အခန်း (၁၉၃) - လန်ယာကုန်သည်အသင်း လုပ်ငန်းချဲ့ထွင်မှု အောင်မြင်ခြင်း
ယခုအချိန်အထိ လန်ယာ ကုန်သည်အသင်းတစ်ခုလုံးသည် မြောက်ပိုင်းတိုက်ကြီးဆီသို့ လုပ်ငန်းများတိုးချဲ့ခြင်း မရှိသေးပေ။
တစ်နည်းအားဖြင့်ပြောရလျှင် လက်ရှိတွင် ထိုနေရာ၌ လန်ယာကုန်သည်အသင်း ခွဲများ မရှိသေးဘဲ ထျန်းဝမ်နှင့် လန်ဟွမ်ကျောက်စိမ်းဆောင်သာ ရှိသေးသည်။
ယခင်က အချိန်အခါ မသင့်တော်ခဲ့ခြင်းမှာ ကုန်သည်ကြီး သုံးခုသည် နေရာအနှံ့ အခိုင်အမာ အမြစ်တွယ်နေပြီး လုပ်ငန်းနယ်ပယ်အားလုံးကို လွှမ်းမိုးထားသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
၎င်းတို့၏ယုံကြည်ကိုးစားမှု ပြိုလဲသွားခြင်းကြောင့် ကုန်သည်ကြီး သုံးခု၏ စီးပွားရေးမှာ လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
ဖောက်သည် အများအပြားသည် ကုန်သည်ကြီး သုံးခုကို မယုံကြည်ကြတော့ပေ။ သူတို့သည် အမည်မသိ ဆိုင်ငယ်လေးများတွင်သာ ဝယ်ယူချင်ကြပြီး ကုန်သည်ကြီး သုံးခု၏ တံခါးကိုပင် မနင်းချင်ကြတော့ချေ။
ယင်းနှင့် လုံးဝ ဆန့်ကျင်ဘက်အနေဖြင့် လွန်ခဲ့သော လအနည်းငယ်အတွင်း လန်ယာဖိုရမ်ပေါ်ရှိ ဆွေးနွေးမှုများနှင့် ထျန်းဝမ်၊ လန်ဟွမ်ကျောက်စိမ်းဆောင်တို့၏ ရိုးသားမှုများကြောင့် လန်ယာကုန်သည်အသင်း၏အမှတ်တံဆိပ်မှာ ပိုမိုခိုင်မာလာခဲ့သည်။
မြောက်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် လန်ယာကုန်သည်အသင်းခွဲတစ်ခုမျှ မရှိသေးသော်လည်း လူထု၏ယုံကြည်မှုမှာ ကုန်သည်ကြီး သုံးခုထက် သာလွန်နေပြီ ဖြစ်သည်။
မကြာသေးမီက ဖိုရမ်ပေါ်တွင် ပို့စ်အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။
အကြောင်းအရာများမှာ ကွဲပြားသော်လည်း ဆိုလိုရင်းမှာ တစ်ခုတည်းပင် ဖြစ်သည် “လန်ယာကုန်သည်အသင်းက သူတို့ဒေသမှာ ဘယ်တော့မှဆိုင်ခွဲဖွင့်မှာလဲ သူတို့တွေ ကုန်သည်ကြီး သုံးခုက ပစ္စည်းတွေကို မသုံးရဲတော့ဘူး။”
ဆက်သွယ်ရေးအဆောင်တွေက ပေါက်ကွဲနိုင်တယ်၊ ဆေးလုံးတွေက အဆိပ်ဖြစ်နိုင်တယ်၊ ကျင့်စဉ်တွေက မပြည့်စုံနိုင်သလို အိတ်တွေကလည်း ပေါက်နေနိုင်တယ်။
ပြီးတော့ ဝိညာဉ်ကျောက်တုံး အများအပြားနဲ့ ပစ္စည်းသွားဝယ်ရင်လည်း နောက်ယောင်ခံ လိုက်ခံရပြီး လုယက်ခံရမှာကို ကြောက်နေရသေးသည်။
သူတို့သည် ထိုကဲ့သို့သော ထိတ်လန့်စရာ ဘဝမျိုးကို ဆက်ပြီး မဖြတ်သန်းချင်ကြတော့ပေ။
ထို့ကြောင့် ဝမ်မုသည် စစ်မှန်သော တိုက်စစ်ဆင်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ မြောက်ပိုင်းတိုက်ကြီးသို့ ကုန်သည်အသင်းချဲ့ထွင်ရန် စီစဉ်ပြီးနောက် ဝမ်မု၏ဆက်သွယ်ရေးအဆောင်မှ ထပ်မံလင်းလက်လာသည်။
၎င်းမှာ ရှာယောင်ယောင်ထံမှ ဖြစ်သည်။ ဝမ်မုက တင်းတင်းကို ကြည့်ကာ နန်းနန်းလေးကို ခေါ်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် သတင်းစကားကို လက်ခံလိုက်သည်။
တစ်ဖက်ရှိ ရှာယောင်ယောင်မှာ အလုပ်လုပ်ရလွယ်ကူသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိရိယာ သန့်စင်သည့် အခန်းထဲမှ ထွက်လာကာစ ဖြစ်ပုံရပြီး နဖူးတွင် ချွေးများ စိုရွှဲနေသည်။
“နှစ်ခု ရှိတယ်”
ရှာယောင်ယောင်က ချွေးသုတ်ရင်း အသက်ရှူသံ အနည်းငယ် ဟောဟောဒိုင်းဒိုင်းဖြင့် တိုက်ရိုက်ပြောလိုက်သည် - “ရှင်လိုချင်တဲ့ အွန်လိုင်းဘဏ်လုပ်ငန်း စီမံခန့်ခွဲမှုစနစ်ကို တော်တော်များများ အဆင်သင့် ဖြစ်နေပြီ။
ပြီးတော့ ငွေကြေးတံဆိပ်ခတ်နှိပ်မှုကိုလည်း အဆင့်မြှင့်ထားပြီးပြီ။ ကုန်ကျစရိတ်က ပိုသက်သာသွားပြီး ဝိညာဉ်သလင်းခဲနှစ်ခုပဲ ကျတော့တယ်။ စမ်းသပ်မှုတွေ အများကြီး လုပ်ပြီးသွားပြီဆိုတော့ တရားဝင် စတင်လို့ရပါပြီ”
ဝမ်မုက ခေါင်းညိတ်လိုက်သည်။
ရှာယောင်ယောင်က ဆက်ပြောသည် - “ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှင် ပို့ထားတဲ့ ဂိမ်းနဲ့ ပတ်သက်ပြီး စီနီယာအစ်ကို ဆူနဲ့ ဆွေးနွေးပြီးပြီ။ ရှင်က တကယ်ပဲ ရိုးရှင်းပြီး အနားယူစရာ ကစားစရာတစ်ခုပဲ လုပ်ချင်တာလား”
ဝမ်မုက ပြုံးလျက် ခေါင်းညိတ်သည် - “မှန်တာပေါ့။”
ရှာယောင်ယောင်က ထပ်မေးသည် - “တခြား ဘာမှ ထပ်မထည့်တော့ဘူးလား ကျင့်ကြံခြင်းဆိုင်ရာ သိမြင်မှုတွေဘာတွေလိုမျိုးလေ”
ဝမ်မုက ပြန်မေးလိုက်သည် - “ဘာလို့ ထည့်ရမှာလဲ”
ရှာယောင်ယောင်က - “ဒါပေမဲ့ ဘယ်သူက အဲလိုမျိုး အရာအတွက် ဝိညာဉ်ကျောက်တုံးတွေ အကုန်ခံပြီး ဝယ်မှာလဲ ဂိမ်းဆိုတာ ကလေးတွေပဲကြိုက်တာ မဟုတ်ဘူးလား”
ဝမ်မု၏နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည် - “အဲဒါတော့ သိပ်မသေချာဘူးနော် ကောင်းမွန်တဲ့ဂိမ်းတစ်ခုက ဝိညာဉ်နဲ့ ထိတွေ့ခံစားစေနိုင်တယ်။ မင်းက အဲလိုမျိုး တစ်ခါမှ မမြင်ဖူးသေးလို့ပါ။”
သူက ခေတ္တရပ်ကာ - “ဒီဂိမ်းအတွက် လိုအပ်တဲ့သတ်မှတ်ချက်တွေ အဓိက လုပ်ဆောင်ချက်တွေနဲ့ ကစားနည်းတွေကို ငါ စုစည်းထားတယ်။ နောက်မှ မင်းဆီ ပို့ပေးလိုက်မယ် အရင်လေ့လာထားလိုက်ဦး”
“ကောင်းပါပြီ။”
ရှာယောင်ယောင်က ခေါင်းညိတ်လိုက်သော်လည်း နားမလည်နိုင်သေးပေ။ သို့သော် သူမသည် ဝမ်မု၏အတွေးအခေါ်များကို အမီမလိုက်နိုင်ခြင်းအား ယဉ်ပါးနေပြီ ဖြစ်သည်။
ရုတ်တရက် သူမ တစ်ခုခု သတိရသွားပြီး မေးလိုက်သည် - “ဪ... ဒါနဲ့ နောက်ထပ် ခြောက်လနေရင်ကျင်းပမယ့် မြောက်ပိုင်းဒေသပါရမီရှင်များညီလာခံကို ရှင် ဘယ်လို ထင်သလဲ”
“ငါ ဘယ်လို ထင်ရမှာလဲ” ဝမ်မုက ကြောင်အသွားပြီး သူ၏ မေးစေ့ကို ပွတ်လိုက်သည်။
“ဖြစ်နိုင်တာကတော့ ငါက စင်အောက်ကနေ ထိုင်ကြည့်နေမှာပေါ့ မဟုတ်ဘူးလား။"
ရှာယောင်ယောင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည် - “ဒါက မြောက်ပိုင်းဒေသ ကျင့်ကြံခြင်းလောကအတွက် နှစ်တစ်ရာမှာ တစ်ကြိမ်သာရှိတဲ့ ခမ်းနားတဲ့ ပွဲကြီးလေ ပါရမီရှင်တွေ ဘယ်လောက်တောင် ဒီနေ့ကိုစောင့်ဆိုင်းနေပြီး သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြဖို့ ပြိုင်ဆိုင်ကြမလဲ ဆိုတာ မသိနိုင်ဘူး”
ဝမ်မုက ခေါင်းညိတ်သည် “အဲဒီ မြင်ကွင်းက တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ ကံဆိုးတာက ငါကမွေးကတည်းက ကျင့်ကြံလို့မရသလို မတိုက်ခိုက်တတ်တော့ ပါဝင်ဖို့ ကံမပါဘူး ဖြစ်နေတာပေါ့”
ရှာယောင်ယောင်: “......”
သူမ၏နဖူးတွင် အမည်းစက်များစွာ ပေါ်လာသည်။ ရှင်က "ကျင့်ကြံလို့ မရဘူး မတိုက်ခိုက်တတ်ဘူးဟုတ်လား ဟက်"
စီးပွားရေး အကြီးအကျယ် လုပ်နိုင်တဲ့သူတွေက တကယ့်ကို စိတ်ဓာတ်တွေက နက်နဲပြီး အစီအစဉ်တွေကလည်း ကြောက်စရာပဲ။ ဤမျှအထိ သည်းခံနိုင်ကြသည်လား။
“မဟုတ်ဘူး ရှင် တကယ်ပဲ စိတ်မဝင်စားဘူးလား” ရှာယောင်ယောင်က မနေနိုင်ဘဲ မေးလိုက်သည် - “ဒါက ဝက်ယောင်ဆောင်ပြီး ကျားကိုစားဖို့နဲ့ အစွမ်းထုတ်ပြဖို့ အကောင်းဆုံး အချိန်ပဲလေ အဲဒီကျရင် မြောက်ပိုင်းဒေသတစ်ခုလုံး ရှင့်ကြောင့် တုန်လှုပ်သွားလိမ့်မယ်”
ဝမ်မု၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် - “စီနီယာအစ်မ ရှာယောင်ယောင်”
ရှာယောင်ယောင်: “ဘာလဲ”
ဝမ်မုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် - “ဝတ္ထုတွေကို အတွေးမပါဘဲ ဖတ်လို့ရပေမဲ့၊ ဖတ်ပြီးရင်တော့ ဦးနှောက်ကို နေရာတကျ ပြန်ထားဖို့ သတိရပါဦး”
ရှာယောင်ယောင်: “.....” ငါ အခုတလော ဝတ္ထုတွေထဲ စိတ်ရောက်နေတာ သူ ဘယ်လိုသိတာလဲ။
ဝမ်မုသည် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ သူ၏ မျက်စိတစ်ဆုံးတွင် တိမ်ပင်လယ်ကြီးမှာ အတိုင်းအဆမရှိ ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည် - “ဒါပေမဲ့ စိတ်ဝင်စားဖို့ ကိစ္စဆိုရင်တော့ ငါ တစ်ခုခုစဉ်းစားထားတာ ရှိနိုင်ပါတယ်။”
လီရှောင်မြို့တော်။
မိုးရွာပြီးစ ဖြစ်သည်။ ချောမွေ့သော ကျောက်ပြားလမ်းမများမှာ မိုးရေဖြင့် ဆေးကြောထားသကဲ့သို့ စင်ကြယ်နေသည်။
လမ်းသွားလမ်းလာများမှာ အနည်းငယ် အလျင်စလို သွားလာနေကြသည်။
ရုတ်တရက် လမ်းမထက်ရှိ ကျယ်ဝန်းသော အဆောက်အအုံတစ်ခု၏ ရှေ့တွင် မောင်းသံ၊ စည်သံများနှင့် ယမ်းဖောက်သံများ ဆူညံစွာ ပေါ်ထွက်လာပြီး မိုးအကုန် လူသူတိတ်ဆိတ်နေသော လမ်းမထက်တွင် အထူးပင် လူအာရုံစိုက်စရာ ဖြစ်လာသည်။
လူအများအပြားမှာ ဘာဖြစ်သလဲဆိုသည်ကို သိလို၍ ဝိုင်းအုံလာကြသည်။
“ဘာတွေဖြစ်နေတာလဲ”
“ဆိုင်အသစ် ဖွင့်တာလို့ ကြားတယ်”
“ဘာတွေ ရောင်းတာလဲ”
“မသိဘူး ငါလည်း အခုမှ ရောက်တာ”
အဆောက်အအုံရှေ့တွင် ကျော့ရှင်းသော အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာဖြင့် လူအုပ်ကြီးကို နှုတ်ဆက်လိုက်သည် - “ဒီနေ့ဟာ ကျွန်မတို့ လန်ယာကုန်သည်အသင်းရဲ့ လီရှောင်မြို့ခွဲ ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။
လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ကျွန်မတို့ လန်ယာကုန်သည်အသင်းက ရောင်းချတဲ့ ကုန်ပစ္စည်းမှန်သမျှဟာ အစစ်အမှန်ဖြစ်ပြီး ဈေးနှုန်းမှန်ကန်စွာနဲ့ ဖောက်သည်အားလုံးအပေါ် ရိုးသားပါမယ်လို့ ကတိပြုပါတယ်။ အားလုံးကို အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားပါ့မယ်”
သူမ၏ စကားအဆုံးတွင် ပင်မဝင်ပေါက်ရှိ အနီရောင် ပိတ်စကို ဆွဲချလိုက်ရာ ဆိုင်းဘုတ်အသစ်စက်စက်မှာ လူတိုင်းရှေ့တွင် ပေါ်လာတော့သည်။
ထိုနေရာတွင် ခမ်းနားထည်ဝါသော စာလုံးကြီး လေးလုံး ရေးထိုးထားသည် - လန်ယာ ကုန်သည်အသင်း လူအုပ်ကြီးမှာ အံ့အားသင့်ကာ အော်ဟစ်လိုက်ကြတော့သည်။
“လန်ယာကုန်သည်အသင်း ဒါ ပေဟိုင် က လန်ယာကုန်သည်အသင်း မဟုတ်လား”
“ပြောဖို့တောင် လိုဦးမလား မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ဒီနာမည်ကို သုံးရဲတာ သူတို့ပဲ ရှိတာလေ”
“ဟား... တို့တွေ စောင့်နေတာ ကြာပြီ၊ နောက်ဆုံးတော့ လန်ယာကုန်သည်အသင်း ရောက်လာပြီဟေ့”
“ဟားဟား...ကောင်းလိုက်တာ ကုန်သည်ကြီး သုံးခု အစားဘယ်မှာသွားဝယ်ရမလဲ စိတ်ပူနေတာ။ လန်ယာကုန်သည်အသင်းက အချိန်ကိုက် ရောက်လာတာပဲ”
“နောက်ဆုံးတော့ စိတ်ချလက်ချ ဝယ်လို့ရမယ့် နေရာတစ်ခု ရှိလာပြီ”
“ဒီရက်ပိုင်းအတွင်းမှာ ကုန်သည်ကြီးသုံးခုကဝယ်ရမှာ ကြောက်လို့ ဘာမှမဝယ်ဘဲ အောင့်ထားတာ။ အခုတော့ စိတ်အေးလက်အေးနဲ့ ဝိညာဉ်ကျောက်တုံးတွေကို သုံးလို့ရပြီ”
လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။
“ဆိုင်ရှင်... အခုဝင်လို့ ရပြီလား” တစ်ယောက်က အော်မေးလိုက်သည်။
ကျော့ရှင်းသော ဆိုင်မန်နေဂျာမလေးမှာ ယဉ်ကျေးသော စကားအချို့ ထပ်ပြောရန် ကြံရွယ်ထားသော်လည်း ကျင့်ကြံသူများ၏ စိတ်မရှည်သော အမူအရာများကို မြင်သောအခါ ဘာမှထပ်ပြောရန် မလိုတော့ကြောင်း နားလည်သွားသည်။
“ရပါတယ်ရှင်။” သူမကပြုံးပြရင်း ဖိတ်ခေါ်လိုက်သည်။
တစ်ခဏချင်းမှာပင်လူတိုင်းမှာကုန်သည်အသင်းအတွင်းသို့တစ်ယောက်ကိုတစ်ယောက်လုယက်တိုးဝှေ့ရင်းဝင်သွားကြတော့သည်။