အခန်း (၁၇၈) တစ်ယောက်ယောက်က တကယ်ကြီး ပေါက်သွားတယ်ဟုတ်လား
အိုယန်ချင်းရွှမ်းသည် လမ်းမပေါ်သို့ လှမ်းတက်လိုက်သည်။ ညမှောင်စပြုလာပြီဖြစ်၍ နေရာအနှံ့တွင် မီးရောင်များ လင်းထိန်နေသည်။
အဝေးတစ်နေရာတွင်တော့ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဦးတည်ချက်တစ်ခုတည်းသို့ သွားနေကြသည်ကို တွေ့ရသည်။
သူတို့၏စကားသံများအရ ဝမ်ဖူထီဖွင့်ပွဲ စတင်တော့မည်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။
သူမသည်လည်း လူအုပ်နှင့်အတူ မျောပါသွားရင်း စင်မြင့်မြင့်တစ်ခု၏ အောက်သို့ ရောက်ရှိသွားခဲ့သည်။
ဤမြို့ငယ်လေးအတွက် ပထမဆုံးအကြိမ် ထီဖွင့်ပွဲဖြစ်သဖြင့် ကုန်သည်ကြီး သုံးသပ်စုထံမှ ထီဝယ်ထားသူ သောင်းနှင့်ချီ၍ စုရုံးနေကြရာ မြင်ကွင်းမှာ အတော်လေး ခမ်းနားလှသည်။
အိုယန်ချင်းရွှမ်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူမသည် အိုးကြီးထဲတွင် ဘောလုံးလေးများ တစ်ခုနှင့်တစ်ခု ထိခိုက်သံများနှင့် ကောင်းကင်သို့ လွင့်တက်သွားပုံများကို စိတ်ဝင်တစား ကြည့်နေမိသည်။
ပတ်ဝန်းကျင်မှ လူများ၏အော်ဟစ်အားပေးသံများမှာလည်း နားမခံနိုင်အောင် ဆူညံနေတော့သည်။
“ဖန်းစု”
“တိုစု”
“ချင်းမင်”
“နွားနက္ခတ်”
“...”
ဂဏန်းတစ်ခုချင်းစီ ထွက်လာတိုင်း ဟေးခနဲ အော်သံများနှင့် စိတ်ပျက်လက်ပျက် ညည်းတွားသံများ ရောပြွမ်းနေသည်။
အိုယန်ချင်းရွှမ်း၏လှပသော မျက်လုံးလေးများမှာ သူမ၏ လက်ထဲရှိ ထီလက်မှတ်ကို ငုံ့ကြည့်လိုက်စဉ်မှာပင် တုန်လှုပ်သွားတော့သည်။ အကြောင်းမှာ ဂဏန်းအားလုံး တူနေသောကြောင့် ဖြစ်သည်။
“ငါ တကယ်ကြီး ပေါက်သွားတာလား”
သူမ တိုးတိုးလေး ရေရွတ်လိုက်မိပြီး အသက်ရှူများပင် မြန်လာတော့သည်။
သူမသည် စိတ်အပန်းဖြေရန် လမ်းလျှောက်ရင်း ပျော်စေပျက်စေ ကြည့်လိုက်ခြင်းသာ ဖြစ်သည်။
အမှန်စင်စစ် ဤလက်မှတ်မှာ သူမကိုယ်တိုင် ဝယ်ထားခြင်းပင် မဟုတ်ဘဲ ရဲ့မိုက အရိပ်ဂိုဏ်း လုပ်ကြံသတ်ဖြတ်သူထံမှ လုယူပေးထားခြင်း ဖြစ်သည်။
သို့သော်လည်း ပေါက်သွားခဲ့ပြီ။ သူမ၏ ကံမှာ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည်ဟု ဆိုရပေမည်။
“ကံတရားက မျက်နှာသာပေးလာပြီဆိုရင် ကောင်းတဲ့အရာတွေက တသီတတန်းကြီး ရောက်လာတာပဲ”
သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယခုခရီးစဉ်တွင် သူမအတွက် ကံကောင်းမှုများစွာ ကြုံတွေ့ခဲ့ရသည်။
ဘေးအန္တရာယ်နှင့် ကြုံနေစဉ် ရဲ့မိုနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသလို မိမိဂိုဏ်း၏ အကြပ်အတည်းကိုလည်း သူက ဖြေရှင်းပေးမည်ဟု ဆိုထားသည်။
ယခုလည်း ထီလက်မှတ်ကို ကြည့်လိုက်ရုံဖြင့် ဝိညာဉ်ကျောက်တုံး သန်း ၃၀ ပေါက်သွားပြန်ပြီ။
ရှည်လျားလှသော စစ်ပွဲဒဏ်ကြောင့် ပျက်စီးနေသော မိမိဂိုဏ်းအတွက် ဤငွေမှာ မိုးခေါင်ရေရှားနေစဉ် ရွာချလိုက်သော မိုးပြေးကဲ့သို့ပင် တန်ဖိုးရှိလှသည်။
“ဂဏန်းအားလုံး ကြေညာပြီးပါပြီ။ ဆက်လက်ပြီး ကံထူးရှင်တွေကို စင်ပေါ်ကို ဖိတ်ခေါ်ပါတယ်”
စင်ပေါ်မှ ဝတုတ်တုတ် ကြီးကြပ်ရေးမှူးက ပြုံးရွှင်စွာဖြင့် လူအုပ်ကို ဝေ့ကြည့်ကာ “ပထမဆုံး ဆုကြီးပေါက်တဲ့သူကို ဖိတ်ခေါ်ပါရစေ”
ထို့နောက်တွင်တော့ လူအချို့ စင်ပေါ်သို့ တက်လာကြသည်။ သူတို့၏ လက်ထဲတွင် အလင်းတန်းများ တောက်ပနေသော ထီလက်မှတ်များကို ကိုင်ထားကြသည်။
“ဂုဏ်ပြုပါတယ်၊ ဟားဟား... ဂုဏ်ပြုပါတယ်” ကြီးကြပ်ရေးမှူးက ပြုံးရွှင်စွာ နှုတ်ဆက်နေသည်။
“နေဦး... နောက်ထပ် တစ်ယောက်ရှိသေးတယ် မိန်းကလေးတစ်ယောက်ပဲ”
ထိုစဉ် လူအုပ်ကြီးက အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး လေထဲသို့ ပျံတက်ကာ စင်ပေါ်သို့ ဆင်းသက်လာသည်ကို သတိပြုမိသွားကြသည်။
ကြီးကြပ်ရေးမှူးမှာ လန့်သွားပြီး - “မိန်းကလေး ဒါက ပထမဆုကြီး ပေးအပ်ပွဲပါ တခြားဆုတွေက နောက်မှပါ”
အိုယန်ချင်းရွှမ်းက သူမ၏ လက်မှတ်ကို မြှောက်ပြလိုက်သည် - “ဟုတ်ပါတယ်... ကျွန်မက ပထမဆုကြီးအတွက် လာတာပါ”
ထိုအခါမှသာ ကြီးကြပ်ရေးမှူးသည် သူမလက်ထဲမှ လက်မှတ်၏တောက်ပနေသော အလင်းတန်းကို သတိထားမိသွားတော့သည်။
၎င်းမှာ ရှေ့ကလူများ၏ လက်မှတ်နှင့် အတူတူပင် ဖြစ်သည်။
သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်ခဲသွားပြီး - “မင်းက ဘယ်လိုလုပ်ပြီး ပေါက်နိုင်မှာလဲ” ဟု လွှတ်ခနဲ မေးမိသွားသည်။
သူ အံ့သြသွားခြင်းမှာ မဆန်းပေ။ အကြောင်းမှာ ယခုည၏ ထီဂဏန်းကို မည်သူမျှ မဝယ်ထားသော ဂဏန်းအဖြစ် သူတို့ကိုယ်တိုင် စိစစ်ရွေးချယ်ထားခြင်းကြောင့် ဖြစ်သည်။
သူတို့ ကြိုတင်စီစဉ်ထားသော လူများမှလွဲ၍ အပြင်လူ မည်သူမျှ ပေါက်ရန် မဖြစ်နိုင်ပေ။
“ဘာလို့ ကျွန်မ မပေါက်နိုင်ရမှာလဲ” အိုယန်ချင်းရွှမ်းက မျက်မှောင်လေးကြုတ်ကာ ပြန်မေးလိုက်သည်။
ထိုခဏ၌ ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ ဖြူလျော့သွားပြီး ချွေးစေးများ ထွက်လာတော့သည်။
သူသည် သူ၏ လက်အောက်ငယ်သားများကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။
"ဒါ မင်းတို့ သေသေချာချာရွေးထားတဲ့ ရလဒ်လားဒီမိန်းကလေးက ဘယ်ကနေ ရောက်လာတာလဲ"
အနီးနားရှိ စစ်ဆေးရေးဝန်ထမ်းများလည်း ကြောင်အသွားကြသည်။ ဤမြို့၏ ပထမဆုံး ထီဖွင့်ပွဲမှာတင် ဤကဲ့သို့သော အမှားကြီး ဖြစ်သွားခဲ့လျှင် အထက်လူကြီးများ သိသွားပါက သူတို့၏ အရေခွံကို ဆွဲခွာကြပေလိမ့်မည်။
“ဒါ အတုများလား” တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။
ကြီးကြပ်ရေးမှူး၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားပြီး - “မိန်းကလေး... စည်းမျဉ်းအရ လက်မှတ်ရဲ့ စစ်မှန်မှုကို ကျွန်တော်တို့ စစ်ဆေးရပါမယ်”
အိုယန်ချင်းရွှမ်းက - “ဟိုလူတွေကိုကျ ဘာလို့ မစစ်တာလဲ”
“အဲ သူတို့ကိုလည်း စစ်မှာပါ၊ မစရသေးလို့ပါ” ကြီးကြပ်ရေးမှူးက ကမူးရှူးထိုး ပြန်ပြောလိုက်သည်။
အိုယန်ချင်းရွှမ်းသည် လက်မှတ်ကို မြှောက်ပြသော်လည်း လက်မှ မလွှတ်ဘဲ သတိဖြင့် ကိုင်ထားသည်။
ကြီးကြပ်ရေးမှူးသည် လူအုပ်ကြီး ရှေ့တွင်ဖြစ်၍ မထူးတော့သဖြင့် မှော်မှန်တစ်ချပ်ကို ထုတ်ကာ စစ်ဆေးစေလိုက်သည်။
မှော်မှန်မှ အပြာရောင် အလင်းတန်းများ လက်မှတ်ပေါ်သို့ ကျရောက်သွားသောအခါ လက်မှတ်မှ အလင်းများ ပိုမိုတောက်ပလာပြီး ဝမ်ဖူထီ၏ သီးသန့် အတုမလုပ်နိုင်သော မှော်စာလုံး ပေါ်ထွက်လာတော့သည်။
မြင်ကွင်းကို ကြည့်ရင်း ကြီးကြပ်ရေးမှူး၏ မျက်နှာမှာ ပို၍ပင် မှောင်မှောက်သွားသည်။
သူသည် သူ၏အရည်အချင်းမရှိသော ဝန်ထမ်းများကို သတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။
သို့သော် နှစ်ရှည်လများ အတွေ့အကြုံအရ သူသည် အပြုံးအတုကို ပြန်လည် ဖန်တီးလိုက်ပြီး “စစ်ဆေးပြီးပါပြီ မှန်ကန်ပါတယ် မိန်းကလေး”
သူသည် သူ၏ ဝန်ထမ်းများကို အေးစက်သော မျက်လုံးဖြင့် ကြည့်ကာ အမိန့်တစ်ခု ပေးလိုက်သည်။ အရိပ်ထဲတွင် လူအချို့ တိတ်တဆိတ် လူစုခွဲသွားကြသည်။
ထို့နောက်တွင်တော့ ဆုပေးပွဲကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်သည်။ ကြီးကြပ်ရေးမှူးသည် ဝိညာဉ်ကျောက်တုံး မြစ်ကြီးတစ်စင်းကို ဖန်တီးကာ ကံထူးရှင် လေးဦး၏ အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
အိုယန်ချင်းရွှမ်းသည် သူမ၏ အိတ်ကို နတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ဝိညာဉ်ကျောက်တုံး သန်း ၃၀ အတိအကျ ရှိနေသည်ကို တွေ့ရသဖြင့် ကျေနပ်သွားတော့သည်။
“ကျေးဇူးတင်ပါတယ်” သူမက ကြီးကြပ်ရေးမှူးကို နှုတ်ဆက်လိုက်သည်။
“ဟားဟား... ကံကောင်းတာပဲ၊ ကျေးဇူးတင်နေဖို့ မလိုပါဘူး” ကြီးကြပ်ရေးမှူးက အပြုံးမပျက် ပြန်ပြောသည်။
အိုယန်ချင်းရွှမ်းသည် ခေါင်းညိတ်ပြကာ စင်ပေါ်မှ ဆင်းပြီး မြို့ပြင်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။
ကြီးကြပ်ရေးမှူးသည် သူမ ထွက်သွားသည်ကို ကြည့်ရင်း သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေးစက်သော မျက်လုံးများဖြင့် သူမကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေတော့သည်။