အခန်း (၁၉၈) ပိုက်ဆံသုံးရတာဒီတကြိမ် အားရအကျေနပ်ဆုံးပဲ
ဆူဇီယဲ့က လှည့်ကြည့်လိုက်ပြီး ကုန်သည်အသင်းအတွင်းရှိ ကုန်ပစ္စည်းစင်များကို လက်ညှိုးထိုးပြလိုက်သည် - “ဆိုင်ရှင်... ဒါ၊ ဒါ၊ ဒါ ပြီးတော့ ဒါ... အကုန်ထုတ်ပိုးပေး ငါအပ်ထားတဲ့ ပိုက်ဆံတွေ အကုန်သုံးပစ်မယ်၊ တစ်ပြားမှ မချန်နဲ့”
“ချက်ချင်း ဆောင်ရွက်ပေးပါ့မယ်”
ဆိုင်ခွဲမှ ဝန်ထမ်းမှာ အလွန်ပင် လက်သွက်လှသည်။ မကြာမီမှာပင် ဆူဇီယဲ့ ရွေးချယ်ထားသော ပစ္စည်းအားလုံးကို လက်စွပ်တစ်ခုထဲ ထည့်ကာ သူ့ထံ အပ်နှံလိုက်သည်။
ထို့နောက် ဆူဇီယဲ့သည် လန်ယာပေ့ကို ဖွင့်ကာ ငွေပေးချေမှု တံဆိပ်ကိုရွေးချယ်ပြီး ဆိုင်ရှင်ကို ပြလိုက်သည်။ ဆိုင်ရှင်က ဆက်သွယ်ရေးအဆောင်တစ်ခုကို ယူကာ စကင်ဖတ်လိုက်သည်။
“ဒင်~” ဆိုသည့် အသံလေးနှင့်အတူ ဆိုင်ရှင်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်သည် - “အားလုံး အဆင်ပြေသွားပါပြီ သခင်လေးဆူ”
ဆူဇီယဲ့က ခေါင်းတစ်ချက် ငြိမ့်ပြကာ ခေါင်းကိုမော့လျက် သူ၏လူများကို ဦးဆောင်ကာ ကုန်သည်အသင်းထဲမှ ထွက်လာခဲ့သည်။
ရန်ရှီအန်းက ထိုလုပ်ငန်းစဉ်ကို ကြည့်နေရင်း အလျင်အမြန် လှမ်းပြောလိုက်သည် “ဟေး... ဆူဇီယဲ့၊ မင်း ပစ္စည်းဖိုး မပေးရသေးဘူးလေ”
သူ့စကားလည်း ဆုံးရော လန်ယာဆိုင်ခွဲအတွင်းမှနေ၍ စက်ရုပ်ဆန်ဆန် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“လန်ယာပေ့မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း ပေးချေမှုကို လက်ခံရရှိပါပြီ”
ထိုအသံမှာ အလွန်ကြည်လင်ပြီး အနီးနားရှိ လူတိုင်း၏ နားထဲသို့ ရောက်သွားသည်။
လမ်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ဆူဇီယဲ့သည် ရန်ရှီအန်း၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် စကားတစ်ခွန်းပြောလိုက်သည် - “တောသားပဲ”
ရန်ရှီအန်း: “.....”
ထိုသို့ပြောပြီးနောက် ဆူဇီယဲ့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန့်ညားစွာ ထွက်ခွာသွားသည်။ ခပ်လှမ်းလှမ်း ရောက်သောအခါမှသာ သူ၏အမူအရာမှာ အလွန်အမင်း ပြောင်းလဲသွားတော့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တစ်ကိုယ်လုံး အားတင်းထားမိသည်။
“အားရလိုက်တာ”
“တကယ့်ကို အားရစရာပဲ အားရစရာပဲ”
“ယူးဟူး”
“ဒီနှစ်တွေအတွင်းမှာ ဒါဟာ ပိုက်ဆံသုံးရတာ အားရအကျေနပ်ဆုံး အချိန်ပဲဟေ့”
“အားရလိုက်တာ၊ အားရလိုက်တာ”
သူ့နောက်တွင်မူ ရန်ရှီအန်းမှာ လေထဲတွင် တစ်ယောက်တည်း ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီးမှ အခြေအနေမှန်ကို သဘောပေါက်သွားသည်။
တောက် အဲဒီကောင်က တကယ်ကို ကြွားသွားတာပဲ။
စောစောက ဆူဇီယဲ့ပုံစံက တကယ်ကို မိုက်နေတာပဲကွ မဟုတ်သေးဘူး ငါ ဒါကို သည်းမခံနိုင်ဘူး။
သူသည် ရုတ်တရက် လှည့်ကြည့်ကာ ဖုန်းလိုင်ဆိုင်ခွဲ မန်နေဂျာကို ကြည့်လိုက်သည် - “ငါလည်း အဲလိုမျိုး လိုချင်တယ် ဘယ်လိုလုပ်ရမလဲ”
“ဟို... အဲဒါက... ကျွန်တော်...”
မန်နေဂျာမှာ မျက်နှာပျက်နေပြီး ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်။ ရုတ်တရက် သူသည် ဉာဏ်အလင်းပွင့်သွားကာ လည်ချောင်းကို ညှစ်ပြီး စောစောက အသံနှင့် ဆင်တူအောင် အတုခိုးလိုက်သည် - “ဖုန်းလိုင် ကုန်သည်အသင်းမှ ဝိညာဉ်ကျောက်တုံး ရှစ်သိန်း ပေးချေမှုကို လက်ခံရရှိပါပြီ”
“သခင်လေးရန်... ဘယ်လိုလဲခင်ဗျာ”
ရန်ရှီအန်းမှာ ဆွံ့အသွားပြီး မန်နေဂျာကို ချက်ချင်းကန်လိုက်သည် - “မင်း... မင်းက... ငါ့ကို... ဘာမှတ်နေတာလဲ... တောက်”
“အား... သခင်လေးရန်၊ စိတ်လျှော့ပါ... အား.”
လီရှောင် နတ်မြို့တော်၊ ကျွေ့ရှန်းထပ်ခိုး။
ညဉ့်နက်နေပြီဖြစ်သည်။ အဆင့်မြင့် အထက်တန်းလွှာများမှာ ယခုထိ ဝိုင်သောက်ရင်း ပျော်ပါးနေကြဆဲ ဖြစ်သည်။ သို့သော် သီးသန့်အခန်းတစ်ခုအတွင်း လေထုမှာ မှိုင်းညို့နေသည်။
“မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“ဘာကိုလဲ”
“အရူးလုပ်မနေနဲ့ အခုချိန်မှာ ဘဏ်လုပ်ငန်း က ဆက်လုပ်လို့ မရတော့ဘူး။ ငါ့တို့ မိသားစုနှစ်ခုမှာ စုဆောင်းထားတာရှိပေမဲ့ ငါ့တို့နောက်မှာ လူအများကြီး ရှိသေးတယ်။ ပိုက်ဆံတွေ ကုန်သွားမှာကိုပဲ ထိုင်စောင့်နေလို့ မဖြစ်ဘူး”
ယဲ့ချန်းဟိုင်သည် ပြတင်းပေါက်တွင် မှီရပ်ရင်း လက်တစ်ဖက်မှ ဝိုင်အိုးကို ကိုင်ကာ တစ်ယောက်တည်း သောက်ရင်း ပြောလိုက်သည်။
ဆူမိုမှာမူ အကြာကြီး တိတ်ဆိတ်နေပြီး ဘာမှ ပြန်မပြောပေ။ သူ တကယ်ပဲ ဘာပြောရမှန်း မသိတော့ချေ။
ထိုစဉ် အောက်ထပ်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ မြှောက်ပင့်ပြောဆိုသံများနှင့်အတူ ရင်းနှီးသော အသံများကိုပါ သဲ့သဲ့ကြားနေရသည်။
“စည်ကားလိုက်တာ”
ယဲ့ချန်းဟိုင်က အောက်ထပ်ကို ကြည့်ရင်း ခံစားချက်ဖြင့် ပြောလိုက်သည် - “အရင်က ပြုတ်တော့မယ့် ဘဏ်တစ်ခုက အခုလိုမျိုး လူထောင်ပေါင်းများစွာ ဝိုင်းဝိုင်းလည်အောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
ဆူမို၏မျက်ခုံးများ လှုပ်ရှားသွားပြီး ပြတင်းပေါက်နားသို့ လျှောက်လာသည်။ စားသောက်ဆိုင်၏ အဝင်ဝတွင် လူများ တိုးဝှေ့နေကြသည်။
ချမ်းသာကြွယ်ဝသော လူတစ်စုသည် အေးစက်ပြီး လှပသော အမျိုးသမီးငယ်တစ်ဦးကို ဝိုင်းရံထားကြပြီး မျက်နှာများတွင် မြှောက်ပင့်လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ဆူမိုသည် ထိုလူများကို ကောင်းစွာ သိသည်။ သူတို့၏မျက်နှာပေးများကိုလည်း သူ ကောင်းစွာ ရင်းနှီးသည်။ ထိုသူများသည် အရင်က သူ့ကို ဝိုင်းဝိုင်းလည်နေခဲ့သော လီရှောင်မြို့ရှိ ဘဏ်ပိုင်ရှင်များပင် ဖြစ်သည်။
“လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ဂေဟာမှူး ဒီဘွဲ့နာမည်က တကယ့်ကို မြင့်မြတ်လွန်းပါတယ်” ယဲ့ချန်းဟိုင်က သက်ပြင်းချလိုက်သည်။
“သူက အရင်က ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့သူပဲ” ဆူမိုက ဆိုသည်။
“ဟေး... အသံလျှော့ဦး။ သူက အခု လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတာ။ ဒီဂေဟာမှူးမူ သာ ခေါင်းညိတ်လိုက်ရင် သူတို့လည်း လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ မဟာမိတ်ထဲ ဝင်ခွင့်ရပြီး သူတို့ဘဏ်တွေ ပြန်လည်ရှင်သန်လာမှာလေ”
ယဲ့ချန်းဟိုင်က ဆူမိုကို ကြည့်ကာ - “မင်းပြောတာကို တစ်ယောက်ယောက် ကြားသွားရင် မင်း အရိုက်ခံရတဲ့အခါ ငါ ဝင်မကူဘူးနော်”
ဆူမို၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေသည် - “ဒီရေဆိုတာတက်လိုက် ကျလိုက်ပဲ”
“ဒါပေမဲ့ မင်းက လူငယ်မဟုတ်တော့ဘူး”
ယဲ့ချန်းဟိုင်က မညှာမတာဖြတ်ပြောလိုက်သည် - “သူကတော့ ငယ်သေးတယ် ပြီးတော့ မင်းက သူ့ဘိုးဘေးတွေနဲ့ ရန်ငြိုးရှိခဲ့တဲ့အပြင် ဒီနှစ်တွေအတွင်း သူတို့မိသားစုကို အတော်လေး ဖိနှိပ်ခဲ့တာ။ သူက မင်းကို နှစ်ပေါင်းသုံးဆယ် အချိန်ပေးလိမ့်မယ်လို့ မင်း တကယ်ထင်လို့လား”
ဆူမို ခဏတာ တိတ်ဆိတ်သွားပြီးမှ - “ငါက ဘာပဲဖြစ်ဖြစ် ကုန်သည်ကြီး သုံးခုရဲ့ အဖွဲ့ဝင်ပဲလေ”
ထိုစကားကို ကြားသောအခါ ယဲ့ချန်းဟိုင်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည် - “အရင်ကတော့ မင်းက အသုံးဝင်လို့ ကုန်သည်ကြီး သုံးခုက မင်းကို ကာကွယ်ပေးထားတာပေါ့ ဒါပေမဲ့ အခု မြောက်ပိုင်းဒေသရဲ့ ဘဏ်လုပ်ငန်းတစ်ခုလုံးကို လန်ဟွမ်ကျောက်စိမ်းဆောင်က သိမ်းပိုက်ထားပြီ။ ကုန်သည်ကြီး သုံးခုက မင်းအပေါ် သံယောဇဉ်တွေ အများကြီး ထားလိမ့်မယ်လို့ မင်း ထင်နေတာလား”
ဆူမို ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ရုတ်တရက် အောက်ထပ်ရှိမူရွှမ်းက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ အပေါ်သို့ ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ မျက်လုံးချင်း ဆုံသွားကြသည်။
မူရွှမ်း၏အေးစက်သော မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။
သူမ၏အပြုံးမှာ လှပသော်လည်း ဆူမို၏ ကိုယ်မှာ တုန်ရီသွားတော့သည်။ ညလေပြေ တစ်ချက် ဝေ့တိုက်သွားသည်။ ဆူမိုသည် ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရသည်။
“ရှီးယွဲ့မြို့ဘက်မှာ နောက်ထပ် ဧည့်သည်တစ်ယောက်က ဝိညာဉ်ကျောက်တုံး သုံးသန်း အပ်နှံသွားတယ်”
“ဒီလိုမြို့ငယ်လေးမှာ ဒီလောက်ချမ်းသာတဲ့ ကျင့်ကြံသူရှိလိမ့်မယ်လို့ မထင်ထားဘူး”
“ဒါက ဘာပြောစရာရှိလို့လဲ ယူယွဲ့မြို့က ဆိုင်ခွဲမှာဆို ဒီနေ့တင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက် အပ်နှံသွားတာ ငါ စနစ်ထဲမှာ မြင်လိုက်တယ်”
“ကျင့်ကြံခြင်းလောကမှာ ချမ်းသာတဲ့လူတွေ အမြဲရှိတာပဲ တို့တွေ မမြင်ရတာပဲ ရှိတာ။”
“နှမြောစရာပဲ၊ အဲဒီအပ်ထားတဲ့ ပိုက်ဆံတွေသာ ငါ့ပိုက်ဆံဖြစ်ရင် ကောင်းမှာပဲ။”
“အိမ်မက်မက်မနေနဲ့၊ အဲဒါတွေက ဧည့်သည်တွေရဲ့ စုဆောင်းငွေတွေလေ ဒါပေမဲ့ ဂေဟာမှူးကပြောထားတယ် ဒီအလုပ်ရှုပ်တဲ့ ကာလ ပြီးသွားရင် လူတိုင်းကို ဆုကြေးငွေ ပေးမယ်တဲ့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရမယ် အဆင့်မြင့် ဝန်ထမ်းတွေဆိုရင် ရာနဲ့ချီပြီး ရဦးမှာ”
“အိုး... ကောင်းလိုက်တာ”
ခြံဝင်းနှင့် လမ်းမကို တံတိုင်းတစ်ခုသာ ခြားထားသည်။ မှောင်မိုက်သော ညထဲတွင် မြင်းရထားတစ်စီးမှာ ငြိမ်သက်စွာ ရပ်ထားသည်။
ဆူမိုသည် ရထားပေါ်တွင် ထိုင်နေရင်း တံတိုင်းတစ်ဖက်ရှိ လန်ဟွမ်ကျောက်စိမ်းဆောင်ဝန်ထမ်းများ၏ စကားဝိုင်းကို အကုန်ကြားနေရသည်။ သူ၏ အမူအရာမှာ ပို၍ ရှုပ်ထွေးလာသည်။
ပုံမှန်အချိန်ဆိုလျှင် လန်ဟွမ်ကျောက်စိမ်းဆောင်မှာ ပိတ်ထားရမည် ဖြစ်သော်လည်း ယနေ့မူ ဆန့်ကျင်ဘက် ဖြစ်နေသည်။ အတွင်းတွင် မီးများ ထိန်ထိန်လင်းနေသည်။
တုန်းမိုဘဏ်၏ပိုင်ရှင်အနေဖြင့် ဆူမိုတွင် ကုန်သည်ကြီးသုံးခု၏ အမှတ်အသား ပါနေသည်။ မူအားဖြင့် သူ ဤနေရာသို့ မလာသင့်ပေ။ သို့သော် ပြန်စဉ်းစားကြည့်သောအခါ ယဲ့ချန်းဟိုင် ပြောသည်မှာ မှန်နေသည်။ ကုန်သည်ကြီး သုံးခုသည် သံယောဇဉ်ကို အလေးထားသော နေရာမဟုတ်ပေ။
အကယ်၍ နောင်တွင် ဘဏ်လုပ်ငန်းကို ဆက်လုပ်လို့မရတော့လျှင် ဆူမိုသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကုန်သည်ကြီးသုံးခုစုက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
သူသည် နှစ်ပေါင်း ရာနှင့်ချီ နေထိုင်လာခဲ့ပြီး သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည်ဟု ထင်ခဲ့သော်လည်း ယနေ့ ကျွေ့ရှန်းထပ်ခိုးတွင် မူရွှမ်းနှင့် ဆုံခဲ့သည့် မျက်လုံးတစ်ချက်က သူ့ကို အဆုံးမဲ့သော ချောက်ကမ်းပါးကြီးကို ရင်ဆိုင်နေရသကဲ့သို့ အလွန်အမင်း ကြောက်လန့်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သေမှာကို ကြောက်နေဆဲဖြစ်ကြောင်း သူ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိလိုက်ရလေသည်။