အခန်း (၁၈၀) ပိုက်ဆံဆိုတာ အရေးမကြီးပါဘူး
တစ်ချိန်တည်းမှာပင် အခြားသောမြို့တော်များ၌ ကုန်သည်ကြီး သုံးခု၏ ထီလုပ်ငန်းမှာ အစီအစဉ်အတိုင်း ဆက်လက်လည်ပတ်နေသည်။
အထူးသဖြင့် လီရှောင် နှင့် ထိုက်ဟောင် ကဲ့သို့သော မြို့ကြီးများတွင် ထီဖွင့်ပွဲ နှစ်ကြိမ်ပင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ အကြိမ်တိုင်းတွင် ဆုကြီးပေါက်သူ အမြောက်အမြား ရှိနေခြင်းပင်။
လူဦးရေနည်းပါးသော မြို့ငယ်လေးများမှာပင် အနည်းဆုံး ဆုကြီးပေါက်သူ နှစ်ဦး သုံးဦးခန့် ရှိနေပြီး ဝိညာဉ်ကျောက်တုံး သန်း ၃၀ စီ ရရှိသွားကြသည်။
ဤသတင်းမှာ အရပ်ရပ်သို့ ပြန့်နှံ့သွားပြီး ကနဦးက ကုန်သည်ကြီး သုံးခုကို မယုံကြည်သူများကိုပင် ထီဝယ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော်လည်း ကံတရားမှာ ဆန်းကြယ်လှသည်။ အချို့မှာ သူတို့၏ဂူဗိမာန်များကို ရောင်းချကာ ထီလက်မှတ်များ အမြောက်အမြား ဝယ်ယူခဲ့သော်လည်း ဆုကြီးနှင့် လွဲချော်ရုံသာမက ရင်းနှီးမြှုပ်နှံမှုပင် ပြန်မရဘဲ ဘဝပျက်သွားကြသူများလည်း ရှိနေသည်။
လီရှောင် နတ်မြို့တော်၊ လန်ဟွမ်ကျောက်စိမ်းဆောင် ။
“ဂိုဏ်းချုပ်လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ဆီက ထီဝယ်သူ အရေအတွက်က သိသိသာသာ လျော့ကျသွားပါပြီ” ဒီကွန်တစ်ဦးက မုရှုမ်းကို စိုးရိမ်တကြီး တင်ပြလိုက်သည်။
မုရှုမ်းသည်လည်း စိတ်ပူနေသော်လည်း ဘာမှမပြောနိုင်ပေ။ကုန်သည်ကြီး သုံးခု၏ ထီပေါက်နိုင်ခြေမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသကဲ့သို့ ဖြစ်နေသည်။
လူတိုင်းက ဝိညာဉ်ကျောက်တုံး သန်း ၃၀ ကို မက်မောနေကြသဖြင့် သာမန်ဆုအသေးစားလေးများကို စိတ်မဝင်စားကြတော့ပေ။
သူမသည် အတန်ကြာ စဉ်းစားပြီးနောက် မတ်တတ်ရပ်လိုက်သည် - “ဒီကိစ္စကို ငါကိုယ်တိုင် မဆုံးဖြတ်နိုင်တော့ဘူး။ သခင်လေးဆီကနေ အကြံဉာဏ် တောင်းရမယ်”
ထျန်းကျွယ်ကျွန်း ဖောင်ဒေးရှင်း ဌာနချုပ်။
ရေကန်အလယ်ရှိ ပြာသာဒ်လေးတစ်ခုအတွင်း၌ဝမ်မုသည် ဝတ်စုံဖြူကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး စက္ကူပေါ်တွင် တစ်စုံတစ်ခုကို အားသွန်ခွန်စိုက် ရေးသားနေသည်။
တင်းတင်းက အနားသို့ တိုးလာပြီး - “သခင်လေး ခုနက မုရှုမ်း ဆက်သွယ်လာပါတယ်” ဟု သတင်းပို့သည်။
ဝမ်မုက ခေါင်းမဖော်ဘဲ - “ထီကိစ္စလား” ဟု မေးလိုက်သည်။
တင်းတင်းက ခေါင်းညိတ်ပြသည် - “ကုန်သည်ကြီး သုံးခုက ဒီတစ်ခါတော့ တကယ်ကို အရင်းအနှီး အများကြီး သုံးနေတာပဲ။ အကြမ်းဖျင်း တွက်ချက်ကြည့်ရသလောက် သူတို့ ဆုကြီးပေးလိုက်တာ အယောက် ၂၀၊ ၃၀ လောက် ရှိနေပြီ ကျွန်မတို့ဆီမှာ ဝယ်တဲ့သူကတော့ ပိုပိုနည်းလာတယ်”
ဝမ်မုက ဘာမှမကြားသကဲ့သို့ စက္ကူပေါ်တွင် သင်္ကေတများစွာကို မြန်မြန်ဆန်ဆန် ဆက်လက်ရေးသားနေသည်။
အတန်ကြာမှ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး - “ပြီးပြီ ဟင်းပညာမတတ်တာ တကယ်ကို ကြောက်စရာကောင်းလိုက်တာ”
တင်းတင်းက နားမလည်စွာဖြင့် - “ဘာကို ဆိုလိုတာလဲ သခင်လေး”
ဝမ်မုက ပြုံးရုံသာ ပြုံးပြပြီး မရှင်းပြပေ။ သူသည် ကုလားထိုင်ပေါ်တွင် အနားယူရင်း - “ငါ့ရဲ့ ဆက်သွယ်ရေးအဆောင်ကို သုံးပြီး ဖိုရမ်ပေါ်မှာ စာတစ်စောင် တင်လိုက်စမ်း”
“ဘာလို့ ရေးရမှာလဲ သခင်လေး”
“ငါပြောတာကို လိုက်ရေး ကုန်သည်ကြီး သုံးခုဟာ သတ္တဝါဝေနေယျတွေအတွက် မိမိကိုယ်ကိုယ် အနစ်နာခံပြီး လောကကြီးကို အလင်းပေးနေတာ ဖြစ်ပါတယ်။
ဒီလို ရဲရင့်လှတဲ့ အနစ်နာခံစိတ်ဓာတ်ကို ကျွန်ုပ်တို့ လန်ယာကုန်သည်အသင်းကတောင် အမီမလိုက်နိုင်ပါဘူး”
တင်းတင်း ကြောင်သွားသည် - “ရှင်”
“ဘာ ရှင်နေတာလဲ၊ မြန်မြန်ရေးစမ်းပါ”
ဝမ်မုက ဆက်ပြောသည် - “ဝမ်ဖူထီရဲ့ စည်းမျဉ်းတွေအရ ကောင်းကင်ဘုံ အချက်အလက် ၂၈ ခုနဲ့ ရာသီဥတု အချက်အလက် ၂၄ ခု၊ စုစုပေါင်း ၅၂ ခု ရှိတယ်။ အဲဒီထဲက ၅ ခုကို ရွေးရတာဆိုတော့ ဖြစ်နိုင်ခြေရှိတဲ့ ဂဏန်းတွဲ စုစုပေါင်းက ၂,၅၉၈,၉၆၀ (နှစ်သန်းခွဲကျော်) ရှိတယ်”
တင်းတင်းက အံ့သြသွားပြီး - “ဒါကို သခင်လေးက အလွတ်ပြောနေတာလား”
“မဟုတ်ဘူး ဒါက တိကျတဲ့ သင်္ချာတွက်ချက်မှုပဲ” ဝမ်မုက စားပွဲပေါ်ရှိ စက္ကူများကို ညွှန်ပြလိုက်သည်။
သူသည် ဖြစ်နိုင်ခြေဆိုင်ရာ သင်္ချာနည်းစနစ်များကို တင်းတင်းအား ရှင်းပြလိုက်ရာ သူမသည် ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။
“ဒါကြောင့် ဝမ်ဖူထီမှာ ရှိသမျှ ဂဏန်းတွဲ အားလုံးကို ဝယ်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်ပဲ ကုန်မယ်။
အဲဒီလို ဝယ်လိုက်တာနဲ့ ဆုကြီးပေါက်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီ” ဝမ်မုက လှောင်ပြုံး ပြုံးလိုက်သည် “နှစ်သိန်း ရင်းပြီး သန်း ၃၀ ပြန်ရမယ်ဆိုတာ ကုန်သည်ကြီး သုံးခုတော့ ဘောင်းဘီပါ ပြုတ်တော့မှာပဲ။ သူတို့ ဘာတွေ တွက်ထားလဲတောင် မသိဘူး”
တင်းတင်းသည် ဝမ်မု၏ပါရမီကို ကြည့်ရင်း ရင်ခုန်သွားမိသည်။ ဤကဲ့သို့ ကြီးမားလှသော ဟာကွက်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
ဝမ်မု၏ စာသည် ဖိုရမ်ပေါ်တွင် ချက်ချင်းပင် ဟိုးဟိုးကျော်သွားသည်။ လူတိုင်းက ဝမ်မု၏ တွက်ချက်မှုကို မြင်သောအခါ “ဘုရားရေ” ဟု တညီတညွတ်တည်း အော်ဟစ်မိကြတော့သည်။
ထိုက်ဟောင် နတ်မြို့တော်။
“ဘုရားရေ” လုံဟွမ်သည် သူ၏ နေရာမှ ခုန်ထလိုက်သည်။ “ငါ ချမ်းသာပြီ ဒီတစ်ခါတော့ တကယ် ချမ်းသာပြီ”
သူ၏ သူငယ်ချင်း ကျန့်ယန်က - “ဘာတွေ ချမ်းသာတာလဲ မင်း ထီပေါက်လို့လား”
“မပေါက်သေးဘူး၊ ဒါပေမဲ့ မကြာခင် ပေါက်တော့မှာ” လုံဟွမ်က ဖိုရမ်ပေါ်ရှိ ဝမ်မု၏ စာကို ပြလိုက်သည်။
လုံဟွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်ကို မည်သို့ ရှာရမည်နည်းဟု စတင်တွက်ချက်တော့သည်။
သူသည် သူ၏ဂူဗိမာန်ကို ရောင်းမည်၊ မှော်လက်နက်များကို ပေါင်နှံမည်၊ တရားမဝင် အတိုးကြီးဘဏ်များထံမှ ချေးငှားမည်ဟု ဆိုနေတော့သည်။
ကျန့်ယန်က - “အစ်ကိုလုံ... မင်း ရူးသွားပြီလား ဒါက အရမ်း အန္တရာယ်များတယ်လေ”
လုံဟွမ်က ကျန့်ယန်၏ပခုံးကို ဆုပ်ကိုင်ကာ - “အစ်ကိုကျန့် ငါ့ကိုယုံစမ်းပါ။ ဒါက ငါတို့ ညီအစ်ကိုနှစ်ယောက် ဘဝပြောင်းဖို့အတွက် တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးပဲ”
ကျန့်ယန်သည် လုံဟွမ်၏ဆက်သွယ်ရေးအဆောင်မှ အချက်အလက်များကို ဖတ်ကြည့်လိုက်ရာ သူ့မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ပြူးထွက်သွားသည်။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ကျန့်ယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး - “အစ်ကိုလုံ မင်း ငါ့အကြောင်း သိပါတယ်။ ပေါက်တာ မပေါက်တာထက် ငါက ညီအစ်ကို သံယောဇဉ်ကို ပိုတန်ဖိုးထားတဲ့သူပါ။ မင်းကမှ လောင်းကြေးထပ်ချင်တယ်ဆိုရင်တော့ ငါလည်း မင်းနဲ့အတူ အဆုံးထိ ”လိုက်မှာပေါ့
လုံဟွမ်: “...”
ကျန့်ယန်က ဆက်ပြောသည် - “ငါ ချေးငွေ အများကြီးပေးတဲ့ မှောင်ခိုဘဏ်တစ်ခုကို သိတယ်။ အဲဒီဘဏ်ပိုင်ရှင်တွေက အမျိုးသမီးတွေကြီးပဲ သူတို့က အငွေ့အသက် အားကောင်းတဲ့ ကျင့်ကြံသူ အမျိုးသားတွေကို သဘောကျကြတယ်။
ပိုက်ဆံချေးတဲ့ လုပ်ငန်းစဉ်က နည်းနည်း ကြာကောင်းကြာနိုင်ပေမဲ့ မင်းရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် ငါ့ကိုယ်ငါ စတေးဖို့ အသင့်ပဲ"
လုံဟွမ်: “......”