အခန်း (၁၉၇) - ချမ်းသာတော့ ဘာဖြစ်လဲ
လူငယ်ကျင့်ကြံသူသည် သူ၏ ဆက်သွယ်ရေးအဆောင်ပေါ်ရှိ ငွေပေးချေမှု အောင်မြင်သည့် မျက်နှာပြင်ကို ကြည့်ကာ အသစ်အဆန်း ဖြစ်နေသော မျက်နှာဖြင့် - “တကယ်ကို အဆင်ပြေတာပဲ ဟားဟားဟား”
“နေဦး... မင်း ဘာလုပ်လိုက်တာလဲ”
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက မျက်လုံးပြူးကာ မေးလိုက်သည်။
လူငယ်ကျင့်ကြံသူက နားမလည်ဘဲ - “ဘာလုပ်လိုက်တာလဲဆိုတာ ဘာကို ပြောတာလဲ”
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက စိတ်တိုတိုဖြင့် - “မင်းက ငါ့အတွက်ပါ ငွေရှင်းပေးလိုက်တာလား”
လူငယ်ကျင့်ကြံသူက လက်ကာပြလိုက်သည် - “အဲဒါ ဘယ်လောက်ရှိလို့လဲ။ ခုနကလည်း မင်း ငါ့အတွက် ရှင်းပေးထားတာပဲလေ။ တို့တွေက ရင်းနှီးတာပဲ၊ အားနာမနေနဲ့”
“အားနာစရာ မဟုတ်ဘူးကွ”
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက ဆဲဆိုလိုက်သည် - “မင်း ရှင်းလိုက်ရင် ငါက ဘာကို စမ်းပြီး ရှင်းရတော့မှာလဲ”
“မြန်မြန်... အမြန်သွားမယ်၊ တခြားဟာတွေ ထပ်ဝယ်ရအောင်။ ဒီတစ်ခါတော့ ငါ ရှင်းမယ်”
“မလိုပါဘူး၊ ငါ ဝယ်တာ ပြည့်စုံနေပြီ”
“သွားမယ်ဆို သွားမယ်ကွာ”
“ဒင်~”
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ၊ ဝိညာဉ်ပုံဆောင်ခဲ ၃ ခု”
“ကျေနပ်သွားပြီ”
နားထဲတွင် ကြည်လင်သော လူသံဖြင့် အသိပေးချက်ကိုကြားလိုက်ရပြီး အဆောင်ပေါ်တွင် ငွေပေးချေမှု အောင်မြင်သည် ဟူသော စာသားကို မြင်လိုက်ရသောအခါ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူသည် သူတစ်ပါးထက် ထူးကဲသော အောင်မြင်မှုတစ်ခုကို ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုက်ဟောင်မြို့တော်၊လန်ယာဆိုင်ခွဲအတွင်း။
ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် သခင်လေးတစ်ဦးသည် မိန်းမလှလေးတစ်ဦး၏ ခါးကို ဖက်ထားရင်း ဆိုင်ရှင်၏လန်ယာပေ့ အကြောင်း ရှင်းပြချက်ကို အလေးအနက် နားထောင်နေသည်။
“မင်းပြောချင်တာက နောင်ကျရင် ငါ ဒီကို ပစ္စည်းလာဝယ်ရင် ဝိညာဉ်ကျောက်တုံးတွေ သယ်လာစရာ မလိုတော့ဘူးပေါ့ ဆက်သွယ်ရေးအဆောင်နဲ့ စကင်ဖတ်ရုံပဲလား”
ဆူဇီယဲ့က နားမလည်နိုင်သလို မေးလိုက်သည်။
ဆိုင်ခွဲမန်နေဂျာက ခေါင်းညိတ်သည် - “မှန်ပါတယ် သခင်လေးဆူ ဒါ့အပြင် ကျွန်တော်တို့ဘက်ကနေ သခင်လေးကို ပြန်ပြီး စကင်ဖတ်လို့လည်း ရပါတယ်။ သခင်လေးဘက်က လန်ယာပေ့ပေါ်မှာရှိတဲ့ ငွေပေးချေမှု တံဆိပ်ကို ဖွင့်ထားပေးရုံပါပဲ”
ဆူဇီယဲ့က စူးစမ်းလိုစိတ်ဖြင့် - “အဲလိုဆိုရင် ဒီသခင်လေး ဒီမှာ ပိုက်ဆံ ဘယ်လောက်သုံးသွားလဲဆိုတာ တခြားလူတွေ ဘယ်လိုသိမှာလဲ”
ဆိုင်ခွဲမန်နေဂျာမှာ ချက်ချင်း သဘောပေါက်သွားသည်။ သူသည် ဤလောကတွင် ကျင်လည်လာသည်မှာ ကြာပြီဖြစ်၍ အဆင့်အတန်း အမျိုးမျိုးရှိသော ဧည့်သည်များ၏ စိတ်ပညာကို ကောင်းစွာ နားလည်သည်။
အထူးသဖြင့် ဤကဲ့သို့သော ချမ်းသာကြွယ်ဝသည့် သခင်လေးများအတွက် ပိုက်ဆံ ဘယ်လောက်ကုန်သွားသည်က အရေးမကြီးဘဲ လူအများ သိရှိသွားပြီး သူတို့၏ ဂုဏ်မျက်နှာတက်လာဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။
“သခင်လေးဆူ ဒီအချက်အတွက် စိတ်ချပါ၊ ကျွန်တော်တို့မှာနည်းလမ်းရှိပါတယ် စမ်းကြည့်လိုက်ရင် သိပါလိမ့်မယ်”
“ဒါဆို စမ်းကြည့်ရအောင်”
ဆူဇီယဲ့မှာ စပ်စုချင်နေသည်။ သူသည် လန်ယာကုန်သည်အသင်း၏သစ္စာရှိ ဖောက်သည်တစ်ဦး ဖြစ်သည်။ သို့သော် ဝတ္ထုဖတ်ခြင်း သို့မဟုတ် ဖိုရမ်ကြည့်ခြင်းတို့တွင် သူသည် ဘေးမှကြည့်ရုံသာ ဖြစ်ခဲ့သည်။
လန်ယာပေ့ကမူ မတူချေ။ ပိုက်ဆံ သုံးစွဲခြင်းမှာ သူကျွမ်းကျင်သော နယ်ပယ်ဖြစ်သည်။
ဆူဇီယဲ့တွင် လန်ဟွမ် အကောင့်ရှိပြီးသား ဖြစ်သောကြောင့် အသစ်ဖွင့်ရန် မလိုပေ။
အရင်က သူ အပ်နှံထားသော ငွေများမှာ အတိုးရရန်အတွက် ပုံသေအပ်နှံထားခြင်း ဖြစ်သည်။ ယခုမူ သုံးစွဲရန်အတွက် ငွေတစ်စုကို ထပ်မံ အပ်နှံလိုက်သည်။
“ဒင်~”
“လန်ယာပေ့မှ လက်ခံရရှိငွေ - ဝိညာဉ်ကျောက်တုံး ၁,၀၀၀,၀၀၀”
ဆက်သွယ်ရေးအဆောင်မှာ အနည်းငယ် တုန်ခါသွားပြီး အသံမှာ တစ်ခန်းလုံးရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။
“ဟား...”
“သခင်လေးဆူက တကယ်ကို ချမ်းသာတာပဲ။ တစ်ခါထဲ ငွေဖြည့်တာတောင် ဝိညာဉ်ကျောက်တုံး တစ်သန်းတဲ့လား”
“ဘာဆန်းလို့လဲ ဆူမိသားစုမှာ ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ဘိုးဘေးကြီး ရှိတာလေ။ သခင်လေးဆူအတွက် တစ်သန်းဆိုတာ မုန့်ဖိုးလောက်တောင် မရှိပါဘူး”
“ငါ့တို့တွေကတော့ မယှဉ်နိုင်ဘူး၊ တကယ်ကို မယှဉ်နိုင်ဘူး”
ပတ်ဝန်းကျင်မှ ပြောဆိုသံများကို နားထောင်ရင်း ဆူဇီယဲ့၏မျက်နှာမှာ ကျေနပ်ပီတိဖြစ်မှုများဖြင့် ပြည့်နှက်သွားသည်။ ထိုက်ဟောင်မြို့၏ထိပ်တန်းသခင်လေး တစ်ဦးအနေဖြင့် သူ အနှစ်သက်ဆုံးမှာ ဤကဲ့သို့ အာရုံစိုက်ခံရခြင်းပင်။
အရင်ကဆိုလျှင် သူ ပိုက်ဆံ ဘယ်လောက်သုံးသည်ကို တစ်ယောက်ယောက်က အံ့ဩတကြီး အော်ပြောပေးမှ လူတွေသိကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ သူကိုယ်တိုင်ပင် ထုတ်ဖော်ပြောရသေးသည်။
အားရစရာကောင်းသော်လည်း ယခုနှင့်ယှဉ်လျှင် အဆင့်အတန်းချင်း ကွာလှသည်။ အရင်နည်းလမ်းမှာ တစ်ဖက်သက် အားစိုက်ရသလို ခံစားရပြီး ယခုကဲ့သို့ လွတ်လပ်ပေါ့ပါးမှု မရှိပေ။
ယခုမူ မည်သူမှအော်ပြောနေစရာ မလိုတော့ချေ။ လန်ယာကုန်သည်အသင်း၏ ငွေပေးချေမှုစနစ်က ၎င်းဘာသာ ကြေညာပေးသည်။
ထိုအသံမှာ စိတ်ခံစားမှုမပါသော်လည်း ထိုကဲ့သို့ ဖြစ်နေခြင်းကပင် ဤသခင်လေး၏ ပေါ့ပေါ့ပါးပါးနှင့် ငွေကို ရေလိုသုံးနိုင်စွမ်းကို ပို၍ ပေါ်လွင်စေသည်။ ကျေနပ်စရာ၊ တကယ့်ကို ကျေနပ်စရာပင်။
“ဟော... ဒါ သခင်လေးဆူ မဟုတ်လား တိုက်ဆိုင်လိုက်တာ”
ရုတ်တရက် အပြင်ဘက် လမ်းမပေါ်မှနေ၍ သိုးမွေးဝတ်စုံနှင့် အဖိုးတန်ဦးထုပ် ဆောင်းထားသော လူတစ်ဦးသည် ခြံရံသူ အမြောက်အမြားနှင့်အတူ ခမ်းနားစွာ လျှောက်ဝင်လာသည်။
“ရန်ရှီအန်း” ဆူဇီယဲ့က လာသူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် - “မင်းလည်း ပစ္စည်းဝယ်ဖို့ လာတာလား”
သခင်လေးရန်သည်လည်း ထိုက်ဟောင်မြို့၏ ထိပ်တန်းသခင်လေးများထဲမှ တစ်ဦး ဖြစ်သည်။ သူသည် လက်ထဲမှ ယပ်တောင်ကို ခပ်ဖွဖွ ယပ်ခပ်ရင်း ခန့်ညားသော အသွင်ကို ဆောင်ထားသည်။
သူသည် လန်ယာကုန်သည်အသင်း၏ ဆိုင်းဘုတ်ကို ကြည့်ကာ လှောင်ပြောင်သလို ခေါင်းခါလိုက်သည်။
“ပစ္စည်းဝယ်ဖို့ လာတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒီမှာ မဟုတ်ဘူး ဟိုဘက်အခြမ်းမှာ”
လန်ယာဆိုင်ခွဲ၏မျက်စောင်းထိုးတွင် ဖုန်းလိုင် ကုန်သည်အသင်း၏ ဆိုင်ခွဲ ရှိသည်။
လန်ယာဆိုင်အတွင်း လူစည်ကားနေသလောက် ထိုဘက်အခြမ်းမှာမူ ခြောက်ကပ် တိတ်ဆိတ်နေသည်။
ဆူဇီယဲ့၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည် - “ဟားဟား... သခင်လေးရန်ရဲ့ အလုပ်လုပ်ပုံက တကယ့်ကို မျှော်လင့်မထားစရာပဲ။ မင်းက အခုထိ ကုန်သည်ကြီး သုံးခုဆီမှာ ပစ္စည်းဝယ်ရဲသေးတာလား”
“ဘာလို့ မဝယ်ရဲရမှာလဲ?” ရန်ရှီအန်းက ပြန်ချေပသည် “လူဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိရမယ်။ သူများပြောတိုင်း လိုက်ယုံလို့ ဘယ်ဖြစ်မလဲ။ ကုန်သည်ကြီး သုံးခုက ပစ္စည်းတွေက စိတ်မချရဘူးလို့ လူတွေ ပြောနေကြတာနဲ့ပဲ မင်းက ယုံသွားတာလား သခင်လေးဆူ”
ဆူဇီယဲ့က တည်ငြိမ်စွာပင် - “ကောင်းကောင်း ပြောနိုင်တယ် အဲဒီစကားကိုပဲ မင်းကို ပြန်ပေးလိုက်မယ် ကုန်သည်ကြီး သုံးခုက နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ညစ်ပတ်တဲ့ အလုပ်တွေကို သူများတွေ မသိရင်တောင်၊ မင်းသာ မသိဘူးဆိုရင်တော့ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်တာ ပိုကောင်းလိမ့်မယ်”
ရန်ရှီအန်းက မထီမဲ့မြင် ပြုလိုက်သည် - “မင်းက တရားမျှတတဲ့သူလိုလိုနဲ့ လုပ်မနေပါနဲ့။ မင်းရော အရင်က ကုန်သည်ကြီး သုံးခုမှာ ပိုက်ဆံတွေ အများကြီး မသုံးခဲ့ဘူးလား”
ဆူဇီယဲ့က ခေါင်းကိုမော့ကာ ကောင်းကင်ကို ၄၅ ဒီဂရီ စောင်းကြည့်ရင်း သက်ပြင်းချလိုက်သည် - “အရင်ကတော့ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလေ အခုတော့ ငါက ကိုယ်ချင်းစာတရားရှိတဲ့ နေရာမှာပဲ ဝယ်ချင်တော့တယ်”
ရန်ရှီအန်း: “...”
တောက်... သူ့ကို အစွမ်းပြဖို့ အခွင့်အရေး ပေးလိုက်မိပြီ!ဒါပေမဲ့ သူပြောတာက ဘာလို့ ဒီလောက် မိုက်နေရတာလဲ။
“ဟမ့်” သူက မသိချင်ယောင်ဆောင်ကာ နှာခေါင်းရှုံ့လိုက်သည် - “ကိုယ်ချင်းစာတရားက ဘာလုပ်လို့ရမှာလဲ ဒီသခင်လေး ဒီကုန်သည်အသင်းမှာ နှစ်ပေါင်းများစွာ ပိုက်ဆံတွေ ဘယ်လောက်တောင် ပုံအောပေးခဲ့လဲ သာမန်ကျင့်ကြံသူလေးတွေကို လိမ်ရင်လိမ်မယ် ငါ့ကိုတော့ သူတို့လိမ်ရဲပါ့မလား”
ဖုန်းလိုင်ဆိုင်ခွဲမှ မန်နေဂျာမှာ အပြင်သို့ ထွက်ကြိုနေသည်မှာ ကြာပြီဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဖော်လံဖားသည့် အပြုံးဖြင့် - “အို... သခင်လေးရန် သခင်လေး ခြေတစ်ချက်ဆောင့်လိုက်ရင် ထိုက်ဟောင်မြို့တစ်မြို့လုံး တုန်လှုပ်သွားမှာပဲ။ ဘယ်သူ့ကို လိမ်ရဲလိမ်ရဲ သခင်လေးကိုတော့ ကျွန်တော်တို့ မလိမ်ရဲပါဘူးခင်ဗျာ”
ရန်ရှီအန်း၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည် - “ဒီနေ့ မင်းတို့ဆိုင်မှာ ပြထားသမျှ ပစ္စည်းအားလုံး ဘာပဲဖြစ်ဖြစ် ငါအကုန်ယူမယ်”
ထိုသို့ပြောပြီးနောက် သူသည် တန်ဖိုးကြီး လက်စွပ်တစ်ခုကို တစ်ဖက်လူထံ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ ဆိုင်မန်နေဂျာက စစ်ဆေးကြည့်လိုက်သောအခါ မျက်နှာမှာ ပန်းတစ်ပွင့်လို ပွင့်လန်းသွားတော့သည်။
ထို့နောက် သူက အကျယ်ကြီး အော်ပြောလိုက်သည် - “သခင်လေးရန်ဆီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်သိန်း လက်ခံရရှိပါတယ် ခဏလေး စောင့်ပါခင်ဗျာ၊ ပစ္စည်းအားလုံးကို သခင်လေးရဲ့ အိမ်တော်ကို ချက်ချင်း ပို့ဆောင်ပေးဖို့ စီစဉ်လိုက်ပါ့မယ်”
“အင်း။” ရန်ရှီအန်းက တည်တည်ငြိမ်ငြိမ်ဖြင့် သက်ပြင်းချလိုက်သည် - “တကယ်တော့ ဒီပစ္စည်းတွေက ငါ့အတွက် မလိုအပ်ပါဘူး၊ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေက အရမ်းများနေတော့ မသုံးရင် ပုပ်သိုးကုန်မှာ စိုးလို့ သုံးလို့မရရင်လည်း ထားလိုက်ပေါ့ ရန်မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် ပစ္စည်းတစ်ခုဝယ်ဖို့ တန်မတန် စဉ်းစားနေရမှာက ရှက်စရာကြီးပဲ မဟုတ်လား”
“မင်းလည်း အဲလိုထင်တယ် မဟုတ်လား သခင်လေးဆူ”
ဆူဇီယဲ့က မထီမဲ့မြင် ရွဲ့လိုက်သည် - “တကယ့်ကို အဆင့်မရှိတာပဲ ”
ရန်ရှီအန်း: “.....”