အခန်း (၁၈၆) - ကုန်သည်ကြီး သုံးခုဟာ တကယ်ကို လူမဆန်ဘူး
ဂူအပြင်ဘက် ကောင်းကင်ယံမှ အဘိုးအိုတစ်ဦး၏အေးစက်သော အသံ ထွက်ပေါ်လာသည်။
သူသည် အဖိုးတန် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော အထူးပညာရှင်တစ်ဦး ဖြစ်သည်။
သူ၏ပုခုံးပေါ်တွင် စိမ်းဖန့်ဖန့် အရောင်တောက်နေသော ရှာဖွေရေးမြွေတစ်ကောင်ရှိပြီး အောက်ဘက်ရှိ နေရာတစ်ခုကို ကြည့်ကာ လျှာကို တလှုပ်လှုပ် လုပ်နေသည်။
အခြားတစ်ယောက်က မျက်မှောင်ကြုတ်ကာ - “ဒီမိန်းမမှာ လှည့်ကွက်တွေ အများကြီးပဲ။ အစ်ကိုကွမ်ရဲ့ ရှာဖွေရေးမြွေသာ မရှိရင် တို့တွေ လိုက်နေတဲ့တစ်လျှောက် သူ လွတ်သွားတာ အကြိမ်ကြိမ်ပဲ”
နောက်တစ်ဦးကလည်း - “သူ ဒဏ်ရာအပြင်းအထန်ရနေပြီး အဆုံးသတ်ရောက်နေပါပြီ။ အချိန်မဆွဲဘဲ အမြန်ဆုံး အပြတ်ရှင်းကြရအောင်”
“လုပ်လိုက်တော့၊ အချိန်ကြာရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”
သူတို့သည် ဂူထဲသို့ ဆင်းမသွားဘဲ ကောင်းကင်ယံမှနေ၍ သူတို့၏ မှော်ဝင်လက်နက်များကို အသုံးပြုကာ အစွမ်းကုန် ဗုံးကြဲတိုက်ခိုက်လိုက်ကြတော့သည်။
ဝုန်း...!
တစ်ခဏချင်းမှာပင် တောင်တန်းကြီးမှာ တုန်လှုပ်သွားပြီး မြေပြင်မှာ အက်ကွဲကာ မီးခိုးပြာများ ထွက်ပေါ်လာသည်။
တောင်ထိပ်မှာ ပေါက်ကွဲသွားပြီး ကျောက်တုံးကြီးများ တောင်ပုံရာပုံ ပြိုကျကုန်သည်။
တောင်ကိုယ်ထည်ကြီးမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး ပျက်စီးနေသော အမှိုက်ပုံများကြားတွင် မိန်းကလေးငယ်တစ်ဦးသည် အားနည်းလှသော စွမ်းအင်ကာကွယ်ရေး ဒိုင်းလွှာလေးကို ကိုင်ကာ အသက်လုနေရရှာသည်။
“သူက တကယ်ကို အသက်ပြင်းတာပဲ၊ အခုထိ မသေသေးဘူး”
ဝတ်ရုံနက်နှင့် အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ချောင်းများဖြင့် ဂါထာမန္တန်များကို ဖော်ဆောင်ကာ ကောင်းကင်ယံတွင် မီးနဂါးအများအပြားကို ဖန်တီးလိုက်သည်။
ထိုမီးနဂါးများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လျက် ထိုမိန်းကလေးကို အစအနမကျန် ချေမှုန်းရန် အောက်သို့ ထိုးဆင်းသွားကြတော့သည်။
သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ကောင်းကင်ယံမှ ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ဆင်းသက်လာကာ ထိုမီးနဂါးများကို ဖမ်းဆုပ်၍ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
အထူးပညာရှင်များမှာ မျက်နှာပျက်သွားကြပြီး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် လူငယ်တစ်ဦးသည် လက်ကို နောက်ပြန်ထားလျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ရွှေရောင်နဂါးများ ပန်းထိုးထားသည့် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးများမှာ တောက်ပကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
“မင်းက ဘယ်သူလဲ”
ကုန်သည်ကြီး သုံးသပ်စုမှ ပညာရှင်များသည် ထိုလူငယ်ထံမှ ဖိအားများကို ခံစားနေရသဖြင့် အလွန်ပင် စိုးရိမ်သွားကြသည်။
“ဒူးထောက်စမ်း”
ထိုလူငယ်သည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ အထက်စီးမှနေ၍ အမိန့်ပေးလိုက်သည်။
တစ်ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ သူတို့အပေါ်သို့ ကျရောက်သွားတော့သည်။
ဝေါ့...
စကားတစ်ခွန်းတည်းဖြင့် ရွှေအမြုတေအဆင့်ပညာရှင်များမှာ သွေးအန်ကာ ကောင်းကင်ယံမှ ပြုတ်ကျကုန်ကြတော့သည်။
“မင်း... မင်းက ဘယ်သူလဲ ငါ့တို့က ကုန်သည်ကြီး သုံးခုရဲ့ အထူးပညာရှင်တွေပဲ။ ငါ့တို့ကို ထိရဲရင် နောက်ဆက်တွဲ ပြဿနာတွေကို မင်း စဉ်းစားထားရဲ့လား” ဝတ်ရုံနက်နှင့် အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လူမိုက်တွေ”
လူငယ်က အေးစက်စွာ ပြောလိုက်ပြီး လက်ဝှေ့ယမ်းကာအဆောင်တစ်ခုကို ပစ်ထုတ်လိုက်သည်။
ထိုအဆောင်မှာ လေထဲတွင် ကြီးမားလာပြီး ရွှေရောင်အလင်းတန်းများမှာ နေမင်းကြီးကဲ့သို့ တောက်ပလာသည်။
ရုတ်တရက် ကောင်းကင်ယံတွင် နတ်ဘုရားခေါင်းလောင်းသံကြီး မြည်ဟည်းသွားတော့သည်။
ထိုလူငယ်၏ နောက်ကျောဘက်တွင် ကမ္ဘာသစ်တစ်ခု ပေါ်ထွက်လာသကဲ့သို့ပင်။
“ဒါ နတ်ဘုရားအဆောင်ပဲ”
ပညာရှင်များမှာ မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားကြသည်။ သူတို့ရှေ့မှ လူငယ်သည် ဒဏ္ဍာရီလာ အစဦးသန့်စင်သောမြေ၏ နတ်ဘုရားသစ်ဖြစ်နေသည်လား။
တစ်ချိန်တည်းမှာပင် ထိုက်ဟောင် နတ်မြို့တော်။
ဝမ်ဖူထီဖွင့်ရန် နှစ်နာရီခန့်သာ လိုတော့သည်။
ဟွေ့ချွန်းဆောင်။
နတ်ဘုံနတ်နန်းကဲ့သို့ ရေနွေးငွေ့များ ဖုံးလွှမ်းနေသော ရေပူစမ်းကန်ကြီးတစ်ခု။ ရေထဲတွင် အဖိုးတန် ဝိညာဉ်ဆေးဘက်ဝင် အပင်များ၏ အကြွင်းအကျန်များ မျောပါနေသည်။
လုံဟွမ်နှင့် ကျန့်ယန်တို့သည် ရေကန်ထဲတွင် မျက်စိမှိတ်လျက် လဲလျောင်းနေကြသည်။
ရေထဲရှိ ဝိညာဉ်ဓာတ်များက သူတို့၏ ခန္ဓာကိုယ်ကို ပြုစုပေးနေပြီး ကုန်ခမ်းနေသော အင်အားများကို ပြန်လည်ဖြည့်တင်းပေးနေသဖြင့် သူတို့မှာ သက်သောင့်သက်သာဖြင့် ညည်းညူနေကြသည်။
ဤရေချိုးခန်းမှာ ထိုက်ဟောင်မြို့တွင် အလွန်နာမည်ကြီးသည်။ ရေ၏ဆေးဖက်ဝင်မှုမှာ အံ့မခန်းလှသဖြင့် ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး ဒဏ်ရာဟောင်းများကို ပျောက်ကင်းစေသည်။ သို့သော် ဈေးနှုန်းမှာ အလွန်ကြီးလှသည်။
အချိုသာဆုံး ရေချိုးခမှာ ဝိညာဉ်ကျောက်တုံး ၄၀-၅၀ ခန့်ရှိပြီး အဆင့်မြင့်ကန်များမှာ ၁၀၀ ကျော်အထိ ရှိသည်။ ယခင်ကဆိုလျှင် သူတို့ ဤကဲ့သို့ မသုံးရဲပေ။ တစ်နှစ်မှ တစ်ခါသာ အဆင့်နိမ့်ကန်တွင် လာချိုးနိုင်ကြသည်။
ယခုမူ မတူတော့ပေ။
သူတို့သည် သန်းနှင့်ချီသော ပိုင်ဆိုင်မှုများကို ကိုင်ဆောင်ထားသည့် သူဌေးကြီးတွေ ဖြစ်တော့မည် မဟုတ်ပါလား။ မဒမ်ရှောင်ဆီက ချေးထားသည့် ပိုက်ဆံထဲမှ ကျန်နေသော အကြွေလေးများကို ဤနေရာတွင် အကုန်သုံးပစ်ရန် သူတို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် အနှစ် ၃၀ သက်တမ်းရှိ ဝိညာဉ်အရက်များကိုပင် မှာယူသောက်သုံးနေကြသည်။
“ဟင်း.အစ်ကိုလုံ၊ ဒါမှဘဝကွ အရင်က တို့တွေ ဘယ်လိုဘဝနဲ့ နေခဲ့ကြတာလဲ ဆေးလုံးလည်းမသောက်ရဲ၊ ရေနွေးစမ်းလည်း မချိုးရဲ၊ အရက်လည်း မသောက်ရဲဘဲ အဆင့်နိမ့် လက်နက်တွေနဲ့ပဲ နေခဲ့ရတယ်။ ဒဏ်ရာရမှာကိုတောင် ကြောက်နေခဲ့ရတာ”
“လူသားတွေက နတ်ဘုရားဖြစ်ရတာ ကောင်းတယ်လို့ ပြောကြပေမဲ့ ကျင့်ကြံခြင်းလမ်းက လူသားတွေထက် အဆပေါင်းများစွာ ခက်ခဲတာကို ဘယ်သူသိမှာလဲ”
သူတို့နှစ်ဦးမှာ အရက်ရှိန်ဖြင့် အနည်းငယ် မူးနေကြသည်။ ရေပူစမ်းထဲတွင် စိမ်ရင်း စိတ်လှုပ်ရှားစွာဖြင့် စကားများ ပြောနေကြသည်။
“အစ်ကိုကျန့် ပြောတာ မှန်တယ်”
လုံဟွမ်က သက်ပြင်းချကာ - “ကံကောင်းလို့ အဲဒီ ဆင်းရဲတဲ့နေ့တွေ ကုန်ဆုံးသွားပြီ။ ဒီနေ့ ဆုငွေတွေ ရပြီးရင် ဒီထိုက်ဟောင်မြို့မှာတောင် တို့တွေက မျက်နှာပွင့်တဲ့လူတွေ ဖြစ်တော့မှာ”
ကျန့်ယန်က တဟားဟား ရယ်မောလိုက်ပြီး - “ဟုတ်တယ် ဒီပိုက်ဆံတွေနဲ့ အဆင့်မြင့် ဝိညာဉ်စုဆောင်းခြင်း ခင်းကျင်းမှုပါတဲ့ ဂူဗိမာန်ကို ဝယ်မယ်။ ခြေဆုံးခေါင်းဆုံး အကောင်းစား ဆေးလုံးတွေ၊ လက်နက်တွေနဲ့ ပြင်ဆင်ပြီး အဆင့်မြင့် ကျင့်စဉ်တွေကိုပါ ဝယ်ယူမယ်”
လုံဟွမ်လည်း အိပ်မက်ယဉ်နေသည် - “ငါ့တို့ရဲ့ ပါရမီက မဆိုးပါဘူး။ အရင်းအနှီးမရှိလို့သာကျင့်ကြံခြင်းက နှေးနေတာ။ အခုတော့ အေးအေးဆေးဆေးကျင့်ကြံပြီး ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိသွားပြီ။
အဲဒီအဆင့် ရောက်သွားရင်သက်တမ်းက နှစ်ပေါင်း ၂၀၀ ကျော်အထိ တိုးသွားမှာဘယ်လောက် ကောင်းလိုက်မလဲ”
ထိုစကားကို ကြားသောအခါ ကျန့်ယန်က ပြုံးလိုက်ပြီး - “ဒါဆိုရင် နောက်ဆိုရင် ခင်ဗျားကို နတ်ဘုရားဆရာကြီးလုံလို့ ခေါ်ရတော့မှာပေါ့”
ထိုစကားကြောင့် လုံဟွမ်မှာ တစ်ကိုယ်လုံး နေလို့ကောင်းသွားပြီး - “ဟားဟား... ခင်ဗျားကလည်း အားနာစရာကြီး ခင်ဗျားလည်း နတ်ဘုရားဆရာကြီးကျန့်ဖြစ်လာမှာပဲလေ”
“ဟီး... နတ်ဘုရားဆရာကြီး လုံကလည်း အားနာစရာတွေ ပြောနေပြန်ပြီ”
“နတ်ဘုရားဆရာကြီး ကျန့်”
“ဟားဟားဟား...”
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောနေကြပြီး သူတို့၏ ဘဝမှာ အထွတ်အထိပ်သို့ ရောက်နေပြီဟု ခံစားနေရသည်။
သို့သော်လည်း...ထိုအချိန်တွင် ရေကန်ဘေး၌ တင်ထားသော လုံဟွမ်၏ ဆက်သွယ်ရေးအဆောင်မှာ ရုတ်တရက် တုန်ခါလာသည်။
သူ၏နတ်အာရုံဖြင့် ကြည့်လိုက်ရာ ဖိုရမ်မှ အရေးကြီး သတိပေးချက်တစ်ခု တက်လာသည်ကို တွေ့လိုက်ရသည်။
“လန်ယာအထူးသတင်း - ဝမ်ဖူထီစနစ်တွင် ကြီးမားသော အားနည်းချက် ရှိနေသဖြင့် ကုန်သည်ကြီး သုံးခုသည် ဆုကြေးခွဲဝေမှု စည်းမျဉ်းများကို ယာယီ ပြောင်းလဲတော့မည်လား”
“ဟဲ ဘာများလဲလို့။ စည်းမျဉ်းလေး တစ်ခု ပြောင်းတာပဲကို” ကျန့်ယန်က ဂရုမစိုက်ဘဲ အရက်ကို ဆက်သောက်နေသည်။
သို့သော် အရက်က လည်ချောင်းထဲ ရောက်ခါနီးတွင် သူ သတိဝင်လာပြီး အရက်ကို ပြန်မှုတ်ထုတ်လိုက်သည် - “ဘာ ဘာကို ပြောင်းမလို့လဲ”
ထိုအချိန်တွင် လုံဟွမ်လည်း အမူးပြေသွားပြီ ဖြစ်သည်။ သူသည် မျက်လုံးများကို ပြူးကြည့်ကာ - “ထီဆုကြေးပေးမယ့် စည်းမျဉ်းကို ပြောင်းမလို့တဲ့”
“ဟာ... သွားပြီ မြန်မြန်ကြည့်စမ်း ဘာကို ပြောင်းလိုက်တာလဲဆိုတာ”
လုံဟွမ်သည် ဖိုရမ်ထဲသို့ အမြန်ဝင်ကာ ထိုပို့စ်ကို ရှာဖွေဖတ်ရှုလိုက်သည်။ အထဲမှ အကြောင်းအရာများကို မြင်လိုက်ရသောအခါသူတို့နှစ်ဦးလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်ခဲသွားကြတော့သည်။
“တောက်...”
“ကုန်သည်ကြီးသုံးခုမင်းတို့တကယ်ကိုယုတ်မာတဲ့ကောင်တွေပဲ”