အခန်း (၁၉၅) ပစ္စည်းဝယ်ဖို့ ပိုက်ဆံသယ်စရာ မလိုတော့ဘူးလား
ထန်ချန်း၏မျက်နှာမှာ ရေကဲ့သို့ အေးစက်တည်ငြိမ်နေသည်။
လီရှောင်မြို့တော်မှာ အလွန်ကြီးမားသည်။
တစ်ဦးနှင့်တစ်ဦး ဖောက်သည်လုခြင်း မဖြစ်စေရန် ဤမြို့ရှိ ကုန်သည်ကြီး သုံးခု၏ ဆိုင်များသည် ပုံမှန်အားဖြင့် ခပ်ဝေးဝေးတွင်သာ ရှိကြသည်။
ယခုမူ လန်ယာကုန်သည်အသင်းသည် လီရှောင်မြို့သို့ ဝင်ရောက်လာပြီး ၎င်း၏ ပထမဆုံးဆိုင်ခွဲကို သူ၏ဖုန်းလိုင် ကုန်သည်အသင်း၏ မျက်စောင်းထိုး တည့်တည့်တွင် လာဖွင့်ထားသည်။
ဤသည်မှာ ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင်။ အခက်တွေ့နေချိန်ကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်သည်။
သို့သော် သူ့ကို ပို၍ဒေါသထွက်စေသည်မှာ ယခုအချိန်တွင် သူ ဘာမှမလုပ်နိုင်ခြင်းပင်။
မူလက သူတို့ပိုင်ဆိုင်ရမည့် စီးပွားရေးနှင့် ဝိညာဉ်ကျောက်တုံးများကို လန်ယာကုန်သည်အသင်းက ဝါးမြိုနေသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
“သခင်လေး အများကြီး စိတ်ပူမနေပါနဲ့”
ဆိုင်ခွဲမန်နေဂျာက သူ့ကို နှစ်သိမ့်ရန် ကြိုးစားသည် - “ဒီဆိုင်ခွဲ တစ်ခုတည်းမှာရှိတဲ့ ကုန်ပစ္စည်းက အကန့်အသတ် ရှိပါတယ်။ သူတို့ ဒီလောက်များတဲ့ ဖောက်သည်တွေကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ သူတို့ဆီမှာ ပစ္စည်းပြတ်သွားရင် အဲဒီလူတွေ တို့ဆီ ပြန်လာကြမှာပါ”
ထန်ချန်းက သူ့ကိုရုတ်တရက် ကြည့်လိုက်ပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် - “မင်း ဘယ်လိုလုပ်ပြီး မန်နေဂျာ ဖြစ်လာတာလဲ”
မန်နေဂျာက ခေါင်းကို ကုပ်ရင်း ဖော်လံဖားသည့် အမူအရာဖြင့် - “ကျွန်တော်က သခင်လေးနဲ့ နည်းနည်းတူလို့လေ”
ထန်ချန်: “.....”
“ကျွန်တော်လည်း မိန်းမဘက်က မိသားစုထဲကို ဝင်နေရတာပါ ကျွန်တော့်ယောက္ခမက အသင်းက အကြီးအကဲ လျူနဲ့ မိတ်ဆွေဟောင်းတွေလေ”
ထန်ချန်း၏ မျက်နှာမှာ တွန့်လိမ်သွားသည် - “ထွက်သွားစမ်း”
“ဟုတ်ကဲ့” မန်နေဂျာမှာ သုတ်ခြေတင် ပြေးတော့သည်။
ထန်ချန်းမှာ အလွန်အမင်း ဒေါသထွက်နေသည်။ အသုံးမကျတဲ့ကောင်တွေ အထက်ကနေ အောက်ခြေအထိ ဒီလို ကပ်ပါးရပ်ပါးတွေ ဘယ်လောက်တောင် များနေပြီလဲ မသိဘူး စီးပွားရေးတွေ ကျဆင်းနေတာ မဆန်းတော့ပါဘူး။
“ဝမ်မုမင်း အရမ်း မပျော်လိုက်နဲ့ဦး။ ငါ မရှုံးသေးဘူး”
နွေဦးနှောင်းပိုင်း ရောက်လာပြီ ဖြစ်သည်။ မြောက်ပင်လယ် ကမ်းရိုးတန်းမှ လေပြေမှာ အရိုးကွဲမတတ် အေးစက်ခြင်း မရှိတော့ပေ။လမ်းဘေးရှိ သစ်ပင်များအောက်တွင် ပန်းငုံလေးများ စတင်ပွင့်ဖူးလာသည်။
လန်ယာကုန်သည်အသင်း၏ ယခုချဲ့ထွင်မှုမှာ ကြိုတင်ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သဖြင့် အလွန်လျင်မြန်ပြီး ပြတ်သားလှသည်။
ကုန်သည်ကြီး သုံးခု၏ အမာခံနယ်မြေဟု ယူဆထားသော မြို့တိုင်းတွင် ယခုအခါ လန်ယာကုန်သည်အသင်း ဆိုင်ခွဲများ ရှိနေပြီဖြစ်သည်။
လန်ယာကုန်သည်အသင်း ရောက်လေရာတိုင်းတွင် လူအများ လုယက်ဝယ်ယူသည့် မြင်ကွင်းများမှာ မလွဲမသွေ ပေါ်ပေါက်လာသည်။
ဤကာလအတွင်း လန်ယာဖိုရမ်၌ အပြောအများဆုံး မေးခွန်းမှာ - “နောက်ထပ် ဘယ်မြို့မှာ ဆိုင်ခွဲဖွင့်ဦးမှာလဲ” ဟူ၍ ဖြစ်သည်။
သတင်းရသည်နှင့် ထိုဒေသရှိ ကျင့်ကြံသူများသည် ငွေများကို ကြိုတင်စုဆောင်းထားကြပြီး ဆိုင်ဖွင့်သည်နှင့် ပြေးဝယ်ရန် အသင့်ပြင်ထားကြသည်။
ဤဖြစ်စဉ်ကြောင့်ပင် ထိုဒေသရှိ အခြားကုန်သည်အသင်းများမှာ မကြုံစဖူး ဆိုးရွားသော စီးပွားရေး ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။
“ပြီးခဲ့တဲ့လအတွင်းမှာ နေရာအသီးသီးက ကျွန်တော်တို့အသင်းရဲ့ အမြတ်ငွေတွေ အတော်လေး ကျဆင်းသွားပါတယ်။
အကြမ်းဖျင်း တွက်ချက်ကြည့်ရင် အရင်နှစ်တွေကထက် အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်”
ခန်းမအတွင်း လေထုမှာ လေးလံနေသည်။ စီဟိုင် ကုန်သည်အသင်းမှ တာဝန်ရှိသူက အလွန်ပင် မသာမယာသော မျက်နှာထားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
၆၀ ရာခိုင်နှုန်းဆိုသည်မှာ အလွန်ကြီးမားသော ပမာဏဖြစ်ပြီး ၎င်းတို့၏ အသက်သွေးကြောကို ထိခိုက်စေသည့် ဒဏ်ရာပင် ဖြစ်သည်။
“ကျွန်တော်တို့အသင်းကတော့ နည်းနည်း သက်သာပေမဲ့ ၅၀ ရာခိုင်နှုန်းတော့ ကျော်နေပြီ” ယွန်ကုန်း ကုန်သည်အသင်း၏ တာဝန်ရှိသူအသစ်ဖြစ်သော မုတ်ဆိတ်ဗလပွနှင့် ကျင့်ကြံသူက သက်ပြင်းချရင်း ဆိုသည်။
ထိုက်ရှူးထုံမှာ ဘာမှမပြောဘဲ မျက်နှာမှာ မည်းမှောင်နေသည်။ သူတို့၏ ဖုန်းလိုင်ကုန်သည်အသင်းမှာ အဆိုးဆုံး ဖြစ်ပြီး ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။ ဤသည်မှာ အမှိုက်ပုံထဲသို့ အပြတ်အသတ် ရိုက်ချခံလိုက်ရခြင်းပင်။
လန်ယာကုန်သည်အသင်း ရောက်လာလျှင် အခြေအနေ ခက်ခဲမည်ဟု သူ မျှော်လင့်ထားသော်လည်း ဤမျှအထိ တစ်ဖက်သတ် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
လန်ယာကုန်သည်အသင်းသည် တိုက်စစ်ပင် မဆင်ရသေးဘဲ ထိုနေရာတွင် ပေါ်လာရုံဖြင့် သူတို့မှာ ပြန်မခုခံနိုင်တော့ချေ။
“ငါတို့ ဘာလုပ်သင့်လဲ”
“ဒီအတိုင်းဆိုရင် နေ့တိုင်းဝိညာဉ်ကျောက်တုံးတွေ အများကြီး ဆုံးရှုံးနေရဦးမှာပဲ”
“ဈေးနှုန်းလျှော့ချပြီး တိုက်စစ်ဆင်ရအောင် ပိုက်ဆံကို ရေလိုသုံးပြီးတိုက်မယ်”
တစ်ယောက်က ထရပ်ကာ ရူးသွပ်နေသော မျက်လုံးများဖြင့် - “တို့ ကုန်သည်ကြီးသုံးခုရဲ့ ငွေကြေးအင်အားကို ပေါင်းလိုက်ရင်၊ ပိုက်ဆံအကုန်ခံဖို့ အသင့်ရှိနေသရွေ့ ဆုံးရှုံးသွားတဲ့ ဖောက်သည်တွေကို ပြန်လုယူနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ အခြားသူများမှာ စဉ်းစားဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် - “ဒါပေမဲ့ လန်ဟွမ်ကျောက်စိမ်းဆောင်စုဆောင်းထားတဲ့ ငွေအင်အားကလည်း နည်းမှာမဟုတ်ဘူးနော်”
အခြားတစ်ယောက်က ပြန်ချေပသည် - “ဘာပဲဖြစ်ဖြစ် တို့တွေ နှစ်ပေါင်းထောင်ချီ စုဆောင်းထားတာထက်တော့ မများနိုင်ပါဘူး။”
ထန်ချန်းကလည်း ထောက်ခံသည် - “ဟုတ်တယ်။ဒီအတိုင်း ငြိမ်နေလို့မဖြစ်ဘူး။ စီးပွားရေးကို အရင်ပြန်လုရမယ်။ သူတို့ ဆက်ပြိုင်ချင်ရင် ပိုက်ဆံအပြတ်အသတ် အကုန်ခံပြီး ပြိုင်ခိုင်းလိုက်မယ်”
ထိုက်ရှူးထုံက လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ခါးရှိ ဆက်သွယ်ရေးအဆောင်မှာ လင်းလက်လာသည်။
သူ ၎င်းကို ဖြုတ်ယူကြည့်လိုက်ရာ မျက်လုံးများမှာ သံသယမှသည် ရုတ်တရက် ထိတ်လန့်သွားသည့် အမူအရာသို့ ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ထျန်းဝမ်အသုံးပြုသူ အားလုံးမှာ သူတို့၏ ဆက်သွယ်ရေးအဆောင်တွင် အဆင့်မြှင့်တင်မှုလုပ်ရန် အသိပေးချက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“ဟင် အဆင့်မြှင့်မှု ထပ်လာပြန်ပြီလား”
“ပြီးခဲ့တဲ့အခေါက်က ဝတ္ထုတွေ ထည့်ပေးထားတာ။ ဒီတစ်ခါ ဘာဖြစ်မလဲ”
မကြာမီ အဆင့်မြှင့်တင်မှု ပြီးသွားသောအခါ ပင်မစာမျက်နှာတွင် လန်ယာပေဟု အမည်ရသော ဂဏ္ဍာတစ်ခု ထပ်တိုးလာသည်ကို တွေ့ရသည်။
“လန်ယာပေ လန်ဟွမ်ကျောက်စိမ်းဆောင်နဲ့ ဆိုင်ပုံရတယ်။ ထီဝယ်ဖို့အတွက်လား”
“ဘယ်လိုသုံးရမလဲ မသိဘူး။”
“ဖိုရမ်မှာ သွားကြည့် အဲဒီမှာ မိတ်ဆက်ပေးထားတယ်”
လန်ယာဖိုရမ်တွင်ခေါင်းစဉ်တစ်ခုမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိလာသည် - [လန်ဟွမ်ကျောက်စိမ်းဆောင်က လန်ယာေ ကို မိတ်ဆက်လိုက်ပြီ။ ဝိညာဉ်ကျောက်တုံး သယ်စရာမလိုဘဲ ပစ္စည်းဝယ်ယူနိုင်ပြီ။ ၎င်းသည် ငါးပါးဒေသ၏ ကုန်သွယ်မှုလောကကို ပြောင်းလဲစေနိုင်သည်]
လူအများအပြားမှာ ထိုပို့စ်ကို ဝင်ကြည့်လိုက်ကြရာ ချက်ချင်း အံ့အားသင့်သွားကြသည်။
ပို့စ်၏ဆိုလိုရင်းမှာ ရှင်းလင်းပါသည် - “နောင်တွင် လန်ယာကုန်သည်အသင်း၌ ပစ္စည်းဝယ်လျှင် ပိုက်ဆံသယ်စရာ မလိုတော့ဘဲ ဆက်သွယ်ရေးအဆောင်တစ်ခုရှိရုံဖြင့် ရပါပြီ”
အသုံးပြုသူသည် ထျန်းဝမ်အဆောင်ကို အသုံးပြုပြီး လန်ဟွမ်ကျောက်စိမ်းဆောင်တွင် ငွေစုအကောင့်တစ်ခု ဖွင့်ထားရုံဖြင့် အကောင့်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက် သုံးစွဲနိုင်မည်ဖြစ်သည်။ ငွေပေးချေခြင်းနှင့် အသုံးပြုသူ အချင်းချင်း ငွေလွှဲခြင်းများကိုလည်း ပြုလုပ်နိုင်သည်။ လွယ်ကူလျင်မြန်လှသည်။
ပို့စ်အောက်တွင် လူပေါင်းများစွာ ဆွေးနွေးနေကြသည်။
* “ပိုက်ဆံမပါဘဲ ပစ္စည်းဝယ်လို့ရတယ် တကယ်ကြီးလား”
* “ပို့စ်ကို သေချာဖတ်ပါဦး။ ပိုက်ဆံပေးရတာပဲ.လက်ထဲကနေ ပေးစရာမလိုတာ”
* “ငါနားလည်ပြီ။လန်ဟွမ်ကျောက်စိမ်းဆောင်မှာ ပိုက်ဆံအပ်ထားမယ် ပစ္စည်းဝယ်တဲ့အခါ ဘဏ်ထဲကနေ တိုက်ရိုက်နှုတ်ပြီး ပေးလိုက်တာပေါ့။ ဟုတ်လား”
* “ဟင်း... ဒါ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ”
* “အပြင်သွားရင် ဝိညာဉ်ကျောက်တုံးတွေ သယ်မနေရတော့ဘူးပေါ့ အဆင်ပြေလိုက်တာ”
လီရှောင်မြို့တော်၊ လန်ယာဆိုင်ခွဲ။
မန်နေဂျာ ကျန့်ရူယွဲ့သည် ကောင်တာပေါ်တွင် လေးထောင့်ပုံစံ သစ်သားပြားလေးတစ်ခုကို တင်ထားသည်။ ထိုသစ်သားပြားပေါ်တွင် အလွန်သေးငယ်သော ရွန်းစာလုံးပေါင်း ထောင်သောင်းချီ၍ ပါဝင်သော ရှုပ်ထွေးသည့် ပုံစံများ ရေးဆွဲထားပြီး အရုဏ်ဦးအလင်းရောင်ကဲ့သို့ ဖျော့တော့စွာ လင်းလက်နေကာ အခိုက်အတန့်တိုင်း ပြောင်းလဲနေပုံရသည်။ ထိုရွန်းစာလုံးများ စုစည်းလိုက်သောအခါ ဒင်္ဂါးပြားပုံစံလေးတစ်ခု ဖြစ်ပေါ်နေသည်။
ယနေ့ ဆိုင်ဖွင့်ကာစဖြစ်သော်လည်း အပြင်တွင် ကျင့်ကြံသူ အမြောက်အမြား စောင့်ဆိုင်းနေကြသည်။ တံခါးဖွင့်သည်နှင့် လူအများအပြား တိုးဝှေ့ဝင်ရောက်လာကြသည်။
မကြာမီတွင် ပစ္စည်းအချို့ ရွေးချယ်ထားသော လူငယ်ကျင့်ကြံသူတစ်ဦးမှာ ငွေရှင်းရန် ကောင်တာသို့ ရောက်လာသည်။
“မန်နေဂျာကျန့် ဒီမှာ လန်ယာပေ့ကို သုံးလို့ရတယ်လို့ ကြားတယ်၊ အဲဒါ ဘယ်လိုသုံးရမလဲ” လူငယ်ကျင့်ကြံသူသည် လက်တစ်ဖက်တွင် ဆက်သွယ်ရေးအဆောင်ကို ကိုင်ထားရင်း စပ်စုလိုသော မျက်နှာဖြင့် မေးလိုက်သည်။
ကျန့်ရူယွဲ့က ချိုသာစွာ ပြုံးလိုက်သည် - “ရိုးရှင်းပါတယ် သခင်လေး။ ကျွန်မ သင်ပေးပါ့မယ်"