အခန်း (၁၇၅) - ကုန်သည်ကြီးသုံးခု ခေါင်းဆောင်တွေ ကိုယ်ချင်းစာတရား ဝင်သွားတာလား
လန်ဟွမ်ကျောက်စိမ်းဆောင်၊ လီရှောင်နတ်မြို့တော် ဌာနချုပ်။
မုရှုမ်းသည် လက်ရှိတွင် ဂေဟာ၏ အဆင့်မြင့်အရာရှိအားလုံးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
၎င်းတို့သည် ပြီးခဲ့သည့်ကာလအတွင်း မြို့ကြီးများ၏ထီပေါက်မှု အခြေအနေများကို စုစည်းပြီးနောက် အခြားသော ခေါင်းစဉ်တစ်ခုသို့ ကူးပြောင်းလိုက်ကြသည်။
မုရှုမ်းက လူအားလုံးကို ဝေ့ကြည့်ပြီး - “ကုန်သည်ကြီး သုံးခုရဲ့ ဝမ်ဖူထီအခြေအနေ ဘယ်လိုရှိလဲ” ဟု မေးလိုက်သည်။
ဂေဟာမှ အကြီးအကဲတစ်ဦးက ပြန်ဖြေသည် “သာမန်ပါပဲ။ ပထမဆုံး စတင်ရောင်းချတဲ့ လီရှောင်မြို့တော်က ဘဏ်ခွဲတွေမှာ အရောင်းအဝယ် အကြိမ်ရေ တစ်သိန်းလောက် ရှိခဲ့ပါတယ်။
ပတ်ဝန်းကျင်က စီဟယ်မြို့၊ တုန်းယွဲ့မြို့နဲ့ လျန်ရှန်းမြို့တွေကတော့ နောက်မှ စရောင်းတာဆိုတော့ ရလဒ်ကို မနက်ဖြန်မှ သိရပါလိမ့်မယ်”
မုရှုမ်းက မျက်ခုံးပင့်ကာ နားမလည်နိုင်စွာဖြင့် - “ဘာလို့ အချိန်တွေ ကွာနေရတာလဲ”
အကြီးအကဲက - “သူတို့ရဲ့ ပြင်ဆင်မှုတွေ မလုံလောက်လို့ပါ။ လီရှောင်မြို့နဲ့ ပတ်ဝန်းကျင် မြို့ကြီးအချို့ကလွဲရင် ဝေးလံတဲ့ မြို့တွေက ဘဏ်တွေမှာ ထီလုပ်ငန်းကို မစနိုင်သေးပါဘူး” ဟု ဆိုသည်။
လူအင်အား၊ ငွေကြေး၊ ထီလက်မှတ် ဤအရာအားလုံး အဆင်သင့်ဖြစ်မှသာ ထီလုပ်ငန်းက လည်ပတ်နိုင်သည်။
ထီလက်မှတ်လုပ်ခြင်းသည် နည်းပညာမြင့်မားလှသည်မဟုတ်သော်လည်း အလိုအလျောက် ပေါ်လာခြင်း မဟုတ်ပေ။
လက်မှတ်ပေါ်ရှိ အတုမလုပ်နိုင်သော မှော်စာလုံးများကို ထွင်းထုရန် အချိန်ယူရသည်။
ဘယ်လိုပင်ဖြစ်စေ ရက်အနည်းငယ်တော့ ကြာပေမည်။ ဝမ်မု၏ အမိန့်ကို စတင်ရရှိစဉ်က လန်ဟွမ်ကျောက်စိမ်းဆောင်သည်လည်း ချက်ချင်းမရောင်းခဲ့ပေ။
မြောက်ပိုင်းဒေသရှိ မြို့ကြီးများမှ ဘဏ်ခွဲများနှင့် လူအင်အား အပြည့်အဝ ပြင်ဆင်ပြီးမှသာ တရားဝင်စတင်ခဲ့ခြင်း ဖြစ်သည်။
ကုန်သည်ကြီး သုံးခုကတော့ သိသိသာသာ အလျင်စလို ဖြစ်နေကြသည်။ သူတို့သည် လန်ဟွမ်ကျောက်စိမ်းဆောင်ကို အတုယူရန်အတွက် ဘဏ်လုပ်ငန်းပုံစံဟောင်းများကို ဖျက်သိမ်းပြီးကာစ ဖြစ်ရာ အခြေပင်မခိုင်သေးပေ။
ထီလုပ်ငန်းက အမြတ်ရသည်ကို မြင်သောအခါ အလုအယက် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ပြင်ဆင်မှုများမှာ စေ့စပ်သေချာမှု မရှိနိုင်ပေ။
မုရှုမ်းက - “ရောင်းတဲ့အချိန် မတူရင်၊ ထီဖွင့်တဲ့ အချိန်ကရော” ဟု ထပ်မေးသည်။
အကြီးအကဲက - “အဲဒါလည်း မတူဘူး။ အတိအကျပြောရရင် သူတို့ရဲ့ ပုံစံက တို့နဲ့ အတော်ကွာတယ်။ တို့ဘဏ်ခွဲအားလုံးက မြောက်ပိုင်းပင်လယ်က ထီဖွင့်ပွဲ ရလဒ်ကိုပဲ အတူတူ လိုက်ကြတာ။
ဒါပေမဲ့ သူတို့က မြို့တစ်မြို့ချင်းစီမှာ သီးသန့်အဖွဲ့တွေရှိပြီး ထီရလဒ်တွေကလည်း တစ်မြို့နဲ့တစ်မြို့မတူကြဘူး။ တစ်ယောက်ချင်းစီ ကိုယ့်ဂိမ်းကိုယ် ကစားနေကြသလိုပဲ”
“အို” မုရှုမ်း၏ မျက်မှောင်လေးများ အနည်းငယ် တွန့်သွားသည် - “သူတို့ တကယ့်ကို အလုအယက် ဖြစ်နေကြတာပဲ။ ဒီလိုဆိုရင် စနစ်တကျ စီမံခန့်ခွဲဖို့ မခက်ခဲဘူးလား”
အကြီးအကဲက ရယ်မောရင်း - “ဟုတ်ပါတယ်။ သူတို့က ထီဖွင့်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ ထီရောင်းတာကို ပိတ်လိုက်တယ်။ သူတို့ကိုယ်တိုင် ပြင်ဆင်ဖို့ အချိန်ရအောင် လုပ်ထားတာ ထင်ပါတယ်”
ပိန်လိုင် ကုန်သည်အသင်း အစည်းအဝေးခန်းမ။
“ဒီနေ့ အခြေအနေ ဘယ်လိုလဲ”
“ထင်ထားတာထက် ပိုဆိုးပါတယ်။ မနေ့ကတော့ အချို့ရောင်းရသေးတယ် ဒီနေ့မနက်တော့ အစောင် တစ်ရာကျော်ပဲ ရောင်းရတယ်” ဟု လက်အောက်ငယ်သားက မျက်နှာပျက်ပျက်ဖြင့် တင်ပြသည်။
ထန်ချန်းနှင့် အခြားသူများလည်း မကျေမနပ် ဖြစ်သွားကြသည်။ သိသာသည်မှာ ဤမြို့တွင် ကုန်သည်ကြီး သုံးခုကို ရဲရဲဝံ့ဝံ့ ယုံကြည်ရဲသူ အနည်းငယ်သာ ကျန်တော့ခြင်း ဖြစ်သည်။
မကြာသေးမီက ထျန်းဝမ်ဆက်သွယ်ရေးအဆောင် နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကုန်သည်ကြီးသုံးခု၏ ယုံကြည်ကိုးစားမှုမှာ ရေခဲမှတ်အထိ ကျဆင်းသွားခဲ့သည်။
ယခု ထီဝယ်သူအများစုမှာ ကုန်သည်ကြီး သုံးခုက ကြော်ငြာထားသော ပေါက်နိုင်ခြေ မြင့်မားမှုကို မက်မောကြသည့် လောင်းကစားသမားများသာ ဖြစ်ကြသည်။
လီရှောင်မြို့တော်တွင်ပင် ဤကဲ့သို့ဖြစ်နေလျှင် အခြားမြို့ငယ်လေးများတွင် ပို၍ပင် ဆိုးရွားပေလိမ့်မည်။
ထန်ချန်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း - “ဒါဆိုရင် ငါတို့ဒီမှာ ထီဖွင့်ပွဲကို စောပြီး လုပ်လိုက်ရအောင် တစ်ချိန်တည်းမှာပဲ ငါတို့ ကြိုတင်စီစဉ်ထားတဲ့ ထီပေါက်သူ အရေအတွက်ကိုလည်း တိုးလိုက်မယ် အပြင်က အောက်ခြေကျင့်ကြံသူတွေက လန်ယာကုန်သည်အသင်း ရဲ့ အလိုလိုက်မှုကြောင့် ပါးစပ်အရသာ ပျက်နေကြပြီ။
အကျိုးအမြတ်ကို မျက်မြင်မတွေ့ရရင် သူတို့ လှုပ်ရှားမှာ မဟုတ်ဘူး အသားနံ့ရမှသာ သူတို့ ပိုက်ဆံထုတ်ဝေ ဝယ်ကြမှာ”
ထိုက်ရှုထုံက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည် - “ဒါက ဖြစ်နိုင်တယ်”
ထို့ကြောင့် မူလက သုံးရက်အကြာတွင် ဖွင့်ရန် စီစဉ်ထားသော ဝမ်ဖူထီဖွင့်ပွဲကို တစ်ရက် စောလိုက်ကြသည်။
နောက်တစ်နေ့ ညနေခင်းတွင် မြို့တော်၏ အလယ်ဗဟိုရှိ ရင်ပြင်ကျယ်ကြီး၌ စင်မြင့်မြင့်တစ်ခုကို တည်ဆောက်ထားသည်။ စင်ပေါ်တွင် ကြီးမားသော အိုးကြီးတစ်လုံးနှင့် သတ္တုဘောလုံးလေး ၄၀၊ ၅၀ ခန့် ရှိနေသည်။ အောက်တွင်တော့ ကျင့်ကြံသူ အုပ်ကြီးမှာ တိုးဝှေ့နေကြသည်။
“ဟိုး... ပွဲကြီးပွဲကောင်းပါလား”
“ဒီမြင်ကွင်းက တစ်နေရာရာမှာ မြင်ဖူးသလိုပဲနော်”
“လန်ဟွမ်ကျောက်စိမ်းဆောင်က ထီဖွင့်ပွဲနဲ့ အတူတူပဲမဟုတ်လား ကောင်းလိုက်တာ သူတို့ ပုံစံလေးတောင် မပြောင်းဘဲ တိုက်ရိုက် ကူးယူထားတာပဲ”
“ဟဲ... သူတို့က ဘယ်တုန်းက မကူးဖူးလို့လဲ”
လူအုပ်ထဲတွင် ကျင့်ကြံသူများက လှောင်ပြောင်နေကြသော်လည်း ပွဲကိုတော့ စိတ်ဝင်တစား ကြည့်နေကြသည်။ မကြာမီ ထီဖွင့်ပွဲ စတင်သည်။
ဘောလုံးလေးများမှာ အိုးထဲတွင် လည်ပတ်နေပြီး တစ်ခုချင်းစီ ထွက်ပေါ်လာတော့သည်။
“ကျောက်စု”
“ရှန်စု”
“ကျန့်စု"
“တဟန်”
ဘောလုံးများ ဆက်တိုက်ထွက်လာသည်နှင့်အမျှ လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
“ဟား... ငါ ပေါက်ပြီ”
“ငါလည်း ပေါက်တယ် ဘောလုံးလေးလုံးမှာ နှစ်လုံးတူနေပြီ”
“ဟားဟားဟား... ငါက သုံးလုံးတောင်”
လေထုမှာ ရုတ်တရက် ပူပြင်းလာပြီး လူအများ၏ မျက်လုံးများမှာ စင်မြင့်ပေါ်သို့ စူးစိုက်ကြည့်နေကြသည်။
“ချင်းမင်
”
နောက်ဆုံးဘောလုံး ထွက်လာပြီးနောက်ခဏချင်းမှာပင် လူအုပ်ထဲမှ ထီလက်မှတ်များမှာ အရွယ်အစား အမျိုးမျိုးဖြင့် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
ထိုအလင်းတန်းများမှာ ကောင်းကင်အထိပင် ရောက်ရှိနေသည်။
စင်ပေါ်မှ ကိုယ်စားလှယ်က ဝမ်းသာအားရဖြင့် အော်ပြောလိုက်သည် - “ဒီနေ့ ကံကောင်းသူတွေ အများကြီး ရှိလိမ့်မယ်လို့ မထင်ထားဘူး။
စုစုပေါင်း ဧည့်သည် ငါးဦးက ကျွန်တော်တို့ ဝမ်ဖူထီရဲ့ ပထမဆုကြီးဖြစ်တဲ့ ဝိညာဉ်ကျောက်တုံး သန်း ၃၀ ကို ဆွတ်ခူးသွားပါတယ်”
ထိုစကားအဆုံးတွင် တစ်ကွင်းလုံး ဆူညံသွားတော့သည်။ ဝမ်ဖူထီ၏ဆုကြေးမှာ လန်ယာလမ်းပြထီ၏ သန်း ၈၀ နှင့် ယှဉ်လျှင် အများကြီး နည်းပါးသော်လည်း၊ အောက်ခြေကျင့်ကြံသူများအတွက် သန်း ၃၀ နှင့် သန်း ၈၀ မှာ အတူတူပင် ဖြစ်သည်။
အကြောင်းမှာ သူတို့သည် ထိုမျှများပြားသော ငွေပမာဏကို တစ်ခါမှ မမြင်ဖူးသလို စိတ်ပင် မကူးရဲကြသောကြောင့် ဖြစ်သည်။
“ဟား လူငါးယောက်တောင် သန်း ၃၀ စီ ပေါက်တာလား”
“ကုန်သည်ကြီး သုံးခုက ပေါက်နိုင်ခြေ မြင့်တယ်ဆိုတာ တကယ်ကြီးလား”
“ဒီတစ်ခါ သူတို့ ထီလက်မှတ် အများကြီး မရောင်းရဘူးလို့ ကြားတယ် ဒါပေမဲ့ ဆုကြီးတွေ အများကြီး ပေါက်ကုန်တာပဲ”
လူအုပ်ကြီး၏ ဆွေးနွေးသံများမှာ ပိုမို ပြင်းထန်လာပြီး အလင်းတန်းများ ထွက်ပေါ်ရာ အရပ်သို့ အားလုံးက စူးစိုက်ကြည့်နေကြတော့သည်။
သူတို့ ထင်ထားသည့်အတိုင်းပင် ဆုသေးဆုလတ် ပေါက်သူများမှာလည်း အလွန်ပင် များပြားလှပေသည်။