အခန်း (၁၉၆) - ဒီလောက်လွယ်တာလား
ဖောက်သည်များအားလုံး ဝိုင်းအုံလာကြပြီး သူတို့၏ မျက်နှာများတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေသည်။
ကျန့်ရူယွဲ့ သည် ဖောက်သည်၏ ဆက်သွယ်ရေးအဆောင်ကို ယူကာ လန်ယာပေ့ကို ဖွင့်လိုက်သည်။
လရောင်ကဲ့သို့ တောက်ပသော အလင်းတန်းများသည်အဆောင်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်တာပေါ်ရှိ ငွေကြေးတံဆိပ်ခတ်နှိပ်မှုပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
ထိုအလင်းတန်းများသည် မမြင်နိုင်သော အမှုန်အမွှားလေးများ ပါဝင်နေသကဲ့သို့ ငွေကြေးတံဆိပ်ပေါ်ရှိ ရွန်းစာလုံးများကို တစ်လက်မချင်း စကင်ဖတ်သွားတော့သည်။ ထိုလုပ်ငန်းစဉ်မှာ အလွန်လျင်မြန်သော်လည်း အလွန်ပင် တည်ငြိမ်လှသည်။
နောက်တစ်ခဏတွင် ကြည်လင်သော “ဒင်~” ဆိုသည့် အသံလေး ထွက်ပေါ်လာသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် လူသားတစ်ဦး၏အသံဖြင့် ကြေညာချက် ထွက်ပေါ်လာသည် - “လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ ဝိညာဉ်ပုံဆောင်ခဲ (၇၂) ခု”
ထိုရုတ်တရက်ထွက်လာသော အသံကြောင့် ဘေးမှကြည့်နေသူများ အနည်းငယ် လန့်သွားကြသည်။ သူတို့ အံ့အားသင့်သွားကြသော်လည်း မကြာမီမှာပင် အံ့ဩစိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည် - “ဒါပဲလား ပြီးသွားပြီလား”
ကျန့်ရူယွဲ့က ပြုံးလျက် ခေါင်းညိတ်ကာအဆောင်ကို ဖောက်သည်ထံ လက်နှစ်ဖက်ဖြင့် ပြန်ကမ်းပေးလိုက်သည် - “ပြီးသွားပါပြီရှင်”
“ဒီလောက်တောင် မြန်တာလား”
“ဒါ တကယ့်ကို အဆင်ပြေလွန်းတယ်”
“ဟား ဒါ တော်တော် မိုက်တာပဲ”
“ငါလည်း စမ်းကြည့်ဦးမယ်”
ပတ်ဝန်းကျင်ရှိ ဖောက်သည်များမှာ စိတ်လှုပ်ရှားသွားကြပြီး သူတို့၏အဆောင်များကို ကိုင်ကာ ရှေ့သို့ တိုးဝှေ့လာကြသည်။
ကျန့်ရူယွဲ့က လက်ကာပြရင်း အကြိမ်ကြိမ် သတိပေးနေရသည် - “အားလုံးပဲ အလျင်မလိုကြပါနဲ့ရှင်။ ကျွန်မတို့ရဲ့လန်ယာပေ့က အာရုံခံနိုင်တဲ့ အကွာအဝေး တော်တော်ဝေးပါတယ်။ စကင်ဖတ်ဖို့အတွက် အနီးကပ်ကြီး ရပ်နေစရာ မလိုပါဘူး”
ထိုစကားကို ကြားသောအခါ လူအုပ်ထဲ မတိုးနိုင်သည့် ဖောက်သည်အချို့မှာ သူတို့၏အဆောင်များကို အပေါ်သို့ မြှောက်ကိုင်ကာ စမ်းကြည့်ကြသည်။
သေချာပေါက်ပင် လန်ယာပေ့ကို ဖွင့်လိုက်သည်နှင့် အလင်းတန်းများ ထွက်ပေါ်လာပြီး ငွေကြေးတံဆိပ်ပေါ်သို့ တိကျစွာ ကျရောက်သွားတော့သည်။
“ဒင်~”
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံး”
“ဒင်~”
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၇ တုံး”
“ဒင်~”
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ...”
ခဏအတွင်းမှာပင် ငွေဝင်သည့် အသိပေးသံများမှာ အခန်းအတွင်း တစ်ဆက်တည်း ပြည့်နှက်သွားတော့သည်။
“စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ငါ ပစ္စည်းတွေ ထပ်ဝယ်ဦးမယ်”
ဖောက်သည်တစ်ဦးမှာ ကစားစရာအသစ်တစ်ခု တွေ့သွားသကဲ့သို့ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ သူဝယ်ထားသော ပစ္စည်းများကို ဝိညာဉ်အိတ်ထဲ ထည့်လိုက်ပြီး ဆိုင်အတွင်းသို့ ပြန်ဝင်ကာ ပစ္စည်းထပ်ရွေးနေတော့သည်။
“ရှောင်လန်၊ ယာအာ ဟိုဘက်ကိုသွားပြီး အခုမှရောက်လာတဲ့ ဖောက်သည်တွေကို လန်ယာပေ့ ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးလိုက်ကြ”
“ဟုတ်ကဲ့”
“ရှောင်ရှန်း အပေါ်ထပ်ကို သွားလိုက်ဦး။ ဧည့်သည်တွေကို သေသေချာချာနဲ့ စိတ်ရှည်လက်ရှည် ဝန်ဆောင်မှုပေးဖို့ မမေ့နဲ့ဦး”
“နားလည်ပါပြီ ဆိုင်ရှင်”
“နေဦး... ဒါနဲ့ ဘယ်လိုပေးရတာလဲ ဘယ်သူမဆို လုပ်လို့ရတာလား”
“ကျွန်မတို့ လန်ဟွမ်ကျောက်စိမ်းဆောင်မှာ အကောင့်ရှိဖို့နဲ့ အဲဒီအကောင့်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိဖို့ လိုပါတယ်ရှင်။ စီနီယာမှာ အကောင့်ရှိပြီးပြီလား”
“မရှိသေးဘူး”
“အဆင်ပြေတာပေါ့ ကျွန်မတို့ အဆောင်အွန်လိုင်းကနေ အကောင့်ဖွင့်ပေးတဲ့ ဝန်ဆောင်မှု စတင်နေပါပြီ။ ဒီဘက်ကို ကြွပါ၊ ကျွန်မ ကူညီပေးပါ့မယ်”
အခန်းအတွင်းရှိ စည်ကားနေသော မြင်ကွင်းကို ကြည့်ရင်း ကျန့်ရူယွဲ့၏ မျက်နှာတွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။
အမှန်အတိုင်းပြောရလျှင် သူမအတွက်လည်း လန်ယာပေ့ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
အထက်ကပေးအပ်ထားသော တာဝန်ကို အမှားအယွင်းဖြစ်မှာ စိုးရိမ်နေခဲ့သော်လည်း ယခုမူ သူမ စိုးရိမ်သလောက် မဟုတ်တော့ပေ။
ဤမြို့တော်ရှိ ကျင့်ကြံသူများသည် အသစ်အဆန်းများကို လက်ခံနိုင်စွမ်းမှာ သူမ ထင်ထားသည်ထက် ပို၍ မြင့်မားလှသည်။
သို့သော် ထိုကဲ့သို့ အဆင်ပြေလွယ်ကူသည့် အရာများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ စတင်ပေါ်ပေါက်လာချိန်တွင် မဟုတ်ဘဲ ထိုအဆင်ပြေမှုမှာ အလေ့အထတစ်ခု ဖြစ်သွားသည့်အချိန်တွင် လူများသည် ခက်ခဲသော နည်းလမ်းဟောင်းများဆီသို့ ပြန်မသွားချင်တော့ခြင်းပင် ဖြစ်ကြောင်း သူမ မသိသေးချေ။
မြို့ငယ်လေးတစ်ခုတွင် ကျင့်ကြံသူ နှစ်ဦးသည် ဒေသခံ လန်ယာဆိုင်ခွဲ၌ နေ့စဉ်ကျင့်ကြံခြင်းအတွက် လိုအပ်သော ဆေးလုံးများကို ဝယ်ယူနေကြသည်။
ဝယ်ယူပြီးနောက် သူတို့နှစ်ဦးမှာ ငွေရှင်းရန် ကောင်တာသို့ လျှောက်လာကြသည်။ ဆိုင်ရှင်က သူတို့ခါးရှိအဆောင်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် - “အားလုံးပေါင်း ဝိညာဉ်ပုံဆောင်ခဲ (၁၀၈) ခု ကျပါတယ်ရှင်။ ရှင်တို့နှစ်ယောက်လုံးက ထျန်းဝမ်အဆောင် သုံးစွဲသူတွေလား”
“ဟုတ်တယ် ဘာဖြစ်လို့လဲ” သူတို့က နားမလည်ဘဲ မေးလိုက်သည်။
“ကျွန်မတို့ လန်ယာကုန်သည်အသင်းက အခုမှ စတင်လိုက်တဲ့ လန်ယာပေ့ကို စမ်းသုံးကြည့်ချင်လားဟင် တော်တော်လေး အဆင်ပြေပါတယ်ရှင်။”
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည် - “မလုပ်တော့ပါဘူး၊ ငါက ရှုပ်ရှုပ်ရှယှတွေကို မကြိုက်ဘူး”
အခြား လူငယ်ကျင့်ကြံသူကမူ - “ငါ ဖိုရမ်မှာ တွေ့လိုက်တယ်။ အဲဒါ တော်တော် အသုံးဝင်ပြီး အဆင်ပြေတယ်လို့ ပြောကြတယ် ဒါပေမဲ့ လန်ဟွမ်ကျောက်စိမ်းဆောင်မှာ အရင်ဆုံး အကောင့်ဖွင့်ပြီး ပိုက်ဆံအပ်ထားရမှာ မဟုတ်လား”
ဆိုင်ရှင်က ခေါင်းညိတ်သည် - “မှန်ပါတယ်ရှင် အဲလိုမျိုး လုပ်ဆောင်ရမှာပါ။”
ထိုစကားကို ကြားသောအခါ မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက ပို၍ မျက်မှောင်ကြုတ်သွားသည် - “ပစ္စည်းလေးဝယ်ဖို့ကို ဘဏ်အထိ သွားရဦးမှာလား ရှုပ်လိုက်တာ မလုပ်တော့ဘူး”
ဆိုင်ရှင်က အမြန်ပြောလိုက်သည် - “မရှုပ်ပါဘူးရှင် အခုကျွန်မတို့ ဆိုင်ကနေ တိုက်ရိုက်လုပ်ပေးလို့ ရပါတယ်။ ပိုက်ဆံကို ကျွန်မတို့ဆီ ပေးလိုက်ရင် အဝေးကနေ အကောင့်ဖွင့်ပေးပြီး ပိုက်ဆံထည့်ပေးလို့ ရပါတယ်။ အချိန် ၁၀ မိနစ်လောက်ပဲ ကြာမှာပါ။ ပြီးတော့ တစ်ခါပဲလုပ်ဖို့ လိုတာပါ။ အကောင့်ရှိသွားပြီဆိုရင်နောက်ပိုင်း အရာအားလုံးက လွယ်ကူသွားပါလိမ့်မယ်”
၁၀ မိနစ်ဟု ကြားသောအခါ မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူမှာ စိတ်မရှည်သလို ဖြစ်သွားပြန်သည်။ သူသည် အလုပ်ရှုပ်ခြင်းကို အလွန်မုန်းသူ ဖြစ်သည်။
ဆိုင်ရှင်က သူ၏ အမူအရာကို ကြည့်ကာ ဆက်ပြောသည် - “ဒါ့အပြင် ကျွန်မတို့မှာ ပရိုမိုးရှင်းရှိပါတယ်ရှင်။ အကောင့်အသစ် ဖွင့်သူတွေအတွက် ဝိညာဉ်ပုံဆောင်ခဲ ၁၀ ခု လျှော့စျေးကူပွန် ရပါမယ်။ ဒါကြောင့် အခု ဝယ်တဲ့ ပစ္စည်းတွေအတွက် ၁၀ ခု သက်သာသွားမှာပါ”
ထိုသို့ကြားလိုက်ရသောအခါ မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူ၏ မျက်မှောင်ကြုတ်နေမှုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည် - “၁၀ ခုတောင် သက်သာမှာလား တကယ်ရော မြန်ရဲ့လား”
ဆိုင်ရှင်က ချက်ချင်း ကတိပေးလိုက်သည် - “သေချာပါတယ်ရှင်။”
ကျင့်ကြံသူ နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လူငယ်ကျင့်ကြံသူက - “ငါ့အထင်တော့ ဒါက တန်ပါတယ်။ ဝိညာဉ်ပုံဆောင်ခဲ ၁၀ ခုကို ဘာလို့ ငြင်းမှာလဲ”
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက ခေါင်းညိတ်ကာ - “ကောင်းပြီလေ၊ မြန်မြန်လုပ်ပေး”
မကြာမီတွင် ဆိုင်ဝန်ထမ်း၏ အကူအညီဖြင့် သူတို့မှာ အကောင့်ဖွင့်ပြီး ဝိညာဉ်ကျောက်တုံးအချို့ကို အောင်မြင်စွာ အပ်နှံလိုက်ကြသည်။
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူက ဝိညာဉ်ကျောက်တုံး ၂ တုံး အပ်နှံပြီး လူငယ်ကျင့်ကြံသူက ၅ တုံး အပ်နှံလိုက်သည်။
ထို့နောက် ကောင်တာသို့ ပြန်လာကာ ငွေရှင်းကြသည်။ ဝန်ထမ်းက စိတ်ရှည်လက်ရှည်ဖြင့် လန်ယာပေ့ကို ဘယ်လိုသုံးရမလဲဆိုသည်ကို လမ်းညွှန်ပေးသည်။
သူတို့သည် ရိုးရှင်းသော စကင်ဖတ်ငွေပေးချေမှုကို အောင်မြင်စွာ လုပ်ဆောင်လိုက်ကြသည်။
“ဒင်~”
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ၊ ဝိညာဉ်ပုံဆောင်ခဲ ၉၈ ခု”
“ဒါပဲလား” မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူမှာ လုပ်ငန်းစဉ်တစ်ခုလုံးကို ကြည့်ကာ မျက်လုံးများ လင်းလက်သွားသည် - “နောင်လည်း ဒီလိုပဲ အမြဲပေးလို့ရတာလား”
ဆိုင်ရှင်က ခေါင်းညိတ်သည် - “ဟုတ်ပါတယ်ရှင် အကောင့်ထဲမှာ ပိုက်ဆံရှိသရွေ့ စကင်ဖတ်ပြီး ပေးရုံပါပဲ”
“စိတ်ဝင်စားဖို့ကောင်းသားပဲ"
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူသည် သူ၏အဆောင်ပေါ်ရှိ လက်ကျန်ငွေ ဝိညာဉ်ကျောက်တုံး ၁ခုနှင့် ဝိညာဉ်ပုံဆောင်ခဲ ၂ခုကို ကြည့်ကာ ပြုံးလိုက်သည် - “ငါ ဝယ်ဖို့ ကျန်နေတာလေးတွေ ရှိသေးတာ သတိရလိုက်တယ်။ ပြန်သွားကြည့်ဦးမယ်”
လူငယ်ကျင့်ကြံသူကလည်း သူ၏ သူငယ်ချင်းနောက်သို့ လိုက်သွားသည် - “နေဦး... ငါလည်း ဝယ်စရာ ကျန်သေးတယ်”
မကြာမီတွင် သူတို့နှစ်ဦးမှာ ကောင်တာသို့ တစ်ဖန် ပြန်ရောက်လာကြသည်။ သူတို့လက်ထဲတွင်အဆောင်စက္ကူအလွတ်များကဲ့သို့သော ပစ္စည်းအသေးအဖွဲလေးများသာ ပါလာသည်။ တစ်ခုချင်းစီမှာ ဝိညာဉ်ပုံဆောင်ခဲ အနည်းငယ်သာ ကျသင့်သည်။
မုတ်ဆိတ်ဆိတ်နှင့် ကျင့်ကြံသူသည် သူ၏အဆောင်ကို ထုတ်ယူကာ ဝန်ထမ်းသင်ပေးထားသည့်အတိုင်း လုပ်ဆောင်သည်။
သူသည် လန်ယာပေ့ စကင်ဖတ်သည့် မျက်နှာပြင်ကိုဖွင့်ကာ ဤအသစ်အဆန်း ခံစားချက်ကို ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေသည်။
ရုတ်တရက် သူ၏ဘေးနားမှ “ဒင်~” ဆိုသည့် အသံလေး ထွက်ပေါ်လာသည်။
“လန်ယာပေ့က ငွေပေးချေမှု လက်ခံရရှိပါပြီ၊ ဝိညာဉ်ပုံဆောင်ခဲ ၁၂ ခု”
နေဦးငါစကင်တောင်မဖတ်ရသေးဘူးလေ။