အခန်း (၁၉၂) - အခွင့်ကောင်းကို အရယူပြီး အမြစ်ပြတ်ချေမှုန်းမယ်။
“ဟင်း ဒါတကယ်ကို ကြောက်စရာကောင်းတာပဲ” ဝတ်ရုံနီနှင့် အမျိုးသမီး ကျင့်ကြံသူက တံတွေးမြိုချရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ဆိုင်အကူမလေးမှာ ဆက်နားမထောင်နိုင်တော့ဘဲ အပြေးအလွှား ရှင်းပြတော့သည် - “အမတို့ တစ်ခုခုမှားနေပြီထင်တယ် ဒီထီလုပ်ငန်းက ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး။
ကျွန်မတို့ရဲ့ ဆေးဖိုဆောင်က နှစ်ပေါင်းများစွာ နာမည်ပျက်မရှိ ရပ်တည်လာခဲ့တာပါ၊ ဒီလိုမျိုးကိစ္စတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး”
ဝတ်ရုံနီနှင့် အမျိုးသမီးက သူမကို အကဲခတ်ကြည့်ကာ - “ဒီကလေးမလေး ကြည့်ရတာ တော်တော်လေး သဘောကောင်းမယ့်ပုံပဲ။ တို့တွေ အထဲဝင်ကြည့်ကြမလား အရင်ကလည်း ဒီမှာပဲ ခဏခဏ ဝယ်နေကြဆိုတော့ အဆင်ပြေမှာပါနော်”
ထိုစကားကို ကြားသောအခါ ဆိုင်အကူမလေးမှာ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြစ်ကင်းစင်သော ပုံစံဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလေသည်။
သို့သော် ဝတ်ရုံနက်နှင့် အမျိုးသမီးကမူ ခေါင်းခါလျက် နှာခေါင်းရှုံ့လိုက်သည် - “ဆေးလုံးဆိုတာ ဗိုက်ထဲကို ရောက်သွားတာလေ။ အရင်က ဘာမှမဖြစ်ခဲ့တာက ဘာထူးမှာလဲ တစ်သုတ်လောက်မှားသွားတာနဲ့ နောင်တရဖို့တောင် အချိန်ရှိမှာမဟုတ်ဘူး။
မဖြစ်ခင်က ကြိုကာကွယ်တာ အကောင်းဆုံးပဲ။ အခုချိန်မှာ ငါကတော့ ကုန်သည်ကြီး သုံးခု က ရောင်းတဲ့ ဘယ်အရာကိုမှ မယုံဘူး။”
“ဒါ့အပြင်...” သူမက ခဏရပ်ကာ ဆိုင်အကူမလေး၏ သာမန်ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီး ဆက်ပြောသည် - “သူက တကယ်ပဲ မိန်းကလေးလို့ မင်းက ဘယ်လိုသိလဲ ယောကျ်ားလေး ကျင့်ကြံသူတစ်ယောက်က မိန်းကလေးလို ရုပ်ဖျက်ထားတာ မဖြစ်နိုင်ဘူးလား”
ဆိုင်အကူမလေး: ".......''
ဝတ်ရုံနီနှင့် အမျိုးသမီးလည်း မျက်လုံးပြူးသွားသည် - “တကယ်ကြီး... အဲလိုလား”
“ဘာလို့မဖြစ်နိုင်ရမှာလဲ ကုန်သည်ကြီး သုံးခုကက သူတို့လူတွေကိုပဲ ဆုပေါက်သယောင် ဟန်ဆောင်ခိုင်းပြီး လူတွေကို လိမ်ခဲ့တာပဲလေ။
သူတို့က ဒါမျိုးတွေကျွမ်းကျင်ပြီးသား။ ငါ့တို့တွေကို ဆိုင်ထဲဝင်လာအောင် မိန်းကလေး အပြစ်ကင်းစင်တဲ့ပုံစံဖမ်းခိုင်းထားတာ မဖြစ်နိုင်ဘူးလား။ သေသေချာချာ ကြည့်စမ်း မျက်နှာကလွဲရင် ကျန်တဲ့နေရာတွေက မိန်းကလေးနဲ့ တူတာ တစ်ခုမှမရှိဘူး။”
ဆိုင်အကူမလေးမှာ မျက်လုံးလေးများ နီရဲလာတော့သည်။
တရားလွန်လွန်းတယ် တကယ့်ကို တရားလွန်လွန်းတယ်။
မဝယ်ချင်ရင်လည်း မဝယ်နဲ့လေ ဘာလို့ ဒီလိုမျိုးလူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေရတာလဲ။
ငါက အပျိုဖော်ဝင်တာ နောက်ကျလို့ ကိုယ်လုံးကိုယ်ပေါက်က မပေါ်တာကို ယောကျ်ားက မိန်းမလို ဝတ်ထားတယ်လို့ ပြောရသလား။
“ရှင်တို့ပဲ ယောကျ်ားတွေ ရှင်တို့တစ်မိသားစုလုံးပဲ ယောကျ်ားတွေ” ဆိုင်အကူမလေးက အံကြိတ်ကာ ပြန်အော်လိုက်တော့သည်။
ထိုသို့ကြားသောအခါ ဝတ်ရုံနက်နှင့် အမျိုးသမီး၏မျက်လုံးများ တောက်ပသွားသည် - “တွေ့လား ငါပြောသားပဲသူ ဟန်ဆောင်နေတာလို့ အခုကြည့်စမ်း ဘယ်လောက်တောင် ရိုင်းစိုင်းလဲဆိုတာ သွားကြရအောင် စိတ်ချရတာ အကောင်းဆုံးပဲ။”
ထိုသို့ပြောပြီး သူမသည် ဝတ်ရုံနီနှင့် အမျိုးသမီးကို ဆွဲကာ ထွက်သွားတော့သည်။
ထျန်းကျွယ်ကျွန်း၊ ဖောင်ဒေးရှင်းဌာနချုပ်။
ကျယ်ဝန်းလှသော ခြံဝင်းကြီးအတွင်းတွင် လူလုပ်ရေကန်ကြီးတစ်ခုနှင့် အဆောင်အအုံများစွာ ရှိသည်။ အထင်ရှားဆုံးမှာ အလယ်တွင်ရှိသော (၃၆) ထပ်မြင့်သည့် လေသာဆောင်ကြီးပင် ဖြစ်သည်။
၎င်းမှာ တိမ်တိုက်များထဲသို့ ထိုးတက်နေသကဲ့သို့ ရှိပြီး ညဘက်တွင် ကြယ်များကိုပင် ဆွတ်ခူးနိုင်မည့်အလား ထင်မှတ်ရသည်။ ဤမျှော်စင်ကို ကြယ်ဆွတ်လေသာဆောင်ဟု ခေါ်သည်။
လွန်ခဲ့သော လအနည်းငယ်က နန်းနန်းလေး အတွက် ဗဟုသုတဖွံ့ဖြိုးစေရန် ဝမ်မုသည် နာမည်ကြီး ကျင့်စဉ်ကျမ်းစာများနှင့် လျှို့ဝှက်ကျမ်းစာပေါင်းစုံကို လာရောက်ပို့ဆောင်စေခဲ့သည်။
အစပိုင်းတွင် ၎င်းတို့ကို လီမင်းမျိုးနွယ်၏ နန်းတော်တွင် သိမ်းဆည်းထားသော်လည်း ဖောင်ဒေးရှင်းဌာနချုပ် ပြီးစီးသောအခါ ဤနေရာသို့ ပြောင်းရွှေ့ခဲ့သည်။
စနစ်တကျ ရွေးချယ်ထားသော်လည်း ကျမ်းစာအရေအတွက်မှာ အလွန်များပြားသဖြင့် အထပ်ပေါင်း ၂၀၊ ၃၀ ခန့် ပြည့်နှက်နေသည်။
ဝမ်မုသည် အပေါ်ဆုံးထပ်များကို မိမိအတွက် သီးသန့်ထားရှိပြီး တစ်ခါတစ်ရံတွင် ထိုနေရာမှနေ၍ ကောင်းကင်နှင့် ပင်လယ် ထိစပ်နေသည့် အလှအပများကို ကြည့်ကာ အပန်းဖြေလေ့ရှိသည်။
ယခုလည်း ထိုနည်းတူပင်။
အရင်ကထက် အနည်းငယ် ကြီးထွားလာသော နန်းနန်းလေးသည် ဝမ်မု၏ ရင်ခွင်ထဲတွင် မှောက်လျက်လေး အိပ်ပျော်နေသည်။
ဝမ်မုသည် နဂါးသွေးသန္တာကျောက်ဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်ပေါ်တွင် မှီလျက် ပြတင်းပေါက်တွင်ရှိနေသော ဝမ်ဖူကွေ့ဟု အမည်ပေးထားသည့် ရွှေတောင်ပံဂဋ္ဌုန်ငှက်ကို အစာကျွေးနေသည်။
သူ၏ အခြားလက်တစ်ဖက်ကမူ နန်းနန်းလေး၏ ကျောပြင်ကို အသာအယာ ပုတ်ပေးနေသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ယံမှ ပြင်းထန်သော လေတိုက်ခတ်သံများသည် မျှော်စင်ကို ဝန်းရံထားသော ကာကွယ်ရေးအစီအရင်များကြောင့် အေးမြသော လေပြည်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ဆံပင်များကို တဖြူးဖြူး လွင့်စင်စေသည်။
ထိုအချိန်တွင်တင်းတင်းသည် သူမ၏ သွယ်လျသော ခြေတံများဖြင့် လျှောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် - “သခင်လေး ပြည်မကြီးဘက်က သတင်းရောက်လာပါပြီ”
သူမက ဆက်ပြောရန် ပြင်လိုက်စဉ် ဝမ်မုက သူမကို ကြည့်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ညီထင်ထင်သည် နန်းနန်းလေး အိပ်ပျော်နေသည်ကို မြင်သောအခါ နားလည်သွားပြီး ဆက်သွယ်ရေးအဆောင်ကို ဝမ်မုထံ ကမ်းပေးလိုက်သည်။
ထီစစ်ပွဲမှာပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် ၎င်း၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများမှာ လူအများ မျှော်လင့်ထားသည်ထက် ပို၍ နက်ရှိုင်းလှသည်။
ပထမဆုံးအနေဖြင့် ကုန်သည်ကြီး သုံးခု၏ လက်အောက်ရှိ ဘဏ်အားလုံးမှာ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း မြို့ကြီးများမှသည် ဝေးလံသော မြို့ငယ်များအထိ ဘဏ်ခွဲတိုင်းတွင် လူအများက သူတို့၏ ပိုက်ဆံများကို ဝိုင်းဝန်းထုတ်ယူကြတော့သည်။
မည်သူမျှ ထိုဘဏ်များကို မယုံကြည်ကြတော့ပေ။.ဘဏ်များက ပိုက်ဆံမပေးဘဲ အချိန်ဆွဲရန် ကြိုးစားသော်လည်း အချိန်အကြာကြီး မဆွဲနိုင်ခဲ့ပေ။
အထူးသဖြင့် အစဦး သန့်စင်သောမြေ၏ နတ်ဘုရားသားတော်ကိုယ်တိုင် ထွက်လာပြီး ယွန်ကုန်း ကုန်သည်အသင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပြီးနောက်တွင် ပို၍ဆိုးရွားသွားသည်။
ယွန်ကုန်းကုန်သည်အသင်းသည် နတ်ဘုရားသားတော်၏အမိန့်ကြောင့် ထီဖိုးများကို စတင်ပြန်အမ်းခဲ့ပြီး ဘဏ်မှ ငွေထုတ်ယူမှုများကိုလည်း ခွင့်ပြုခဲ့သည်။
သို့သော် ဤလုပ်ရပ်ကြောင့် ကုန်သည်ကြီး သုံးခု အချင်းချင်းကြားတွင် အက်ကြောင်းများ ပေါ်ပေါက်လာပြီး သူတို့၏ မဟာမိတ်အဖွဲ့မှာ မခိုင်မြဲတော့ပေ။
ဖောက်သည်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် သူတို့ အလျှော့ပေးလိုက်ရသည်။ ငွေထုတ်ယူမှုများ စတင်လာသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ထီလုပ်ငန်းတစ်ခုတည်းဖြင့်ဆိုလျှင် ကုန်သည်အသင်းများ၏ ဆုံးရှုံးမှုမှာ မကြီးမားလှပေ။ အကြောင်းမှာ သူတို့သည် နောက်ဆုံးဆုကြီးကို ဘယ်တုန်းကမှ ထုတ်မပေးခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခုကိစ္စကြောင့် ကုန်သည်ကြီး သုံးခုကို သပိတ်မှောက်သည့် လှုပ်ရှားမှုမှာ မြောက်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လီယွမ်ဟွာ၏ အစီရင်ခံစာအရ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် ကုန်သည်အသင်းများ၏ စီးပွားရေးလုပ်ငန်း အသီးသီးတွင် လာရောက်သူဦးရေမှာ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသော ကိန်းဂဏန်းဖြစ်သည်။ သူတို့ကဲ့သို့သော လုပ်ငန်းကြီးများအတွက် ၁၀ ရာခိုင်နှုန်း ကျဆင်းရုံနှင့်တင် ဆုံးရှုံးမှုမှာ တွက်ချက်၍မရနိုင်အောင် ကြီးမားလှသည်။
ယခုအခါ ကုန်သည်ကြီး သုံးခု၏ အခြေခံအုတ်မြစ်မှာ အက်ကွဲသွားပြီ ဖြစ်ပြီး မကြာခင် ပြိုလဲတော့မည့် အဆောက်အအုံကြီးကဲ့သို့ ဖြစ်နေသည်။
“သခင်လေးရဲ့တွက်ချက်မှုက တကယ့်ကို အပြစ်ပြောစရာ မရှိပါဘူး။ နည်းနည်းလေး လှုပ်ရှားလိုက်ရုံနဲ့ ကုန်သည်အသင်းကြီးတွေ ဒုက္ခရောက်ကုန်ပြီ” ညီထင်ထင်၏ မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။
ဝမ်မုက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ခေါင်းခါလျက် ပြုံးလိုက်သည် “တကယ်တော့ ငါလုပ်တာသိပ်မရှိပါဘူး။ ဒီလိုဖြစ်လာတာက ငါတို့ရဲ့သူငယ်ချင်းတွေရဲ့ မိုက်မဲမှုကြောင့်ပါပဲ။”
ဝမ်မုသည် ဆက်သွယ်ရေးအဆောင်ကို တင်းတင်းထံ ပြန်ပေးလိုက်ရင်း - “ငါတို့ ကုန်သည်အသင်းကို ဆက်ပြီး တိုက်စစ်ဆင်ဖို့ ပြောလိုက်ပါ။”
အခွင့်ကောင်းကို အရယူပြီး အမြစ်ပြတ်ချေမှုန်းရမယ်။
၅၀ရာခိုင်နှုန်းဆိုတာမလုံလောက်သေးဘူးဒီတစ်ခါငါတို့လှုပ်ရှားမှတော့သူတို့တွေဘယ်တော့မှပြန်မထူနိုင်အောင်လုပ်ပစ်ရမယ်။