အခန်း (၁၉၁) - ယုံကြည်မှု ပျက်ပြားခြင်း
ထိုစကားကို ကြားလိုက်ရသောအခါ
ယဲ့မို၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အဆင့်မြင့်အတွင်းစကြဝဠာဆိုသည်မှာ အစဦး သန့်စင်သောမြေအတွင်းရှိ အမြင့်မြတ်ဆုံးသော ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်သည်။
နေ့စဉ်ဘဝတွင် အရင်းအနှီးများစွာကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားသားတော်တစ်ဦး ဖြစ်သော်ငြားလည်း သူသည် ဤအခွင့်အရေးကို အလွန်ပင် အလေးထားသည်။
အကယ်၍ မမျှော်လင့်ထားသော အခက်အခဲများ မရှိခဲ့လျှင် ဤနေရာသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အမြင့်ဆုံးသို့ တက်လှမ်းနိုင်စေရန် အမှန်တကယ် ကူညီပေးနိုင်လိမ့်မည်။
ပါရမီရှင်များညီလာခံဆိုသည်မှာလည်း မြောက်ပိုင်းဒေသတွင် နှစ်ပေါင်း တစ်ရာမှ တစ်ကြိမ်သာ ကျင်းပသော ခမ်းနားသည့် ပွဲတော်ကြီး ဖြစ်သည်။
ထိုအချိန်တွင် မြောက်ပိုင်းဒေသ တစ်ခုလုံးမှ ထိပ်သီး ပါရမီရှင်များ၊ သန့်စင်သောမြေ သုံးခု၊ မရေမတွက်နိုင်သော ကျင့်ကြံခြင်း ဂိုဏ်းများနှင့် မဟာရှနတ်မင်းဆက်တို့မှ ပါရမီရှင်များ စုဝေးကာ အစွမ်းပြိုင်ကြမည် ဖြစ်သည်။
ဤသည်မှာ အခြားသော ပါရမီရှင်များနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မည့် ရှားပါးသော အခွင့်အရေးပင်။
ယဲ့မိုသည် ဤပွဲကိုလည်း အလွန် အလေးထားသည်။ ထို့ပြင် နောက်ထပ် အရေးကြီးသော အချက်မှာ ညီလာခံ၏ ထိပ်သီး သုံးဦးအတွက် ပေးအပ်သော ဆုလာဘ်များမှာ နတ်ဘုရားသားတော် တစ်ဦးပင် ငြင်းပယ်ရန် ခက်ခဲလောက်အောင် အလွန် ခမ်းနားလှပေသည်။
ယခင်က ညီလာခံပြီးတိုင်း ထူးချွန်သော ရလဒ်များရရှိခဲ့သည့် ပါရမီရှင်များသည် နောင်လာမည့် ဆယ်စုနှစ်များအတွင်း သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အခြားသူများကို အပြတ်အသတ် ကျော်ဖြတ်သွားလေ့ရှိသည်။
ယဲ့မို၏မျက်လုံးများထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် ဝမ်မိသားစုသခင်လေး၏ ဟန်ဆောင်မျက်နှာဖုံးကို အားသွန်ခွန်စိုက် ခွာချရန် ဆုံးဖြတ်ပြီးကာမှ ဤသတင်းကို ကြားလိုက်ရခြင်း ဖြစ်သည်။ အချိန်ကိုက်မှုမှာ အနည်းငယ် လွဲချော်နေသည်ဟု ဆိုရမည်။
ထိုအချိန်တွင် အိုရန်ချင်းရွှမ်းသည် ရှေ့သို့ တိုးလာသည်။ သူမ၏ အဖြူရောင်ဝတ်စုံမှာ လေထဲတွင် လွင့်နေပြီး မျက်လုံးများမှာ ရိုးသားမှုဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုယဲ့... ကျင့်ကြံခြင်းထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ စိတ်အေးအေးထားပြီး သွားပါ ဒီကိစ္စတွေကိုတော့ ကျွန်မကို ယုံကြည်တယ်ဆိုရင် ကျွန်မဆီမှာပဲ ထားခဲ့ပါ။”
ယဲ့မိုက အနည်းငယ် သံသယဖြင့် - “မင်းက”
အိုရန်ချင်းရွှမ်းက ခေါင်းညိတ်ကာ ပြုံးလျက် - “ဂိုဏ်းရဲ့အရေးပေါ် ပြဿနာတွေလည်း ပြေလည်သွားပြီဆိုတော့ ကျွန်မမှာ အခုလောလောဆယ် အရေးကြီးကိစ္စ မရှိပါဘူး။
အစ်ကို့အတွက် ဒါတွေကို သေသေချာချာ စုံစမ်းပေးလို့ရပါတယ်။ ဝမ်မိသားစု သခင်လေးရဲ့ တကယ့် လှည့်ကွက်တွေကို ရှာမတွေ့ရင်တောင်မှ တစ်ခုခုတော့ သဲလွန်စရှာပေးနိုင်မှာပါ”
အဘိုးအိုကလည်း လေးနက်သော မျက်နှာဖြင့် - “နတ်ဘုရားသားတော်... မိန်းကလေး အိုရန် ပြောတာ မှန်ပါတယ်။ ကျင့်ကြံခြင်းက ပထမ ဦးစားပေးပါပဲ”
ယဲ့မိုသည် သူ၏ အတွေးများကို အမြန်ပင် ရှင်းထုတ်လိုက်သည်။ ဝမ်မိသားစု၏ လှည့်ကွက်များကို ဖော်ထုတ်ခြင်းမှာ လောလောဆယ်တွင် မာနချင်း ပြိုင်ဆိုင်မှုတစ်ခုဟုသာ ဆိုနိုင်သည်။
သူ အောင်မြင်ခဲ့လျှင်တောင် ဝမ်မိသားစုကို အခြေခံကျကျ ထိခိုက်စေနိုင်မည် မဟုတ်ပေ။ မိမိ၏ကျင့်ကြံခြင်းအဆင့် တိုးတက်မှသာလျှင် နောက်ဆုံးတွင် အရာအားလုံးကို ထိန်းချုပ်နိုင်မည့် စွမ်းအားကို ရရှိမည် ဖြစ်သည်။
သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည် - “ဒါဆိုရင်တော့ မင်းကို အားကိုးရတော့မယ် ချင်းရွှမ်း”
အိုရန်ချင်းရွှမ်းက နူးညံ့စွာ ပြုံးလိုက်သည် - “အစ်ကိုယဲ့ကို ကူညီပေးနိုင်သရွေ့ ဒါကဘာမှ အလုပ်မရှုပ်ပါဘူး”
ယဲ့မိုသည် မိန်းကလေးကို ကြည့်ကာ မျက်လုံးထဲတွင် ကြင်နာမှုများ ပေါ်လာသော်လည်း ချက်ချင်းပင် ထိန်းချုပ်လိုက်ပြီး အဘိုးအိုဘက်သို့ လှည့်လိုက်သည် - “အဘိုးချူ သွားကြရအောင်”
အဘိုးအိုက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှာ အက်ကွဲသွားပြီး လမ်းကြောင်းတစ်ခု ပွင့်လာသည်။
ထိုသူနှစ်ဦးသည် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကာ မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
ထီလုပ်ငန်း၏ ရှုထောင့်မှ ကြည့်လျှင် ကုန်သည်ကြီး သုံးခု၏ ယခုတစ်ကြိမ် အရှုံးမှာ အလွန်အမင်း မကြီးမားလှပေ။ အများဆုံးဆိုလျှင် အမြတ်မရဘဲ ထီလက်မှတ် ထုတ်လုပ်စရိတ် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာသာ ဆုံးရှုံးသွားခြင်း ဖြစ်သည်။
ကုန်သည်ကြီး သုံးခု၏ အတိုင်းအတာနှင့် ဆိုလျှင် ၎င်းမှာ ပြောပလောက်သည့် ပမာဏ မဟုတ်ပေ။
သို့သော်လည်း ဤဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများမှာမူ သူတို့ ထင်ထားသည်ထက် များစွာ ပိုမို ကြီးမားလှသည်။
ထိုက်ဟောင်မြို့တော်။ လမ်းဘေးရှိ အရက်ဆိုင်တစ်ခု။
ကျင့်ကြံသူ အချို့မှာ အရက်သောက်ရင်း မျက်နှာများ နီရဲကာအော်ဟစ် ဆဲဆိုနေကြသည်။
“တောက်... ဒီကုန်သည်ကြီး သုံးခုက ကောင်တွေ”
“သူတို့ထီကို ဝယ်ဖို့အတွက် ငါက မြေအောက်ဘဏ်ကလူတွေဆီကနေ ပိုက်ဆံချေးခဲ့တာ။
ကိုးပုံထုတ် ဆယ့်သုံးပုံပြန်ဆပ်တဲ့ အတိုးနှုန်းကြီးနဲ့ ချေးခဲ့ရတာ။ ပြန်မဆပ်နိုင်ရင် အသက်နဲ့ လဲရမှာ အခုတော့ အကုန်လုံး ရှုပ်ထွေကုန်ပြီး အရင်းတောင် ပြန်မရတော့ဘူး”
“မင်းကို ငါ အစကတည်းက ပြောသားပဲ၊ ကုန်သည်ကြီး သုံးခုဆိုတာ ယုံလို့မရဘူးလို့။ သူတို့က အမြဲတမ်း ဒီလိုပဲ၊ မင်းကမှ နားမထောင်တာ” ဟု တစ်ဦးက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြောလိုက်သည်။
“ငါ့အမှားပါကွာ ငါတကယ်ပဲ မျက်စိကန်းခဲ့တာ တကယ့်ကိုလူမိုက်ပဲ” အကြွေးများစွာ တင်နေသော ထိုကျင့်ကြံသူမှာ မျက်လုံးများ နီရဲနေပြီး မျှော်လင့်ချက် ကုန်ဆုံးနေသကဲ့သို့ ခံစားနေရသည်။
ရုတ်တရက် သူ၏ အကြည့်မှာ ပြတင်းပေါက်မှတစ်ဆင့်လမ်းတစ်ဖက်ရှိ ရတနာအဆောင် ဟု အမည်ရသော အဆောင်အရောင်းဆိုင်သို့ ကျရောက်သွားသည်။
သူ၏ အသက်ရှူသံများမှာ မြန်လာပြီး ရင်ထဲတွင် ဒေါသများပေါက်ကွဲလာသည် - “ငါ မှတ်မိသလောက်ဆိုရင် အဲဒီဆိုင်ကလည်း ကုန်သည်ကြီး သုံးခုရဲ့ လုပ်ငန်းတစ်ခုပဲ မဟုတ်လား”
ဘေးမှလူများက ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် - “ဟုတ်တယ်လေ။”
ထိုစကားအဆုံးတွင် ပုံရိပ်တစ်ခုမှာ ပြတင်းပေါက်မှ ခုန်ချကာ ထိုဆိုင်ထဲသို့ ပြေးဝင်သွားတော့သည်။ ထို့နောက်တွင် ငြင်းခုံသံများနှင့် ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာသည်။
“မင်း... မင်း ဘာလုပ်တာလဲ”
“ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးစမ်း မပေးရင် ဒီနေ့ ငါတို့အားလုံး အတူတူ သေကြတာပေါ့”
“မင်း... မင်း... ဘယ်လိုတောင် ရိုင်းစိုင်းရတာလဲ ဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းသိလား”
ဝုန်း...!
ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်မှာ တုန်ခါသွားကာ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။
ဆိုင်ရှင်၏ အော်ဟစ်သံနှင့်အတူ အဆောက်အဦးမှာ ပြိုကျပျက်စီးသွားတော့သည်။ ကျင့်ကြံသူ အများအပြားလည်း ထိုနေရာသို့ စုရုံးကာ ကြည့်နေကြသည်။
“ဟင်း... ဘာတွေ ဖြစ်နေတာလဲ”
“ဒီကုန်သည်ကြီး သုံးခုက ကောင်တွေပဲလေ။ လူတွေကို ဒုက္ခပေးနေတာ။ ဟိုလူက ထီဝယ်ဖို့ ပိုက်ဆံချေးခဲ့တာ ဆုပေါက်လျက်နဲ့ သူတို့က ဆုငွေမပေးဘူး။ အခု အကြွေးပြန်မဆပ်နိုင်တော့လို့ အသက်နဲ့ရင်းပြီး လာတိုက်ခိုက်တာ ဖြစ်မှာပေါ့။”
“တော်သေးတာပေါ့ ငါက ကုန်သည်ကြီး သုံးခုဆီက တစ်ခါမှ ထီမဝယ်ဖူးဘူး။ လန်ဟွမ်ကျောက်စိမ်းဆောင်ဆီကပဲ အမြဲဝယ်တာ”
“ငါလည်း အတူတူပဲ။ ဆုကြီးပေါက်ဖို့ ခဲယဉ်းတယ်ဆိုပေမဲ့ ဆုသေးလေးတွေ ခဏခဏ ပေါက်တတ်တယ်။ အဓိကကတော့ စိတ်ချရတာပဲလေ”
“မင်းကလည်း လန်ယာ ကုန်သည်အသင်းက ဟိုကောင်တွေနဲ့ တူပါ့မလား ဟိုတစ်ခါ ဆုကြီးပေါက်တဲ့လူကို ကြည့်လေ၊ သူက ဝမ်မိသားစု သခင်လေးနဲ့ ရန်ငြိုးရှိတာတောင် ပိုက်ဆံအပြည့်အဝ ထုတ်ပေးပြီး အေးအေးဆေးဆေး ထွက်သွားခွင့်ပေးခဲ့တာ”
“ဟုတ်တယ် သူ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်အောင် လန်ဟွမ်ကျောက်စိမ်းဆောင်က မဟာဟင်းလင်းပြင်အဆောင်ကိုတောင် လက်ဆောင်ပေးလိုက်သေးတယ်။ တကယ့်ကို စိတ်စေတနာ ကောင်းတာ”
“အဲဒီနှစ်ခုကို ယှဉ်ကြည့်ရင် လန်ယာကုန်သည်အသင်းက နတ်ပြည်မှာ၊ ကုန်သည်ကြီး သုံးခုကတော့ အိမ်သာကျင်းထဲမှာပဲ”
စည်ကားလှသော လမ်းမတစ်ခုအမျိုးသမီး ကျင့်ကြံသူ နှစ်ဦးမှာ ဈေးဝယ်နေကြသည်။
“ငါ အနှစ်သာရမြှင့် ဆေးလုံးတွေ ကုန်နေပြီ၊ နောက်ထပ် နှစ်ပုလင်းလောက် ဝယ်ရမယ်” ဝတ်စုံနီနှင့် အမျိုးသမီးက သူမရှေ့ရှိ ဆေးဆိုင်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
ဆိုင်တံခါးဝရှိ အရောင်းဝန်ထမ်း မိန်းကလေးမှာလည်း ပြုံးရွှင်စွာဖြင့် ကြိုဆိုရန် ပြင်နေသည်။
သို့သော်လည်း ထိုအချိန်တွင် အတူပါလာသော ဝတ်စုံနက်နှင့် အမျိုးသမီးက သူမကို အလန့်တကြား ဆွဲတားလိုက်သည် “ဟေး... နင် ဘာလုပ်တာလဲ”
ဝတ်စုံနီနှင့် အမျိုးသမီးက ကြောင်တောင်တောင်ဖြင့် - “ဆေးဝယ်မလို့လေ တခြား ဘာလုပ်ရမှာလဲ”
ဝတ်စုံနက်နှင့် အမျိုးသမီးက မျက်စောင်းထိုးလိုက်သည် - “နင် ရူးနေလား ဒီမှာ လာဝယ်ရအောင် နင် အသက်ရှင်ချင်တော့ဘူးလား”
“နင် ဘာကို ပြောတာလဲ”
“နင် မကြားဘူးလား ကုန်သည်ကြီး သုံးခုရဲ့ ထီကိစ္စလေ သူတို့က နောက်ကွယ်ကနေ သူတို့လူတွေပဲ ပေါက်အောင် အမြဲလှည့်စားနေတာ။
ပြီးတော့ ဝိညာဉ်ကျောက်တုံးနှစ်သိန်းကျော်ဖိုး ထီဝယ်ထားတဲ့ လူတွေကိုတောင် ဆုငွေမပေးဘဲ လိမ်ဖို့ ကြိုးစားသေးတယ်။ ပိုက်ဆံချေးပြီး ဝယ်တဲ့လူတွေဆိုရင် အခု ဘဝပျက်ကုန်ကြပြီ”
ဝတ်စုံနီနှင့် အမျိုးသမီးမှာ ထိတ်လန့်သွားသည် - “ငါ ကျင့်ကြံရင်းအောင်းနေတာ တစ်လပဲ ရှိသေးတယ်၊ အဲဒီလိုတွေ ဖြစ်သွားတာလား”
ဝတ်စုံနက်နှင့် အမျိုးသမီးက ခေါင်းညိတ်ပြကာ - “ကုန်သည်ကြီး သုံးခုဆိုတာ ယုံလို့မရဘူး၊ တကယ့်အကျင့်ပျက် ကုန်သည်တွေပဲ။
သူတို့ဆီကဆေးလုံးတွေဝယ်သောက်ရင်လည်းနင်ကျင့်စဉ်တွေတောင်ဖောက်ပြန်ကုန်ဦးမယ်”