အခန်း (၁၇၇) - အားလုံးက နောက်ကွယ်ကနေ ခြယ်လှယ်ထားတာ
နှစ်ရက်အကြာတွင် ထိုက်ဟောင်မြို့တော်၌ ပထမဆုံးအကြိမ် ထီဖွင့်ပွဲကို ကျင်းပခဲ့သည်။
ကျန့်ယန်သည် လုံဟွမ်ဆီသို့ အလွန်စိတ်လှုပ်ရှားစွာဖြင့် ရောက်လာပြီး - “အစ်ကိုလုံ... အရမ်းနီးစပ်သွားပြီ၊ ဂဏန်းတစ်လုံးတည်းပဲ လိုတာ” ဟု အော်ပြောလိုက်သည်။
လုံဟွမ်မှာ ကြောင်သွားပြီး - “ဘာက ဂဏန်းတစ်လုံးတည်း လိုတာလဲ”
“ဝမ်ဖူထီလေ ငါ ပထမဆုကြီး ပေါက်တော့မလို့”
လုံဟွမ်၏ မျက်နှာမှာ တွန့်သွားသည် - “‘နီးစပ်တယ်ဆိုတာက မပေါက်ဘူးလို့ ပြောတာနဲ့ အတူတူပဲလေ”
“ငါက ဆုကြီးနဲ့ပဲ လွဲသွားတာ၊ ဆုသေးကတော့ ဝိညာဉ်သလင်းခဲ ဆယ်ဂဏန်းလောက်ရလိုက်သေးတယ်။ အံ့သြဖို့ကောင်းတာက ဒီတစ်ခေါက်မှာ ဆုကြီးပေါက်တဲ့သူ ဘယ်လောက်တောင် များလဲ သိလား”
“ဘယ်နှစ်ယောက်လဲ”
“ဆယ်ယောက်တောင်”
လုံဟွမ်၏ မျက်ခုံးများ လှုပ်သွားသည် - “အဲဒီလောက်တောင် များတာလား”
“ဟုတ်တယ်လေ။ တစ်ယောက်ကဆိုရင် ငါ့ရှေ့တည့်တည့်မှာတင် ရပ်နေတာ။ တွေ့လား ငါက ဆုကြီးနဲ့ တစ်လှမ်းတည်းလိုတာ”
လုံဟွမ်ကတော့ စိတ်ထဲမှ ကျိတ်တွေးနေမိသည် "ဘယ်နေရာမှာ ရပ်နေရပ်နေ မင်းရဲ့လက်မှတ်က ပေါက်မှာမဟုတ်ရင် မပေါက်တာပဲလေ။"
သို့သော် ကျန့်ယန် ပြောသွားသော ကိန်းဂဏန်းများမှာ အတော်လေး တုန်လှုပ်စရာ ကောင်းလှသည်။
ဆုကြီးဆယ်ယောက်ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး သန်း ၃၀၀ ပင် ဖြစ်သည်။
ဒုတိယဆုနှင့် အခြားဆုများကိုပါ ထည့်တွက်လျှင် ထိုက်ဟောင်မြို့တစ်မြို့တည်းမှာပင် ကုန်သည်ကြီး သုံးခုက ငွေမည်မျှ ပေးလျော်ရမည်နည်း။
ကုန်သည်ကြီးသုံးခုက တကယ်ပဲ ရူးသွားပြီလား ကျန့်ယန်ကတော့ စိတ်အားထက်သန်နေဆဲ ဖြစ်သည်။
“နှမြောစရာပဲ ငါ့ကံကညံ့လွန်းလို့ အစောင် နှစ်ဆယ်လောက် ဝယ်တာတောင် ဆုအသေးဆုံး နှစ်ခုပဲပေါက်တယ်။ ငါ ဆုံးဖြတ်လိုက်ပြီ နောက်တစ်ခါကျရင် အစောင်ရာနဲ့ချီပြီး ဝယ်မယ်”
လုံဟွမ်က - “အဲဒါဆို ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက် ကုန်မှာနော်၊ သေချာစဉ်းစားဦး”
“ဘာဖြစ်လဲ ငါ နှစ်ပေါင်းများစွာ ကျင့်ကြံလာတာ စုထားတာလေးတွေ ရှိပါတယ်။ ဆုကြီး တစ်ခါလောက် ပေါက်လိုက်ရင် အကုန်လုံး ပြန်ရမှာပဲ”
“အစ်ကိုလုံ မင်းလည်း ငါနဲ့အတူ ဝယ်ပါလား။ တို့တွေ အတူတူဝယ်ရင် ပေါက်နိုင်ခြေ ပိုများတာပေါ့။ ဘယ်သူပေါက်ပေါက် နောက်တစ်ယောက်ကို ခေါ်သွားပေးကြေးလေ” ကျန့်ယန်က တိုက်တွန်းနေတော့သည်။
လုံဟွမ်သည် စိတ်လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည် - “ထားလိုက်ပါတော့။ ငါကတော့ လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ ထီကပဲ ငါနဲ့ ပိုကိုက်ညီမယ် ထင်တယ်”
အကြောင်းပြချက် မရှိသော်လည်း ဝမ်ဖူထီ၏ ပေါက်နိုင်ခြေမှာ လမ်းပြထီထက် ပိုများနေသော်လည်း ဆုကြီးတွေ အဆက်မပြတ် ပေါက်နေသည်ဟူသော သတင်းများကို ကြားရတိုင်း လုံဟွမ် စိတ်မအေးဖြစ်နေမိသည်။
လန်ဟွမ်ကျောက်စိမ်းဆောင်ဘက်က ပိုပြီး တည်ငြိမ်သလို ခံစားရသည်။ ၎င်းမှာ ကုန်သည်ကြီး သုံးခုထံတွင် ယခင်က အကြိမ်ကြိမ် အလိမ်ခံခဲ့ရဖူးသောကြောင့် ဖြစ်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် မြို့ငယ်လေးတစ်မြို့ရှိ ဝမ်ဖူထီ ရုံးခန်းတစ်ခုအတွင်း၌ မီးရောင်များ ထိန်ထိန်လင်းနေပြီး စာရေးဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် စာရင်းများကို အလုပ်ရှုပ်ခံ၍ ရေးမှတ်နေကြသည်။
ကြီးကြပ်ရေးမှူးက လက်ကို နောက်ပစ်ကာ လမ်းလျှောက်ရင်း ဟိန်းဟောက်နေသည်။
“ရောင်းရတဲ့ ထီလက်မှတ်တိုင်းကို သေချာစစ်ဆေးပြီး မှတ်တမ်းတင်ထားစမ်း ပြီးရင် ဘယ်သူမှ မဝယ်ထားတဲ့ ဂဏန်းတွဲတွေကို ရွေးပြီး ဒီညရဲ့ ထီးဂဏန်းတွေအဖြစ် သတ်မှတ်မယ် တစ်ယောက်ယောက်က မှားပြီး မှတ်တမ်းတင်မိလို့ တစ်စောင်လောက် ပေါက်သွားရင် အဲဒီ လျော်ကြေးငွေကို မင်းတို့လစာထဲက ဖြတ်မယ် နားလည်လား”
“နားလည်ပါပြီ” ဝန်ထမ်းများမှာ ချွေးပြန်နေကြသည်။ ဂဏန်းတစ်လုံး မှားယွင်းမှုမှာ ဝိညာဉ်ကျောက်တုံးသောင်းချီ ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။
ဤမြို့ငယ်လေးတွင် ကျင့်ကြံသူ တစ်သိန်းခန့်သာ ရှိပြီး ထီဝယ်သူမှာ သုံးသောင်းမှ ငါးသောင်းခန့်သာ ရှိသည်။ အချက်အလက် နည်းပါးသဖြင့် မှားယွင်းရန် ခဲယဉ်းလှသည်။ မည်သူမျှ မဝယ်ထားသော ဂဏန်းတွဲများကို ရှာဖွေရန်မှာ လွယ်ကူလှပေသည်။
ကျန်းကျီသည် ထိုဝန်ထမ်းများထဲမှ တစ်ဦးဖြစ်ပြီး သူ့ရှေ့တွင် စစ်ဆေးပြီးသား စာရင်းများနှင့် မစစ်ဆေးရသေးသော စာရင်းများ ပုံနေသည်။ အလုပ်မှာ ရိုးရှင်းသည် ရောင်းရသောဂဏန်းတွဲများကို တားမြစ်ဂဏန်း အဖြစ် စာရင်းသွင်းရန် ဖြစ်သည်။
ကျန်းကျီသည် သူ၏နတ်အာရုံကို အသုံးပြု၍ စာရင်းများကို တစ်ကြောင်းချင်း စစ်ဆေးနေရသဖြင့် အတော်လေး ပင်ပန်းနေသည်။
ခေတ္တနားနေစဉ်မှာပင် သူ့ဇနီး ရောက်လာသဖြင့် သူသည် အပြင်သို့ ထွက်သွားခဲ့သည်။
သူ အပြင်ထွက်သွားစဉ် လေတိုက်လိုက်သဖြင့် သူ စစ်ဆေးပြီးသား စာပုံပေါ်သို့ စာရွက်တစ်ရွက် လွင့်ကျသွားသည်။
အခြားဝန်ထမ်းတစ်ဦးကလည်း နေရာကျဉ်းသဖြင့် ကျန်းကျီ၏စာပုံများကို အခြားတစ်နေရာသို့ ရွှေ့လိုက်မိသည်။
ကျန်းကျီ ပြန်လာသောအခါ နေရာလွတ်သွားသည်ကို တွေ့ရသော်လည်း သူငယ်ချင်းဖြစ်သူက ရွှေ့ပေးထားသည်ဟု ဆိုသဖြင့် ကျေးဇူးတင်ကာ အလုပ်ဆက်လုပ်လိုက်သည်။
နောက်ဆုံးတွင် အလုပ်ပြီးဆုံးသွားပြီး မည်သူမျှ မဝယ်ထားသော ဂဏန်းတစ်ခုကို ကြီးကြပ်ရေးမှူးက ထီဂဏန်းအဖြစ် ရွေးချယ်လိုက်တော့သည်။
“ဒါကို ဘယ်သူမှ မဝယ်ထားတာ သေချာလား”
“စိတ်ချပါ မန်နေဂျာလျို ဒီဂဏန်းကို ဘယ်သူမှ မဝယ်ထားပါဘူး ဒုတိယဆုတွေတောင် တို့တွေ စိတ်ကြိုက် သတ်မှတ်လို့ ရပါတယ်”
ကြီးကြပ်ရေးမှူး ကျေနပ်စွာ ထွက်သွားတော့သည်။
ထိုအချိန်မှာပင် ထိုမြို့ရှိ လန်ဟွမ်ကျောက်စိမ်းဆောင် ဘဏ်ခွဲတစ်ခုအတွင်း၌ “အမျိုးသမီး... ရှင့်လက်ထဲက လက်မှတ်က ကျွန်တော်တို့ဆီက ရောင်းတာ မဟုတ်ပါဘူး” ဘဏ်ခွဲမန်နေဂျာက အဖြူရောင်ဝတ် အမျိုးသမီးကို ပြုံးပြရင်း ပြောလိုက်သည်။
အိုယန်ချင်းရွှမ်းက မျက်တောင်ခတ်ရင်း - “သေချာလို့လား”
“သေချာပါတယ်ရှင့်။ ကျွန်မတို့က လမ်းပြထီကိုပဲ ရောင်းတာပါ။ ရှင့်လက်မှတ်က ဝမ်ဖူထီလက်မှတ်ပါ ဟိုဘက်လမ်းက ဘဏ်တွေမှာ သွားစစ်ကြည့်ပါဦး”
အိုယန်ချင်းရွှမ်းက လက်မှတ်များကို နှိုင်းယှဉ်ကြည့်လိုက်ရာ သိသိသာသာ ကွဲပြားနေသည်ကို တွေ့လိုက်ရသဖြင့် တောင်းပန်စကား ဆိုကာ ထွက်လာခဲ့သည်။
သူမသည် လမ်းတစ်ဖက်ရှိ ချင်းယဲ့ဘဏ်ကို လှမ်းကြည့်လိုက်ရင်း - “ဒါက လန်ယာကုန်သည်အသင်းက ထုတ်တာ မဟုတ်ဘူးပဲ။ စီနီယာအစ်ကို ရဲ့အတွက် သူတို့ဆီက အတိုးပြန်ယူဖို့ကတော့ မလွယ်တော့ဘူး ထင်တယ်”