အခန်း (၁၈၄) ဝမ်မု... မင်း ငါ့အုတ်ဂူကို တူးနေတာလား
ဤအချိန်တွင် တန့်ချန်းသည် ဝမ်မု၏ အတိတ်က လုပ်ရပ်များကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းမှုကုသိုလ်လုပ်ပြီး သူတစ်ပါး၏ ချီးကျူးမှုကို ခံရခြင်းမှာ ဤမျှလောက် အရသာရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ မဟုတ်သေး။
အပြင်က အဆင့်နိမ့်ကျင့်ကြံသူတွေဆီက ပိုက်ဆံကိုလည်းယူ သူတို့ရဲ့ ကျေးဇူးတင်မှုကိုလည်း ရရှိရခြင်းမှာ တကယ့်ကို ကြည်နူးစရာကောင်းလှသဖြင့် နေရာမှာတင် သီချင်းထွက်ဆိုချင်စိတ်ပင် ပေါက်နေတော့သည်။
သို့သော်လည်း သူ၏စကားကို ကြားသောအခါ အစေခံမှာ ထူးဆန်းသော မျက်နှာပေးဖြင့် - “ဒါကို စုံစမ်းဖို့ မခက်ပါဘူး၊ ဒါပေမဲ့ သူတို့ကို ဆုအကြီးအကျယ်ပေးဖို့ကတော့ ခက်လိမ့်မယ် သခင်လေး”
တန့်ချန်း ကြောင်သွားသည် - “ဘာလို့လဲ”
အစေခံက - “အဓိကကတော့ သူတို့က အရမ်းဝေးတဲ့နေရာမှာ ရှိနေလို့ပါ။ ပြီးတော့ သူတို့က ပိုက်ဆံလည်း မရှားဘူးလေ”
တန့်ချန်းက ရယ်မောလိုက်သည် - “ရယ်စရာပဲ ဒီလောကမှာ ပိုက်ဆံအများကြီးရှိလို့ စိတ်ညစ်နေတဲ့သူရှိလို့လား ဒါ့အပြင် သူတို့မှာ ပိုက်ဆံ ဘယ်လောက်ပဲရှိရှိ ငါ့ရဲ့ ပိန်လိုင်ကုန်သည်အသင်းလောက်တော့ ချမ်းသာပါ့မလား”
“အဲ... အမှန်တော့ တကယ်ကြီး ရှိနေလို့ပါ” အစေခံ၏မျက်နှာမှာ ပို၍ပင်ထူးဆန်းသွားသည်။
တန့်ချန်း၏ အပြုံးများ တောင့်ခဲသွားသည် - “ဘယ်သူလဲ”
“ဝမ်မိသားစုရဲ့သခင်လေးဝမ်မု ပါ”
တန့်ချန်း: “....”
သူ၏ ဦးနှောက်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးမှ မယုံနိုင်စွာဖြင့် မေးလိုက်သည် - “ဘယ်သူလို့ ပြောလိုက်တာလဲ ပြန်ပြောစမ်း”
“ဝမ်မိသားစုရဲ့ သခင်လေးဝမ်မု ပါ”
“ဝမ်မု” တန့်ချန်း၏ မျက်လုံးများ ပြူးထွက်သွားသည် - “သူက ငါ့ကို ချီးကျူးနေတာ ဟုတ်လား”
အစေခံက မျက်တောင်ခတ်ရင်း ခေါင်းခါလိုက်သည် - “သခင်လေးကို ချီးကျူးတာ မဟုတ်ပါဘူး ကျွန်တော်တို့ ကုန်သည်ကြီး သုံးခုကို ချီးကျူးနေတာပါ”
“အဲဒါကို စိတ်မပူနဲ့စမ်း ငါက ကုန်သည်ကြီး သုံးခုရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးလား”
တန့်ချန်းက စိတ်လှုပ်ရှားစွာဖြင့် - “ဝမ်မုက ငါတို့ရဲ့ အစီအစဉ်ကို ကြောက်သွားလို့ အလျှော့ပေးတဲ့ ပုံစံမျိုး လုပ်နေတာများလား။
ဟင်း... ဖြစ်နိုင်တယ်။ ငါတို့ထီ ပေါ်လာကတည်းက သူတို့ရဲ့ လန်ဟွမ်ကျောက်စိမ်းဆောင်မှာ ထီဝယ်တဲ့သူ တဖြည်းဖြည်း နည်းသွားတာကိုး”
ထိုသို့တွေးမိသောအခါ တန့်ချန်း၏နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။ “ဒါနဲ့ ဝမ်မုက ငါ့ကို ဘယ်လို ချီးကျူးထားတာလဲ ဘယ်နေရာမှာ ပြောတာလဲ”
အစေခံက အလေးအနက် ပြောသည် - “သခင်လေးဝမ်မုက သခင်လေးကို မဟုတ်ဘဲ ကုန်သည်အသင်းကို ချီးကျူးတာပါဆို”
“မင်းကို ဘယ်သူက မှတ်ချက်ပေးခိုင်းလို့လဲ ငါ မသိဘူးမှတ်နေလား” တန့်ချန်းက သူ့ကို နှာခေါင်းရှုံ့ကြည့်လိုက်သည် - “တော်ပြီ၊ ထွက်သွားတော့ မင်းလည်း သိမှာမဟုတ်ပါဘူး”
အစေခံကို နှင်ထုတ်လိုက်ပြီးနောက် တန့်ချန်းသည် သူ၏ထျန်းဝမ် ဆက်သွယ်ရေးအဆောင်ကို ထုတ်လိုက်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် နေရာအနှံ့တွင် ထီလုပ်ငန်းများ ချဲ့ထွင်နေရသဖြင့် အလွန်ပင် အလုပ်များနေခဲ့သည်။ ဤစာချွန်လွှာကို မဖွင့်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။
“ဝမ်မုက မြောက်ပင်လယ်မှာ ရှိနေတာတောင် သူ ငါ့ကိုချီးကျူးတဲ့သတင်းက လူတိုင်း သိနေတယ်ဆိုတော့ဖိုရမ်ပေါ်မှာ တင်ထားတာပဲ ဖြစ်ရမယ်။ သူ ဒီသခင်လေးကို ဘယ်လိုများ ချီးကျူးထားလဲဆိုတာ သေသေချာချာ ရှာကြည့်ရမယ် ဟီးဟီးဟီး”
တန့်ချန်းသည် လျှာဖြင့် နှုတ်ခမ်းကို သပ်ကာ ဖိုရမ်ကို ဖွင့်လိုက်သည်။ အထဲသို့ ရောက်သည်နှင့် လူကြိုက်အများဆုံး ဖြစ်နေသော ပိုစ့်ကို ချက်ချင်း မြင်လိုက်ရသည်။
ခေါင်းစဉ်မှာ "ကုန်သည်ကြီး သုံးခုသည် ဖြောင့်မတ်ပြီး ရက်ရောလှပေစွ ကျွန်ုပ်၏ လန်ယာကုန်သည်အသင်းမှာ အမီမလိုက်နိုင်သဖြင့် ရှက်မိပါသည်တဲ့"
ဤခေါင်းစဉ်ကို မြင်သောအခါ တန့်ချန်း၏ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ သူ၏စိတ်ကူးထဲတွင် ဝမ်မုသည် အလံဖြူကို ကိုင်ကာ သူ၏ရှေ့တွင် ဒူးထောက်ငိုယိုနေပြီး သူကမူခါးထောက်လျက် အောင်နိုင်သူအဖြစ် တဟားဟား ရယ်မောနေသည့် ပုံရိပ်များ ပေါ်လာတော့သည်။
“ကဲ... မင်း ငါ့ကိုဘယ်လိုတွေ ချီးကျူးထားလဲဆိုတာ ဒီသခင်လေး သေသေချာချာ ဖတ်ကြည့်ရအောင်”
သူက ပို့စ်ထဲသို့ ဝင်ကာ အသေသေချာချာ စတင်ဖတ်ရှုတော့သည်။
ကုန်သည်ကြီး သုံးခုသည် အခြားသူများအတွက် မိမိကိုယ်ကိုယ် စတေးကြသည်။
သတ္တဝါဝေနေယျများအတွက် လောကကြီးကို အလင်းပြရန် မိမိကိုယ်ကိုယ် လောင်မြိုက်စေရန် ဝန်မလေးကြပေ။ ဤကဲ့သို့ ရဲရင့်လှသော အနစ်နာခံစိတ်ဓာတ်မှာ ကျွန်ုပ်၏ လန်ယာကုန်သည်အသင်းအနေဖြင့် အမီမလိုက်နိုင်လောက်အောင် ဖြစ်ရပါသည်။
“ဟင်း... စကားလုံး ရွေးချယ်ပုံနဲ့ အရေးအသားကို ကြည့်စမ်း ဘယ်လောက် ကောင်းလိုက်သလဲ”
သူသည် တစ်လုံးချင်းစီကို အသေသေချာချာ ဖတ်နေသည်။ သူသည် သူ၏ နတ်အာရုံကိုပင် အသုံးမပြုဘဲ စာဖတ်နှုန်း မြန်သွားမည်ကို စိုးရိမ်နေသည်။
ခဲခဲယဉ်ယဉ် ရရှိထားသော ဤကြည်နူးဖွယ် အချိန်လေးကို သူ အပြည့်အဝ ခံစားချင်သည်။
သို့သော်လည်း ဆက်လက်ဖတ်ရှုရင်း သူ၏ အပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ဘာတွေလဲ ဒီသခင်လေးကို ချီးကျူးတာက တစ်ကြောင်းတည်းနဲ့ ပြီးသွားတာလား”
ကုန်သည်ကြီးသုံးခု၏ ဝမ်ဖူထီတွင် ကောင်းကင်ဘုံ အချက်အလက် ၂၈ ခုနှင့် ရာသီဥတုအချက်အလက် ၂၄ ခု၊ စုစုပေါင်း ၅၂ ခု ရှိသည်။ ထိုအထဲမှ ၅ ခုကို ရွေးရခြင်း ဖြစ်သဖြင့် ဖြစ်နိုင်ခြေရှိသော ဂဏန်းတွဲ စုစုပေါင်းမှာ ၂,၅၉၈,၉၆၀ ရှိပါသည်။
တန့်ချန်း မျက်မှောင်ကြုတ်လိုက်မိသည် - “သူက တကယ်သိနေတဲ့အတိုင်း ပြောနေတာပဲ။ ငါ့တို့တွေတောင် အတိအကျ မသိတာကို သူက ဘယ်လိုလုပ် ဒီလောက် ရှင်းနေရတာလဲ”
သူက ခေါင်းခါရင်း ဆက်ဖတ်လိုက်သည် - ထို့ကြောင့် ဤဂဏန်းတွဲ နှစ်သန်းကျော်ကိုသာ အကုန်ဝယ်လိုက်ပါက ဆုကြီးပေါက်ရန် ၁၀၀ ရာခိုင်နှုန်း သေချာပါသည်။ စုစုပေါင်း ကုန်ကျစရိတ်မှာ ဝိညာဉ်ကျောက်တုံး နှစ်သိန်းခြောက်သောင်းပင် မပြည့်ပေ။
တစ်နည်းအားဖြင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခြောက်သောင်း သုံးရုံဖြင့် သန်း ၃၀ ရရှိမည် ဖြစ်သည်။
ဤသည်မှာ သတ္တဝါဝေနေယျများကို အကျိုးပြုနေခြင်း မဟုတ်ပါလား။
ကုန်သည်ကြီး သုံးခုလောက် စေတနာကောင်းတဲ့အသင်းမျိုး ဒီလောကမှာ ရှာမတွေ့နိုင်ပါဘူး။
သူတို့က ကိုယ့်ဘာသာ ဘဝပျက်ခံပြီး လူတွေကို အကျိုးအမြတ် ပေးနေတာပါ။
ဤစာကို ဖတ်ပြီးသောအခါ တန့်ချန်း၏ ဦးနှောက်မှာ ဝီခနဲ မြည်သွားသည်။
သူ၏တစ်ကိုယ်လုံးမှ အမွှေးအမျှင်များ ထောင်ထသွားပြီး အေးစိမ့်သော ခံစားချက်ကြီးမှာ ခေါင်းမှ ခြေဖျားအထိ စီးဆင်းသွားသည်။ အလင်းရောင်မရှိသော နက်ရှိုင်းလှသည့် ချောက်ထဲသို့ ကျသွားသကဲ့သို့ပင်။
“မဖြစ်နိုင်တာ”
သူ၏ ပါးစပ်များ ခြောက်ကပ်သွားပြီး နှလုံးခုန်သံမှာ အဆမတန် မြန်လာသည်။
အကယ်၍ ဤပို့စ်ပါ အချက်အလက်များသာ မှန်ကန်နေပါက အကြီးအကျယ် ပြဿနာတက်တော့မည်။
ကုန်သည်ကြီး သုံးသပ်စုတွင် ဝိညာဉ်ကျောက်တုံးတွင်း တစ်ထောင် တစ်သောင်း ရှိနေပါစေဦး ဤအတိုင်းဆိုလျှင်တော့ သူတို့ ဘဝပျက်တော့မည်။
ယခုမှပင် သူ သဘောပေါက်သွားသည်။ ဝမ်မုက ကုန်သည်ကြီး သုံးခုကို ချီးကျူးနေခြင်း မဟုတ်ပေ။ ဤသည်မှာ ကုန်သည်ကြီး သုံးခုအတွက် အုတ်ဂူတူးပေးနေခြင်း သက်သက်သာ ဖြစ်သည်။
“တောက်... ဝမ်မု၊ မင်းရဲ့ အကြံက တကယ်ကို ယုတ်မာလွန်းတယ်။ အရမ်း ယုတ်မာလွန်းတယ်”
ဤကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ပါက ကုန်သည်ကြီး သုံးခု မည်သို့သော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်ကို သူ မတွေးရဲပေ။ သူ၏ အမြင်များ ဝေဝါးလာပြီး ဒေါသများကြောင့် မူးမေ့လဲတော့မတတ် ဖြစ်သွားသည်။
ထိုအချိန်တွင် သူ၏အခြားသော ဆက်သွယ်ရေးစာချွန်လွှာ မြည်လာသည်။ ထိုက်ရှူးထုံ၏ အေးစက်သော အသံ ထွက်ပေါ်လာသည် - “အစည်းအဝေးခန်းမကို ချက်ချင်းလာခဲ့၊ အရေးကြီးတာ ဖြစ်နေပြီ”
တန့်ချန်းသည် အသက်ကို ပြင်းပြင်းရှူကာ ဆေးလုံးတစ်လုံးကို မြိုချလိုက်ပြီး စိတ်ကို အမြန်ဆုံး ငြိမ်သက်အောင် လုပ်လိုက်သည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အစည်းအဝေးခန်းမဘက်သို့ အမြန်ဆုံး ပျံသန်းသွားတော့သည်။
အစည်းအဝေးခန်းမအတွင်း၌ လူပေါင်းများစွာတို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် လက်တစ်ဖက်မှ အပ်ပကပ်၊ အခြားတစ်ဖက်မှ ကလောင်နှင့် စက္ကူတို့ကို ကိုင်ကာ ချွေးပြန်နေအောင် တွက်ချက်နေကြသည်။
ထိုက်ရှူးထုံကမူ ခန်းမ၏ အမြင့်ဆုံးနေရာတွင် လက်နောက်ပြန် ထားလျက် ကြောက်စရာကောင်းသော မျက်နှာထားဖြင့်ရပ်နေသည်။
“သေသေချာချာတွက်ကြစမ်းအားလုံးရှင်းနေအောင်တွက်ကြဝမ်မုပြောတဲ့စကားတိုင်းမှန်နေလိမ့်မယ်လို့ငါမယုံဘူးဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်တခြားဖြစ်နိုင်ခြေတွေကိုရှာဖွေကြစမ်းအဲဒီကောင်ဝမ်မုကငါတို့ကုန်သည်အသင်းရဲ့အသက်သွေးကြောကိုဖြတ်ချင်နေတာလား။အိပ်မက်မက်နေလိုက်မင်းအကုန်လုံးကိုတွက်ချက်နိုင်လိမ့်မယ်လို့ငါမယုံဘူး”