အခန်း (၁၉၄) သူက ငါတို့ကို အသက်ရှင်လမ်း မပေးတော့ဘူး
“ဟေး... မိတ်ဆွေ ဝူ၊ ပစ္စည်းတွေ အများကြီး ဝယ်လာတာလား”
“ဟားဟား... ဟုတ်တယ်ဗျ”
“ဘာလို့ ဝိညာဉ်အိတ်ထဲ မထည့်တာလဲ ဒီလိုကြီး သယ်ရတာ ပင်ပန်းမှာပေါ့။”
“ပင်ပန်းတယ် မပင်ပန်းပါဘူး ဒါက ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်တာပဲလေ အဓိကကတော့ အိတ်ထဲထည့်ထားလို့ တစ်ခုခု ချို့ယွင်းသွားရင် ဒီသေတ္တာတွေပေါ်က လန်ယာကုန်သည်အသင်းတံဆိပ်လေးတွေ ပျက်သွားမှာ စိုးလို့ဗျ။”
ယဲ့ကျန့် က ဝူလန်ကို အရူးတစ်ယောက်လို ကြည့်ကာ မျက်လုံးပြူးသွားသည်။
ဝိညာဉ်အိတ်က ချို့ယွင်းသွားနိုင်တယ် မင်းရဲ့ ခန္ဓာကိုယ်ချို့ယွင်းသွားဖို့ကမှ ပိုဖြစ်နိုင်ဦးမယ် မင်းသေသွားရင်တောင် အဲဒီအိတ်က ကောင်းနေဦးမှာပဲ။
နေဦး— မဟုတ်သေးဘူး။
ယဲ့ကျန့်သည် ထိုလူ ပြောချင်သည့် အချက်ကို ရုတ်တရက် သဘောပေါက်သွားသည်။
“လန်ယာကုန်သည်အသင်းတံဆိပ် မင်း ဒါတွေအကုန်လုံး သူတို့ဆီက ဝယ်လာတာလား”
“ဟုတ်တယ်လေ”
“ငါသိတဲ့ လန်ယာကုန်သည်အသင်းလား”
“မိတ်ဆွေယဲ့... မြောက်ပိုင်းဒေသတစ်ခုလုံးမှာ လန်ယာကုန်သည်အသင်းဆိုတာ တစ်ခုပဲ ရှိတာလေ။”
“ဒါဆို သူတို့ ငါတို့မြို့ကို ရောက်နေပြီပေါ့”
“အင်းလေ”
“ဘယ်နားမှာလဲ”
“မြို့အရှေ့ဘက်၊ အာဇူရီနဂါးလမ်းမပေါ်မှာမင်းသွားရင် လွဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုသွားရင်တော့ နောက်ကျသွားနိုင်တယ်၊ လူတွေက အုံခဲနေတာ ပစ္စည်းတွေတောင် ကုန်နေပြီလား မသိဘူး။”
“တောက်... ဘာလို့ စောစောက မပြောတာလဲ”
ယဲ့ကျန့်က ဆဲဆိုလိုက်ရင်း ခြေထောက်တွင် လေလျှင်အဆောင်နှစ်ခုကို ကပ်ကာ လမ်းမတစ်လျှောက် အလင်းတန်းတစ်ခုအလား အလျင်အမြန် ပြေးထွက်သွားတော့သည်။
“လာ... လာ... လာ... လမ်းလျှောက်ရင်း.”
ဝူလန်ကတော့ အလျင်စလို ထွက်သွားသော ယဲ့ကျန့်ကို ကြည့်ကာ သီချင်းတညည်းညည်းဖြင့် ပစ္စည်းထုတ်ကြီးများကို ဆွဲလျက် အိမ်သို့ အေးအေးလူလူ ပြန်လာခဲ့သည်။
ထိုစဉ် ဝတ်ရုံဖြူနှင့် အမျိုးသမီးတစ်ဦးက သူ၏လမ်းကို ပိတ်ရပ်လိုက်သည်။
ဝူလန်က မျက်မှောင်ကြုတ်ကာ - “မိန်းကလေး... ဘာများ ကူညီပေးရမလဲ”
အိုရန်ချင်းရွှမ်းက မေးလိုက်သည် - “ဒီပစ္စည်းတွေ အားလုံးအတွက် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးခဲ့ရလဲဆိုတာ သိပါရစေ”
ဝူလန်က နောက်သို့ ဆုတ်လိုက်ပြီး ပစ္စည်းအားလုံးကို ဝိညာဉ်အိတ်ထဲသို့ အတင်းထိုးထည့်လိုက်သည် - “ဒါတွေက ကိုယ်တိုင်သုံးဖို့ပဲ မရောင်းဘူးနော်”
အိုရန်ချင်းရွှမ်းက ရှင်းပြလိုက်သည် - “နားလည်မှုမလွဲပါနဲ့ မိတ်ဆွေ၊ ကျွန်မက ဈေးနှုန်းကို သိချင်ရုံသက်သက်ပါ။”
ဝူလန်က သူမကို သံသယဖြင့် ကြည့်ကာ - “အားလုံးပေါင်း ဝိညာဉ်ကျောက်တုံး ၃၀ လောက် ကျတယ် ဘာလို့လဲ”
သူမက စဉ်းစားဟန်ဖြင့် - “ဒါက ကုန်သည်ကြီး သုံးခုက ရောင်းတဲ့ဈေးနဲ့ အတူတူပဲလေ။ ဘာကြောင့် လန်ယာကို ဒီလောက်တောင် ”ကြိုက်နေရတာလဲ
ဝူလန်က နှာခေါင်းရှုံ့လိုက်သည် - “ဈေးနှုန်းချင်း တူတယ် ကွာခြားချက်က အကြီးကြီးဗျ”
“ဥပမာ ဘာမျိုးလဲ”
“စိတ်အေးရတာပေါ့”
“စိတ်အေးရတယ်”
“ဟုတ်တာပေါ့ ကုန်သည်ကြီး သုံးခုက လူတွေက အနိုင်ကျင့်နေကျ ချို့ယွင်းနေတဲ့ ဆေးလုံးတွေနဲ့ အသုံးမကျတဲ့ ရတနာတွေကိုပဲ အမြဲရောင်းနေတာ”
“ငါ့မိတ်ဆွေတစ်ယောက်ဆိုရင် တိုက်ပွဲတစ်ခုမှာ နိုင်ခါနီးမှ သူတို့ဆီက ဝယ်ထားတဲ့ ရတနာက အလုပ်မလုပ်တော့လို့ ရှုံးသွားပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးတယ်။
အဲဒါကို သွားတိုင်တော့ ဆိုင်က ဝန်မခံတဲ့အပြင် တိတ်တဆိတ်နဲ့ သူ့ရဲ့ကျင့်စဉ်တွေကိုပါ ဖျက်ဆီးပစ်လိုက်သေးတယ်။”
အိုရန်ချင်းရွှမ်းက မျက်မှောင်ကြုတ်ကာ - “ဒါ သေချာလို့လား အထောက်အထားကော ရှိလား”
ဝူလန်က လှောင်ပြုံးပြုံးလိုက်သည် - “သူတို့က ဘယ်တော့မှ အထောက်အထားချန်မှာမဟုတ်ဘူး။ ချန်ခဲ့ရင်တောင် ဖျက်ဆီးပစ်မှာပဲ။ ဒါတွေက တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူး အားလုံးက တိုက်ဆိုင်မှုလို့ ပြောလို့မရဘူးလေ။”
သူသည် ရင်ထဲက ခံပြင်းချက်များကို ဆက်တိုက် ပြောပြနေတော့သည်။
“ပြီးတော့ အခုတလောဖြစ်နေတဲ့ ဆက်သွယ်ရေးအဆောင်တွေပေါက်ကွဲတာ ခင်ဗျား ယုံနိုင်လား”
အိုရန်ချင်းရွှမ်း: “......”
“လူတွေအများကြီး သေကုန်တာ။ သနားစရာကောင်းတဲ့ လူတစ်ယောက်ဆိုရင် သူတင်မကဘူး၊ သူ့သူငယ်ချင်းတွေ၊ သူ့တာအိုလက်တွဲဖော် နဲ့ တစ်မိသားစုလုံး သေကုန်တာ တကယ့်ကို ကြေကွဲစရာပဲ နာမည်ကလု... တစ်ခုခုပဲ။ ဘာပဲဖြစ်ဖြစ် ကံဆိုးတာပဲ။”
“ပြီးတော့ သူတို့ရဲ့ နတ်ဘုရားသုံးပါးဖိုရမ်က ကျင့်စဉ်တွေဆိုရင်လည်း ငါ့စီနီယာအစ်ကိုရဲ့ ဝမ်းကွဲရဲ့ အိမ်နီးချင်းက လိုက်ကျင့်တာနဲ့ သွေးလေချောက်ချားဖြစ်သွားတာ”
“ဒါတောင် အဲဒီအဆောင်တွေအတွက် ငါတို့ကို ဈေးသုံးဆ ပိုယူသေးတာ”
“ထီကိစ္စဆိုရင်လည်း သူတို့လူတွေပဲ ပေါက်အောင် လုပ်ထားတာ။ တကယ်ပေါက်တဲ့သူ ပေါ်လာတော့လည်း ဆုငွေမပေးတဲ့အပြင် အဲဒီလူကို သတ်ဖို့ ကြိုးစားသေးတာ”
“မိုင်ပေါင်း ထောင်ချီအောင် လိုက်သတ်တာနော်”
“အဲဒီမိန်းကလေးက နတ်ဘုရားသားတော်နဲ့ သိနေလို့သာ အသက်ရှင်ခဲ့တာ။ ငါတို့လို သာမန်ကျင့်ကြံသူတွေသာဆိုရင် အခုချိန် လူပြန်ဝင်စားဖို့ စောင့်နေရလောက်ပြီ။”
ဝူလန်က သူသိသမျှ မကျေနပ်ချက်များကို အကုန်ပြောပြနေတော့သည်။ သူပြောနေသည့် အဲဒီမိန်းကလေးမှာ သူ့ရှေ့တွင် ရပ်နေသူဖြစ်ကြောင်း သူလုံးဝမသိပေ။
အိုရန်ချင်းရွှမ်း၏ မျက်နှာမှာ ရှုပ်ထွေးသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေမိသည်။
“လန်ယာကုန်သည်အသင်းကလည်း ဒီလိုလုပ်ငန်းတွေပဲ လုပ်တာလေသူတို့ကျတော့ ဘယ်လိုကိုင်တွယ်လဲ”
“သူတို့ရဲ့ ဆက်သွယ်ရေးအဆောင်တွေက အမြဲတမ်း အေးမြနေပြီး ဘယ်တော့မှ မပေါက်ကွဲဘူး။”
“သူတို့ရဲ့ လန်ယာဖိုရမ်ကတော့ တကယ့်ကို ထူးခြားတယ်။ ပါဝင်တဲ့ အချက်အလက်တွေက စစ်မှန်တယ်။
ငါဆိုရင် လေလွင့်ကျင့်ကြံသူအနေနဲ့ အဲဒီမှာ ဆယ်ရက်လောက် လေ့လာလိုက်တာနဲ့ ငါ့ရဲ့ ကျင့်စဉ်ပြဿနာတွေ အကုန်ပြေလည်သွားတာ ဆရာတစ်ယောက်ထက်တောင် ပိုပြီး အသုံးဝင်သေးတယ်။”
“ပြီးတော့ ဝတ္ထုတွေတကယ့်ကို တန်ဖိုးရှိတယ်။”
“သူတို့ရဲ့ ထီဆိုရင်လည်း ဆုပေါက်ရင် မင်းကို လိုက်သတ်မယ့်အစား မင်းလွတ်အောင်ပြေးဖို့ အဆောင်တွေပါ လက်ဆောင်ပေးသေးတာ။”
“ဒါက တကယ့်ကို ရိုးသားတဲ့ ကုန်သည်အသင်းပဲ။ ဈေးနှုန်းချင်း အတူတူပဲ၊ အရည်အသွေးလည်း စိတ်ချရတယ်၊ အသက်အန္တရာယ်လည်း မရှိဘူးဆိုရင် ခင်ဗျားကော ဘယ်သူ့ကို ရွေးမလဲ”
ထိုမေးခွန်းကို ကြားသောအခါ အိုရန်ချင်းရွှမ်း ဝေခွဲမရ ဖြစ်သွားသည် - “လန်ယာရဲ့ နာမည်က အရင်က သိပ်မကောင်းဘူး မဟုတ်လား။ သူတို့ ဟန်ဆောင်နေတာလို့ မင်းမထင်ဘူးလား”
ဝူလန်က ပြုံးလိုက်သည် - “အဲလိုဆိုရင်တောင် သူတို့ဟန်ဆောင်မှု မပျက်ခင်မှာ ငါ ပစ္စည်းတွေ အများကြီး စုဝယ်ထားရမှာပေါ့။
အကယ်၍ သူတို့က တစ်သက်လုံး ဒီလိုပဲ ဟန်ဆောင်သွားမယ်ဆိုရင်လည်း ငါကတော့ တစ်သက်လုံး သူတို့ဆီမှာပဲ ဝယ်မှာပဲ။”
သူမက မျက်ခုံးပင့်လိုက်သည် - “ကျင့်ကြံခြင်းဆိုတာ အမှန်တရားကို ရှာဖွေပြီး အမှားတွေကို စွန့်ပယ်ရတာ မဟုတ်ဘူးလား”
သူက ခေါင်းခါလိုက်သည် - “ကြီးကျယ်တဲ့ မူဝါဒတွေကိုတော့ ငါမသိဘူး။ ငါသိတာက ငါ့လို သာမန်ကျင့်ကြံသူတွေဟာ အမြဲတမ်း အနိုင်ကျင့်ခံနေရတာပဲ။
အခုတော့ ငါတို့ကို အနိုင်မကျင့်တဲ့သူ ပေါ်လာပြီ ဒီလိုကောင်းတဲ့နေ့ရက်တွေ ဘယ်လောက်ပဲ ကြာကြာ ငါကတော့ အခိုက်အတန့်တိုင်းကို ပျော်ပျော်ကြီး ဖြတ်သန်းသွားမှာပဲ။”
ထိုသို့ပြောပြီး ဝူလန်သည် ထွက်ခွာသွားတော့သည်။ အိုရန်ချင်းရွှမ်းသည် သူ၏ ကျောပြင်ကို ကြည့်ရင်း ဘာမှပြန်မပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လီရှောင်မြို့တော်၏ အာဇူရီနဂါး လမ်းမပေါ်။
လန်ယာကုန်သည်အသင်း၏ ဆိုင်ခွဲရှေ့တွင် လူအုပ်ကြီးမှာ အုံခဲနေပြီး လမ်းမတစ်ခုလုံး ပိတ်ဆို့နေတော့သည်။
မြို့စောင့်စစ်သည်များက လမ်းရှင်းပေးရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ခဏအတွင်းမှာပင် လူများ ပြန်လည်ပြည့်နှက်သွားသည်။
အနီးအနားရှိ ဖုန်းလိုင် ကုန်သည်အသင်း အဆောက်အအုံ၏ ဒုတိယထပ် ပြတင်းပေါက်မှနေ၍ အောက်ဘက်ရှိ မြင်ကွင်းကို ဒေါသတကြီး ကြည့်နေသော မျက်လုံးများ ရှိနေသည်။
“ဒီနေ့ အရောင်းအဝယ် ဘယ်လိုလဲ”
“ဟို... ဟိုလေ”
“ပြောစမ်း”
“မနက်ပိုင်းကတော့ အနည်းအကျဉ်း ရောင်းရပါတယ်၊” ဆိုင်မန်နေဂျာက ချွေးသုတ်ရင်း ပြောလိုက်သည် - “ဒါပေမဲ့ ဟိုဘက်က ဆိုင်ဖွင့်လိုက်တဲ့ အချိန်ကစပြီး အခုထိ တစ်ပြားဖိုးတောင် မရောင်းရသေးပါဘူး။”