အခန်း (၁၈၃) ဒါက ဝင်္ကပါထဲ ပိတ်မိနေတာလား။
ဆိုင်မန်နေဂျာ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်သွားသည်။
သူက ခေါင်းညိတ်ပြရင်း - “ကောင်းပြီ၊ ကောင်းပြီ ကောင်းပြီ” ဟု ရယ်မောကာ ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင်မူ "ဂဏန်းတွေ စစ်နေတာ ဘာဆန်းတာမို့လို့လဲ ထီဖွင့်တဲ့အခါ ဘယ်ဂဏန်းထွက်မလဲဆိုတာ မင်းတို့လည်း သိတာမှမဟုတ်ဘဲ ဘာပဲဝယ်ဝယ် ဆုကြီးတကယ်ပေါက်နိုင်မယ် ထင်နေလား" ဟု လှောင်ပြောင်နေမိသည်။
ထိုသို့ဖြင့် ကျန့်ယန်နှင့် လုံဟွမ်တို့သည် ထီဂဏန်းများကို သုံးကြိမ်ဆက်တိုက် စစ်ဆေးခဲ့ကြသည်။ မှန်ကန်ကြောင်း အသေသေချာချာ အတည်ပြုပြီးမှသာ ထီလက်မှတ်များကို ယူ၍ ဆိုင်ထဲမှ ထွက်ခွာသွားကြတော့သည်။
လမ်းမပေါ်သို့ ရောက်သောအခါ သူတို့၏ ခြေလှမ်းများမှာ အလိုအလျောက် မြန်လာသည်။ သူတို့၏မျက်နှာများမှာ တည်ငြိမ်နေသော်လည်း နှလုံးသားများမှာ ဟိန်းဟောက်နေကြပြီး နတ်အာရုံဖြင့် အချင်းချင်း အဆက်မပြတ် စကားပြောနေကြသည်။
ကျန့်ယန်: “ငါတို့ ချမ်းသာပြီ အစ်ကိုလုံ ငါတို့ တကယ် ချမ်းသာပြီ”
လုံဟွမ်: “ဟုတ်တယ် အစ်ကိုကျန့် သန်း ၃၀ အဲဒါဝိညာဉ်ကျောက်တုံး သန်း ၃၀ ကြီးတောင်”
ကျန့်ယန်: “ထီဖွင့်လို့ ပိုက်ဆံတွေ ရလာရင် အစ်ကိုလုံ ဘယ်လိုသုံးမလဲ”
လုံဟွမ်က အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်သော မျက်နှာထားဖြင့် - “အရင်ဆုံး ခန္ဓာကိုယ်အတွက် အားဆေးတွေ အရင်ဝယ်ရမယ်” ဟု ပြောလိုက်သည်။
ကျန့်ယန်၏ မျက်နှာမှာ အနည်းငယ် တွန့်သွားသည် - “အစ်ကိုလုံ ပြောတာ တကယ် မှန်ပါတယ်”
ခေတ္တရပ်ပြီး သူက ဆက်ပြောသည် - “ပိုကျယ်တဲ့ ဂူဗိမာန်တစ်ခုလောက် ဝယ်ပြီးတော့ ငါတို့ကို ပြုစုပေးမယ့် လှပတဲ့ အစေခံမလေးတွေ ငှားရင်ကော ဘယ်လိုလဲ”
ထိုစကားကို ကြားသောအခါ လုံဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ခါးကို မသိမသာ နှိပ်လျက် ခေါင်းခါလိုက်သည် “ငါ အမျိုးသမီးတွေကို စိတ်မဝင်စားတော့ဘူး”
ကျန့်ယန်ကလည်း သက်ပြင်းတစ်ချက်ချကာ ထောက်ခံလိုက်သည် - “အစ်ကိုလုံ ပြောတာ မှန်တယ်။ ငါ့တို့တွေလို ကျင့်ကြံသူတွေက မိန်းမလှတွေရဲ့ ဆွဲဆောင်မှုနဲ့ ဝေးဝေးနေသင့်တာပေါ့”
ဆိုင်မန်နေဂျာသည် သူတို့ ထွက်သွားသည်ကို ကြည့်ကာ ပြုံးဖြဖြ ဖြစ်နေသည်။
ဟင်း... ငါတော့ ချမ်းသာပြီ။
ဒီလို ငတုံးတွေသာ နေ့တိုင်းလာရင် ဘယ်လောက်ကောင်းမလဲ။ တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားစရာပဲ။
သူ ဆိုင်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ်မှာပင် အားနည်းသော အော်သံတစ်ခု ကြားလိုက်ရပြန်သည် - “မန်နေဂျာ ဝိုင်းကူပါဦး”
သူ လှည့်ကြည့်လိုက်ရာ ကျင့်ကြံသူတစ်ဦးသည် နံရံကိုမှီကာ၊ ခါးကို လက်တစ်ဖက်ဖြင့် နှိပ်လျက် တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာတွင် ထင်ရှားလှသော ပန်ဒါမျက်ကွင်း ညိုမည်းကြီးများ ရှိနေသည်။
“ဟင်း”
မန်နေဂျာက ထိုသူ၏ မျက်နှာကို စိုက်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။
“ဧည့်သည် ခုနကမှ ထွက်သွားတာ မဟုတ်ဘူးလား”
ထိုကျင့်ကြံသူက သူ၏ ညိုမည်းနေသော မျက်လုံးများကို ပြူးကြည့်ကာ - “ထွက်သွားတာ ငါခုမှ ရောက်တာလေ”
“အော် ဟုတ်ကဲ့ ဆောရီးပါ။ လူချင်းနည်းနည်းဆင်နေလို့ မမှတ်မိလိုက်တာပါ။ ကြွပါ၊ အထဲကို ကြွပါ”
သူတို့ အခန်းထဲသို့ ဝင်လာကြသည်။ ထိုကျင့်ကြံသူက ဘာမှမပြောဘဲ သိုလှောင်အိတ်ကြီးတစ်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်လိုက်သည်။
“မန်နေဂျာ ဒီကျောက်စိမ်းစာချွန်လွှာပေါ်မှာ ရေးထားတဲ့အတိုင်း ဂဏန်းတွဲ တစ်တွဲကို ထီတစ်စောင်စီ ထုတ်ပေးပါ”
မန်နေဂျာ ကြောင်သွားသည်၊ ဤမြင်ကွင်းက ရင်းနှီးနေသလိုပင်။ သူက သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ တောင်ပုံရာပုံ ရှိနေသော ဝိညာဉ်ကျောက်တုံးများက စူးရှစွာ တောက်ပနေသည်။ ထို့နောက် ကျောက်စိမ်းစာချွန်လွှာကို ကြည့်လိုက်ရာ ယခင်ကအတိုင်းပင် ဂဏန်းတွဲပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။
“မင်း ခုနက တကယ် မရောက်ခဲ့တာ သေချာလား” မန်နေဂျာက မမေးဘဲ မနေနိုင်ပေ။
“ဘာတွေ လာပြောနေတာလဲ ရောင်းမှာလား၊ မရောင်းဘူးလား မရောင်းရင် တခြားဘဏ်သွားမယ်”
“ရောင်းပါတယ်၊ ရောင်းပါတယ်” မန်နေဂျာသည် ချက်ချင်းပင် ကျောက်စိမ်းအဆောင်ကို ယူကာ ဆိုင်နောက်ဘက်သို့ ပြေးသွားတော့သည်။
အတန်ကြာပြီးနောက်။
ပန်ဒါမျက်ကွင်းနှင့် ကျင့်ကြံသူသည် ထီလက်မှတ်များကို အသေသေချာချာ စစ်ဆေးပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
မန်နေဂျာသည် ဝိညာဉ်ကျောက်တုံးအိတ်ကို မကာ သူ၏ ဘဝမှာ အထွတ်အထိပ်သို့ ရောက်နေပြီဟု ခံစားလိုက်ရသည်။
“မိုက်တယ် ဒါ တကယ့်ကို မိုက်လွန်းတယ်။ တစ်နေ့တည်းမှာ ဒီလို ငတုံးနှစ်ယောက် ရောက်လာတာ ဒါ ငါ့ဘဝတစ်လျှောက်လုံး ကုန်သည်အသင်းအတွက် ကြိုးစားခဲ့လို့ ရတဲ့ ကံကောင်းမှုပဲ”
မန်နေဂျာမှာ ပျော်လွန်းသဖြင့် ပါးစပ်ပင် မစိနိုင်တော့ပေ။ ဤမျှ များပြားသော ရောင်းအားအတွက် ကုန်သည်အသင်းမှ ရရှိမည့် ဆုလာဘ်မှာ မနည်းလှပေ။
“မန်နေဂျာ ကျွန်တော် ထီဝယ်ချင်လို့”
သူ ပျော်ပျော်ပါးပါး ပိုက်ဆံရေတွက်နေစဉ် အားနည်းသော အသံတစ်ခု ထပ်ထွက်လာပြန်သည်။ မန်နေဂျာ မော့ကြည့်လိုက်ရာ ထပ်မံ၍ ထူထဲသော ပန်ဒါမျက်ကွင်းညိုကြီးများကို မြင်လိုက်ရသဖြင့် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားတော့သည်။
“ဒီကျောက်စိမ်းအဆောင်အတိုင်း ဂဏန်းတွဲ တစ်တွဲကို တစ်စောင်စီပေးပါ။ တစ်ခုမှ မကျန်ပါစေနဲ့ မြန်မြန်လုပ်ပေး” ဖောက်သည်က ဝိညာဉ်ကျောက်တုံးအိတ်နှင့် ကျောက်စိမ်းစာချွန်လွှာကို စားပွဲပေါ် တင်လိုက်ကာ ထိုင်ခုံတွင် ထိုင်ပြီး သူ၏ခါးကို နှိပ်နေတော့သည်။
မန်နေဂျာက ကျောက်စိမ်းအဆောင်နှင့် အိတ်ကို ကြည့်ကာ စိတ်ထဲတွင် ဟာခနဲ ဖြစ်သွားသည်။
ငါ တစ္ဆေတံတိုင်းပိတ်တာ ခံနေရတာလား။ (တစ်နေရာတည်းမှာပဲ လည်နေခြင်း)
မဖြစ်နိုင်ပါဘူး ငါ ဆိုင်ထဲကနေ တစ်ဖဝါးမှ မခွာသေးဘူးလေ။
ပြီးတော့ ငါ့လက်ထဲက ဝိညာဉ်ကျောက်တုံးတွေကလည်း တကယ်ကြီး တိုးလာနေတာပဲ။
“မန်နေဂျာ မန်နေဂျာ” ဖောက်သည်က မန်နေဂျာ ငိုင်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ လောဆော်လိုက်သည်။
“အော်... ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အခုပဲ လုပ်ပေးပါ့မယ်”
မန်နေဂျာသည် နောက်ဖေးသို့ ထပ်မံ ဝင်သွားရပြန်သည်။
ခေတ္တအကြာတွင် ပန်ဒါမျက်ကွင်းနှင့် ဖောက်သည်ကို ပြန်လည် ပို့ဆောင်ပေးလိုက်ပြီး လမ်းအဆုံးတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ သူ၏ စိတ်ထဲမှ ရှုပ်ထွေးမှုများလည်း ပျောက်ကွယ်သွားသည်။
“တိုက်ဆိုင်တာပါ... ဒါ တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်မှာပါ။”
“မန်နေဂျာ ကျွန်တော်တို့ ထီလာဝယ်တာ” ရုတ်တရက် သူ၏ နောက်ကျောဘက်မှ အားနည်းသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်ရာ လူခုနစ်ယောက် ရှစ်ယောက်ခန့်သည် တစ်ဦးကိုတစ်ဦး တွဲကူလျက် ဘဏ်ဘက်သို့ လျှောက်လာနေကြသည်။
လူတိုင်းမှာ မျက်နှာများ ဖြူလျော့ကာ ပန်ဒါမျက်ကွင်းညိုကြီးများ ကိုယ်စီနှင့်။
ဘဏ်မန်နေဂျာ: “အို... မဖြစ်နိုင်ဘူး တစ်ခုခုတော့ မဟုတ်တော့ဘူး”
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဒေသတလွှားရှိ ကုန်သည်ကြီး သုံးခု၏ ဘဏ်ခွဲများတွင်လည်း အလားတူ မြင်ကွင်းများ ဖြစ်ပျက်နေသည်။
အစပိုင်းတွင် ဘဏ်များအတွက်မူ ဤသည်မှာ ထူးဆန်းသော်လည်း ဝမ်းသာစရာ ကိစ္စဖြစ်သည်။ ထိုပန်ဒါမျက်ကွင်းနှင့် လူများမှာ ကြည့်ရသည်မှာ အသက်ရှည်မည့်ပုံ မပေါက်သော်လည်း ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်ကို အလွယ်တကူ သုံးစွဲကြသော သူဌေးမင်းများ မဟုတ်ပါလား။
သို့သော် ဖြည်းဖြည်းချင်းတွင်မူ သူတို့ တစ်ခုခု မှားနေသည်ကို သတိထားမိလာကြသည်။ လူတိုင်း သုံးစွဲသည့် ပမာဏနှင့် ဝယ်ယူသည့် ထီအရေအတွက်မှာ တထပ်တည်း တူညီနေခြင်းပင်။ သူတို့အားလုံး ကြိုတင် တိုင်ပင်ထားကြသကဲ့သို့ပင်။
အခြားတစ်ဖက်တွင်မူ...
တန့်ချန်းသည် နေ့စဉ် ကျင့်ကြံခြင်း ပြီးဆုံး၍ တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ သူက အစေခံတစ်ဦးကို ခေါ်၍ မေးလိုက်သည် - “အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ”
အစေခံက ပြန်ဖြေသည် - “သခင်လေး ဒီနေ့ ဘာဖြစ်လို့လဲမသိဘူး ကျင့်ကြံသူ အုပ်စုကြီးက ကုန်သည်အသင်း အပြင်ဘက်မှာ စုရုံးရောက်ရှိနေပြီး ကျွန်တော်တို့ ကုန်သည်အသင်းကို ကျေးဇူးတင်စကားလာပြောနေကြတာပါ”
“ကျေးဇူးတင်တယ်” တန့်ချန်း အံ့သြသွားသည် - “ထူးဆန်းလိုက်တာ၊ မင်း သေချာလား”
“မမှားနိုင်ပါဘူး သခင်လေး။ အပြင်ကလူတွေ ပြောနေတာက ဝမ်ဖူထီဆိုတာ ကျင့်ကြံခြင်းလောကမှာ တစ်ခါမှ မရှိဖူးသေးတဲ့ အကြီးမားဆုံး ကုသိုလ်တရားကြီးဖြစ်ပြီး ကျွန်တော်တို့ ကုန်သည်ကြီး သုံးခုရဲ့ အောင်မြင်မှုက နောင်အနှစ်တစ်ထောင်အထိ တည်တံ့နေလိမ့်မယ်လို့ ပြောနေကြတာပါ”
တန့်ချန်း ကြားရသည်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားသည် - “တကယ်လား”
အစေခံက အလေးအနက် ခေါင်းညိတ်သည် - “ဟုတ်ကဲ့ ဝမ်ဖူထီကို တီထွင်ခဲ့တဲ့သူဟာ မြောက်ပိုင်းဒေသမှာ အနှစ်တစ်သောင်းအတွင်း အကြီးမားဆုံးသော စေတနာရှင်လို့ ခေါ်ဆိုထိုက်ပြီး ဝမ်မိသားစုရဲ့ သခင်လေး တောင် ရှက်သွားရလောက်တယ်လို့ ပြောနေကြပါတယ်”
“အဲဒါကို ဘယ်သူပြောတာလဲ” တန့်ချန်း၏ မျက်လုံးများ လင်းလက်သွားသည်။
“လူအများကြီး ပြောနေကြတာပါ သခင်လေး။ ဘယ်သူ စပြောတာလဲဆိုတာတော့ အတိအကျ မသိရပါဘူး”
တန့်ချန်းမှာ အလွန်ပင် ကြည်နူးသွားသည် - “တကယ်ကို အမြင်ရှိတဲ့လူတွေပဲ သွားစမ်း ဘယ်သူက အရင်ဆုံး စပြောတာလဲဆိုတာ စုံစမ်းပြီး ဆုအကြီးအကျယ် ပေးလိုက်စမ်း။
အဲဒီလို ပြောတဲ့သူတိုင်းကိုလည်း ဆုချလိုက်”