အခန်း (၁၇၉) - ငါတော့ ပျားအုံကို တုတ်နဲ့ ထိုးမိပြီ
အိုယန်ချင်းရွှမ်းသည် အလွန်ပင် သတိကြီးသူ ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်းလောကတွင် လှည့်လည်သွားလာနေသည်မှာ ပထမဆုံးရက်မဟုတ်သဖြင့် ဤကဲ့သို့ များပြားလှသော စည်းစိမ်ဥစ္စာများကို လူအများရှေ့တွင် ထုတ်ပြခြင်း၏ အန္တရာယ်ကို ကောင်းကောင်းသိသည်။
ဆုငွေထုတ်ယူသည့်နေရာမှ ထွက်လာပြီးနောက်တွင်ပင် သူမ၏နောက်တွင် တစ်စုံတစ်ယောက် လိုက်ပါလာနေကြောင်း သူမ သိလိုက်သည်။
သို့သော် သူမ မတုန်လှုပ်ပေ။ သူမသည် ကိုယ်ဖျောက်ပညာကို အသုံးပြု၍ မြို့ထဲရှိ အရိပ်တစ်ခုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
သူမ ပြန်လည်ပေါ်ထွက်လာသောအခါတွင်တော့ သူမ၏ရုပ်သွင်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အဖြူရောင်ဝတ်စုံအစား သာမန်ကျင့်ကြံသူ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ ရုပ်ရည်နှင့် အငွေ့အသက်မှာလည်း အေးစက်စက် အလှဘုရင်မလေးအသွင်မှ သာမန်လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
သူမသည် သူမ၏ ဆရာပေးထားသော ‘ယမှော်မျက်နှာဖုံးကို အသုံးပြုထားခြင်းဖြစ်ရာ နတ်ဘုရားသန္ဓေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူမ၏ရုပ်ဖျက်မှုကို မရိပ်မိနိုင်ပေ။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် သူမနောက်မှ လိုက်လာသော လူများအားလုံး ပြတ်ကျန်ရစ်ခဲ့သည်။
ညနက်နေပြီ ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ အရေးမကြီးပေ။ မြို့ထဲသို့ အဝင်အထွက် ပြုလုပ်နေသူများစွာ ရှိနေဆဲဖြစ်သည်။
အိုယန်ချင်းရွှမ်းသည် လူအုပ်နှင့်ရောနှောကာ မြို့တံခါးမှ ထွက်ခွာခဲ့ပြီး ကျောက်စိမ်းအဆောင် ကို အသုံးပြု၍ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ငါ ဒီလောက်ပိုက်ဆံအများကြီး ယူလာတာကို မြင်ရင် ဆရာနဲ့ ဂိုဏ်းချုပ်ကြီးတို့ သေချာပေါက် အံ့သြသွားကြမှာပဲ။
ထိုမြင်ကွင်းကို တွေးတောရင်း သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤအံ့သြစရာမှာ တကယ်ပင် ရုတ်တရက်ဆန်လွန်းလှသည်။
သို့သော် ထိုအပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားသည်။ တောတောင်ထဲတွင် မည်သည့်ရာသီပင်ဖြစ်စေ ငှက်သံ ပိုးကောင်သံများ ရှိစမြဲ ဖြစ်သော်လည်း ယခုမူ သူမသည် မည်သည့် သက်ရှိအငွေ့အသက်မျှ မရှိသော သေမင်းတမန် နယ်မြေထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုခဏ၌ပင် သူမ မော့ကြည့်လိုက်ရာ ကောင်းကင်တွင် မည်သည့်အလင်းစက်မျှ မရှိဘဲ တစ်ကမ္ဘာလုံး မှောင်အတိ ကျနေသည်ကို တွေ့လိုက်ရသည်။
မမြင်ရသော အငွေ့အသက်များက သူမကို ပိုက်စိပ်တိုက် ပိတ်ဆို့ထားကြသည်။
“သွားပြီ”
အခြေအနေ မဟန်တော့သည်ကို သိလိုက်သည်နှင့် သူမသည် ချက်ချင်း ဓားထုတ်လိုက်သည်။ ပုံမှန်ဆိုလျှင် တောအုပ်တစ်ခုလုံးကို လင်းထိန်စေနိုင်သော ဓားအလင်းမှာ ယခုမူ သူမ၏ပတ်ဝန်းကျင် အနည်းငယ်ကိုသာ လင်းစေနိုင်သည်။
ချလွမ်း
သူမ၏ ဓားနှင့် အခြားမှော်လက်နက်တစ်ခု တိုက်မိရာမှ ထွက်ပေါ်လာသော မီးပွင့်များက သူမ၏ ဖြူလျော့နေသော မျက်နှာကို လင်းသွားစေသည်။
သူမသည် ဓားမန္တန်ကို ရွတ်ဆိုလိုက်ရာ သူမ၏ ပျံလွှားဓားထဲမှ မှော်စာလုံးများ တောက်ပလာပြီး ဓားအလင်းများကြောင့် ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။
ဟင်းလင်းပြင်ထဲတွင် လူငါးဦးက သူမကို ပိတ်ဆို့ထားကြသည်။ တစ်ဦးချင်းစီမှာ အားကောင်းသော အငွေ့အသက်များ ရှိကြပြီး အားလုံးမှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ရွှေအမြုတေ အဆင့်မြင့်အထိပင် ရောက်ရှိနေသည်။
ဤကဲ့သို့ မြို့ငယ်လေးတွင် ရွှေအမြုတေ ကျင့်ကြံသူဆိုသည်မှာ ထိပ်တန်းအဆင့် ဖြစ်သည်။
သူမ၏ စွမ်းအားနှင့်ဆိုလျှင် တစ်ဦးချင်း ရင်ဆိုင်နိုင်သော်လည်း ယခုကဲ့သို့ လူအင်အား ကွာခြားလွန်းခြင်းကိုတော့ သူမ မယှဉ်နိုင်ပေ။
အဆိုးဆုံးမှာ ထိုလူများသည် အင်အားသုံး၍ တိုက်ခိုက်နိုင်ပါလျက်နှင့် ဝင်္ကပါများဖြင့် ကြိုတင်စောင့်ကြိုနေခြင်း ဖြစ်သည်။
သို့သော် ပြဿနာမှာ သူမသည် မြို့ထဲမှ ထွက်လာစဉ်က ခြေရာဖျောက်ရန် လမ်းကြောင်းအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း ရန်သူများက သူမကို ဤနေရာတွင် မည်သို့ တိတိကျကျ စောင့်ကြိုနေနိုင်သနည်း။
သူမ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေစဉ် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ ပတ်ဝန်းကျင်မှ လူများကို စိုက်ကြည့်ကာ - “မင်းတို့က ကုန်သည်ကြီး သုံးခုက လူတွေလား” ဟု မေးလိုက်သည်။
လေထုမှာ ခေတ္တ တိတ်ဆိတ်သွားသည်။ ထိုလူများသည် သူတို့၏ ရုပ်ရည်ကို အလင်းတန်းများဖြင့် ဖုံးကွယ်ထားကြသော်လည်း သူမကတော့ သူတို့၏ အငွေ့အသက် ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သည်။ သူမ ခန့်မှန်းချက် မှန်သွားပြီ။
“ဒီလောကမှာ ဒီလောက်ကောင်းတဲ့ အရာ မရှိနိုင်ဘူးဆိုတာ ငါသိသားပဲ” သူမက လှောင်ပြောင်သလို ရယ်မောလိုက်ပြီး - “ထီပေါက်တဲ့သူကို လိုက်သတ်ဖို့ လူလွှတ်တယ်ပေါ့ မင်းတို့ရဲ့အပြုအမူက မိစ္ဆာလမ်းစဉ်က လူတွေနဲ့ ဘာများ ခြားနားလို့လဲ”
သူတို့၏ အထောက်အထား ပေါ်သွားပြီဖြစ်၍ ခေါင်းဆောင်ဖြစ်သူက ဟန်မဆောင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည် - “ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့ မင်းရဲ့ ကံတရားက ကောင်းလွန်းတာကိုပဲ အပြစ်တင်လိုက်။
တို့တွေ မင်းကို သတ်စရာ မလိုပါဘူး။ပိုက်ဆံကို ပေးခဲ့ လက်နက်ချပြီး မင်းရဲ့ မှတ်ဉာဏ်တွေကို အဖျက်ခံမယ်ဆိုရင်တော့ အသက်ကို ချမ်းသာပေးမယ်”
“အိပ်မက်ယောင်နေလိုက်”
အိုယန်ချင်းရွှမ်းကတော့ သေချာပေါက် သဘောမတူနိုင်ပေ။ မှတ်ဉာဏ်ဖျက်ခြင်းမှာ ဝိညာဉ်ကို ထိတွေ့ရခြင်းဖြစ်ရာ တစ်စုံတစ်ခု မှားယွင်းသွားပါက အသက်ပျောက်နိုင်သလို မိမိဘဝကို သူတစ်ပါးလက်ထဲ လုံးလုံးလျားလျား အပ်လိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။
စကားပြော၍ မရတော့သဖြင့် တိုက်ပွဲမှာ ချက်ချင်းပင် စတင်တော့သည်။ ဓားအလင်းများနှင့် မှော်လက်နက် အလင်းတန်းများမှာ မှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် ထိခိုက်ပေါက်ကွဲနေကြသည်။
သို့သော် မှော်ဝင်္ကပါက ပိတ်ဆို့ထားသဖြင့် အပြင်လူများအတွက်မူ ကောင်းကင်ယံမှ မိုးခြိမ်းသံ သဲ့သဲ့ကိုသာ ကြားရပေလိမ့်မည်။
“ဝေါ့”
ပြင်းထန်သော တိုက်ပွဲအပြီးတွင်တော့ အိုယန်ချင်းရွှမ်းမှာ မယှဉ်နိုင်တော့ဘဲ ဒဏ်ရာများ ပြင်းထန်လာကာ သူမ၏ အဖြူရောင် ဝတ်စုံလေးမှာ သွေးများဖြင့် ရဲရဲနီနေတော့သည်။
ကုန်သည်ကြီး သုံးခုမှ လူများမှာလည်း ညှာတာမည့်အသွင် မရှိပေ။ သူမ ခုခံနိုင်စွမ်း မရှိတော့သည်ကို အခွင့်ကောင်းယူကာ သူမ၏ အသက်ကို နုတ်ယူရန် မှော်လက်နက်များဖြင့် အားကုန် ပစ်ခတ်လိုက်ကြသည်။
ထိုခဏ၌ပင် အိုယန်ချင်းရွှမ်း၏ လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာသည်။
၎င်းမှာ ရဲ့မိုသူမအတွက် ထားရစ်ပေးခဲ့သော အသက်ကယ်လက်နက် ဖြစ်သည်။
ဖြောင်း
ကျောက်စိမ်းအဆောင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ဝုန်း
ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကွဲအက်သွားသောအဆောင် ထဲမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာကာ နတ်ဘုရားအငွေ့အသက်များ ဖုံးလွှမ်းနေသော အရိပ်ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။
ထိုဖိအားမှာ ကောင်းကင်ယံမှ မြစ်ရေကြီး ကျဆင်းလာသကဲ့သို့ ကြီးမားလွန်းလှသဖြင့် ရန်သူများ၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်မတတ် နာကျင်လာကြသည်။
ကုန်သည်ကြီး သုံးခုမှ ပညာရှင်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး - “မြန်မြန် ရှောင်ကြ” ဟု အော်ဟစ်လိုက်ကြသည်။
ထိုအရိပ်ကြီးက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ မမြင်ရသော လှိုင်းလုံးကြီးများ ပြန့်နှံ့သွားပြီး ရန်သူများ၏ မှော်လက်နက်များမှာ ထိတွေ့ရုံဖြင့် ကြွေမွသွားတော့သည်။
ဝင်္ကပါကြီးမှာလည်း ချက်ချင်း ပေါက်ကွဲသွားပြီး အလင်းစက်များအဖြစ် ပျံ့လွင့်သွားသည်။
ရန်သူနှစ်ဦးမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ထိုဒဏ်ကြောင့် ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ဤရုတ်ရုတ်သည်းသည်း အခြေအနေကို အခွင့်ကောင်းယူကာ အိုယန်ချင်းရွှမ်းသည် အခြားသော မှော်စာရွက်တစ်ခုကို အသုံးပြု၍ အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်အဆုံးသို့ အမြန်ဆုံး ပျံသန်း ထွက်ပြေးသွားတော့သည်။
“တောက်”
ကုန်သည်ကြီး သုံးခုမှ ကျန်ရှိသော ပညာရှင်များမှာ သတိပြန်ဝင်လာသော်လည်း သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲပင် ဖြစ်သည်။
“အခုနက... အဲဒါ ရှေးဦးသန့်စင်နယ်မြေ ရဲ့ နတ်ဘုရားဧကရာဇ်တံဆိပ်တော်ပဲ ဒီမိန်းကလေးက တကယ်ပဲ ရှေးဦးသန့်စင်နယ်မြေနဲ့ ပတ်သက်နေတာလား”
“ဒီတံဆိပ်တော်က သန့်စင်နယ်မြေရဲ့ တိုက်ရိုက်တပည့်တွေပဲ ဆက်ခံခွင့်ရှိတဲ့ လျှို့ဝှက်ကျင့်စဉ်လေ။ သူမရဲ့ နောက်ခံက မသေးဘူး”
“မဖြစ်နိုင်ပါဘူး” တစ်ဦးက အေးစက်စွာ ပြောလိုက်သည် - “သူမက မှော်စာရွက်ကို သုံးသွားတာပဲ တစ်နေရာရာကနေ ကံကောင်းပြီး ရထားတာလည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ သူမက သန့်စင်နယ်မြေကဆိုရင် တို့တွေကို သူမရဲ့ အထောက်အထားကို ပြမှာပေါ့”
“ဘာပဲဖြစ်ဖြစ် ငါ့တို့တွေ လုပ်မိလုပ်ရာ လုပ်ပြီးပြီဆိုတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး တကယ်လို့ သူမက သန့်စင်နယ်မြေနဲ့ ပတ်သက်နေတယ်ဆိုရင် သူမ တိုင်တောလိုက်တာနဲ့ တို့တွေ အကုန်သေမှာပဲ ဒါကြောင့် အမြစ်ပြတ်အောင် သတ်ပစ်ရမယ်”
“ငါ့တို့တွေမှာပြန်ဆုတ်စရာ လမ်းမရှိတော့ဘူး”
“ဒါဆို ဘာစောင့်နေတာလဲ လိုက်ကြစို့ သူမ အဝေးကြီး မပြေးနိုင်သေးဘူး”