏အန္တရာယ်များကို ကျော်ဖြတ်လာခဲ့သော အတွေ့အကြုံရင့် ကျင့်ကြံသူကြီးများ အတွက်မူ ဝိညာဉ်ကျောက်တုံးများကို လက်ထဲကနေ အလွတ်မခံချင်ကြသဖြင့် စောင့်ကြည့်နေကြဆဲ ဖြစ်သည်။
သို့သော်သတ္တိရှိသော လူငယ်ကျင့်ကြံသူများလည်းရှိရာ သူတို့က လန်ယာပေ့ကို အားပေးထောက်ခံသူများ ဖြစ်လာကြသည်။
မကြာမီမှာပင် လန်ယာမော့လ်၏ ပထမဆုံး အဆင့်မြှင့်တင်မှု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဖိုရမ်၌အသိပေးချက် တစ်ခု ပေါ်လာသည်။
[ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ခေတ်မီပြီး၊ သယ်ဆောင်ရလွယ်ကူသော ခေတ်စနစ်ကို ပြောင်းလဲစေမည့် ကုန်သွယ်မှု နည်းလမ်းတစ်ခုကို ဖန်တီးရန် ဖြစ်သည်။ အသုံးပြုသူများ ပိုမိုပါဝင်လာရန် မျှော်လင့်ပါသည်။]
ထိုရည်မှန်းချက်အတွက် ကုန်သည် ငွေကြေးတံဆိပ်ကို ဆိုင်တိုင်း အသုံးပြုနိုင်ရန် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။ ကုန်ကျစရိတ်မှာ ဝိညာဉ်သလင်းခဲ ၅ ခုတည်းဖြင့် လန်ဟွမ်ကျောက်စိမ်းဆောင်တွင် ကုန်သည်အကောင့် ဖွင့်ရုံဖြင့် မည်သည့်ဆိုင်မဆို အွန်လိုင်းငွေပေးချေမှုကို လက်ခံနိုင်မည်ဖြစ်သည်။
ထို့ပြင်ကျွန်ုပ်တို့သည် တင်းကြပ်စွာ စစ်ဆေးပြီးနောက် အရည်အချင်း ပြည့်မီသော ဘဏ်ပေါင်း ၃,၀၀၀ ကျော်ကို မဟာမိတ်အဖြစ် ရွေးချယ်ကာ ကျင့်ကြံသူများ အားလုံးအတွက် ဘေးကင်းသော ငွေသုံးစွဲမှု ပတ်ဝန်းကျင်ကို အတူတကွ တည်ဆောက်သွားမည် ဖြစ်သည်။
ထိုပို့စ် တက်လာသည်နှင့် ဆွေးနွေးမှုများ အကြီးအကျယ် ပေါ်ပေါက်လာတော့သည်။
* “တကယ်ကြီးလား ဒါဆို တခြားဆိုင်တွေမှာလည်း လန်ယာပေ့ သုံးလို့ရတော့မှာပေါ့”
* “ကောင်းလိုက်တာ အရင်က လန်ယာကုန်သည်အသင်းတစ်ခုတည်းမှာပဲ သုံးလို့ရတာဆိုတော့ နည်းနည်း ကန့်သတ်ချက် ရှိနေသလိုပဲ။”
* “လန်ယာမှာ ဈေးဝယ်ရတာ ကျင့်သားရသွားလို့ ပိုက်ဆံအကုန်လုံးကို လန်ဟွမ်မှာ အပ်ထားမိတယ်။ တခြားဆိုင်မှာ ပစ္စည်းလိုလို့ ဝယ်မယ်ဆိုမှ လက်ထဲမှာ ပိုက်ဆံမပါတာ သိရတယ် ဘဏ်အထိ ပြန်သွားထုတ်ရတာ အလုပ်ရှုပ်လွန်းလို့ မဝယ်တော့ဘဲ နေလိုက်ရတာ ခဏခဏပဲ။”
* “ဒါဟာ သခင်လေးရဲ့ ကြီးမားတဲ့ မျှော်မှန်းချက်ပဲ အားလုံး အတူတူ ပိုက်ဆံရှာကြစို့တဲ့”
* “ဝိညာဉ်သလင်းခဲ ၅ ခုတည်းလား မနည်းလွန်းဘူးလား”
* “ဟုတ်ပ ၅ ခုနဲ့ ဘာဝယ်လို့ ရမှာလဲ”
* “အံ့ဩမနေပါနဲ့ ဒါဟာ သခင်လေးရဲ့ ရက်ရောမှုပဲလေ။ မြေနတ်ဘုရားအဆင့် အသိဉာဏ်တွေကိုတောင် အလကား ပေးခဲ့သေးတာ ဒီလောက် ပိုက်ဆံအနည်းငယ်က ဘာပြောစရာ ရှိလို့လဲ”
သတင်းထွက်လာသည်နှင့် မြောက်ပိုင်းဒေသရှိ ကုန်သည်လေးများမှာ အနီးဆုံး လန်ဟွမ်ကျောက်စိမ်းဆောင် ဆိုင်ခွဲများဆီသို့ အပြေးအလွှား သွားကြတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့မှာ အသက်ရှုကျပ်နေခဲ့ရသည်။ လန်ယာကုန်သည်အသင်း ရောက်လာပြီးကတည်းက ဆိုင်တိုင်းမှာ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ၎င်း၏ရောက်ရှိလာမှုမှာ ပင်လယ်ပြင်ကို ပျံသန်းလာသော ခွန်းပန်ငှက်ကြီးနှင့် တူပြီး တစ်ချက် အသက်ရှုလိုက်ရုံဖြင့် လှိုင်းလုံးကြီးများ ထွက်ပေါ်လာကာ ငါးကလေးများ၏ သတ္တိကို ခြောက်လှန့်ပစ်လိုက်သကဲ့သို့ ဖြစ်သည်။
အထူးသဖြင့် အဆောင်အွန်လိုင်းငွေပေးချေမှု ပေါ်လာပြီးနောက် အရင်ကဆိုလျှင် လူများသည် လန်ယာတွင် ဝယ်ပြီးနောက် ပိုသော အကြွေများကို ဆိုင်ငယ်လေးများတွင် သုံးတတ်ကြသေးသည်။ ထိုအကြွေလေးများမှာ ဆိုင်ငယ်လေးများ အသက်ဆက်ရန် လုံလောက်ခဲ့သည်။
သို့သော် အဆောင်အွန်လိုင်း ငွေပေးချေမှုကြောင့် အားလုံးပြောင်းလဲသွားသည်။ လူအများစုမှာ လက်ထဲတွင် အကြွေ မဆောင်ကြတော့ချေ။
ပိုက်ဆံများကို လန်ဟွမ်အကောင့်ထဲမှာပဲ ထည့်ထားပြီး စကင်ဖတ်ရုံဖြင့် သုံးစွဲနေကြသည်။ လက်ထဲတွင် ဝိညာဉ်ပုံဆောင်ခဲ အနည်းငယ်သာ ရှိတော့သည်။
ထိုအစအနလေးများဖြင့် ဆိုင်ငယ်များစွာကို မည်သို့ ကျွေးမွေးနိုင်မည်နည်း။
ယခုမူ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့လည်း အဆောင်အွန်လိုင်း ငွေပေးချေမှုကို အသုံးပြုနိုင်ပြီဆိုလျှင် အတားအဆီး မရှိတော့ဘဲစီးပွားရေးကို အရင်လို ဆက်လုပ်နိုင်မည် ဖြစ်သည်။
“လန်ယာကုန်သည်အသင်းက တကယ့်ကို သူတော်စင်တွေပဲ ငါတို့ကို အသက်ဆက်ခွင့် ပေးလိုက်တာ”
“တော်သေးတာပေါ့ဒါကိုလန်ယာကဖန်တီးခဲ့လို့။အကယ်၍ကုန်သည်ကြီးသုံးခုကသာဆိုရင်ငါတို့တွေအားလုံးဆိုင်ပိတ်လိုက်ရမှာကြာလှပြီ”