အခန်း (၁၇၀) - မင်းကိုယ်မင်း ထန်ကျန့် များ မှတ်နေသလား။
“ကျွန်တော် သူ့အပေါ် တစ်ခါ ထပ်ပြီး အထင်လွဲခဲ့ပြန်ပြီပေါ့” လင်းယန်က မိမိကိုယ်မိမိ ရေရွတ်လိုက်သည်။
“ဒီကောင်လေးက တကယ့်ကို အမြော်အမြင်ကြီးပြီး အရာရာကို သေချာစဉ်းစားထားတာပဲ” တန်ရွှမ်းကလည်း စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးသည်။
အကယ်၍ အခြားသူသာ စီးပွားရေးလုပ်လျှင် မိမိအမြတ်အတွက်သာ ကြည့်ကြလိမ့်မည်။
ဆုကြေးငွေကို ဘာလှည့်ကွက်မှမသုံးဘဲ ရိုးသားစွာ ပေးလျော်လျှင်ပင် လူသိက္ခာရှိလှပြီဟု ဆိုရမည်။
ပိုက်ဆံယူပြီးနောက် ဘာဖြစ်မလဲဆိုသည်မှာ သူတို့နှင့် မဆိုင်တော့ပေ။ ထိုငွေကို သုံးစွဲဖို့ အသက်ရှင်ပါ့မလားဆိုသည်မှာ အပ်နှံသူ၏ ပြဿနာသာ ဖြစ်သည်။
သို့သော် ဝမ်မုကတော့ မတူပေ။ သူသည် ငွေပေးရုံသာမက နောက်ဆက်တွဲကိစ္စများကိုပါ ထည့်သွင်းစဉ်းစားပေးထားသည်။
ပထမဆုရှင် ဘေးကင်းစွာ ထွက်ခွာနိုင်ရန် မဟာဟင်းလင်းပြင်အဆောင်ကဲ့သို့သော ရတနာကိုပင် ထုတ်ပေးခဲ့သည်။
ဤကဲ့သို့သော လုပ်ရပ်မျိုးက ကျင့်ကြံသူများ၏စိတ်ကို နွေးထွေးစေခဲ့သည်။
“ကျင့်ကြံခြင်းလောကမှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းလာခဲ့ပေမဲ့ ကိုယ့်အသက်အတွက် ကိုယ်ပဲတာဝန်ယူခဲ့ရတာ။ ငါ့ဂိုဏ်းက လူကြီးတွေတောင် ငါ့အတွက် ဒီလောက်အထိ ထည့်မစဉ်းစားပေးဖူးဘူး”
“လန်ယာကုန်သည်အသင်းကတော့ ဒီညစ်ပတ်တဲ့လောကကြီးထဲမှာ တကယ့်ကို သန့်ရှင်းတဲ့ လေညင်းလေးပါပဲ”
လူအများမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး ယခင်က ကြုံတွေ့ခဲ့ရသော မကောင်းသည့် အတွေ့အကြုံများကို ပြန်လည်အမှတ်ရကာ သက်ပြင်းချနေကြတော့သည်။
“ကျေးဇူးတင်ပါတယ် ဂေဟာမှူးမို” လင်းယန်က ဂေဟာမှူးမိုကို ရိုးသားစွာဖြင့် နှုတ်ဆက်လိုက်သည်။
ဂေဟာမှူးမိုက လက်ကာပြရင်း ရယ်မောလိုက်သည် - “ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော်တို့က သခင်လေးရဲ့အမိန့်ကို နာခံတာပါ”
လင်းယန်က ခေတ္တစဉ်းစားပြီးနောက် - “ဒါဆိုရင် သခင်လေးကိုလည်း ကျွန်တော်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါဦး”
ဂေဟာမှူးမိုက ပြုံးလျက် - “ကျွန်တော်က ဘဏ်ခွဲတစ်ခုရဲ့ မန်နေဂျာပဲဆိုတော့ သခင်လေးရဲ့ မျက်နှာကို ဖူးတွေ့ခွင့်ရဖို့ ခက်ပါလိမ့်မယ်။
ဒါပေမဲ့ သခင်လေးလင်းရဲ့ စကားကိုတော့ အဆင့်ဆင့် ပါးပေးလိုက်ပါ့မယ်။ သခင်လေးရဲ့ နားထဲအထိ ရောက်မရောက်ကတော့ ကျွန်တော်လည်း မဆုံးဖြတ်နိုင်ပါဘူး”
လင်းယန်က နားလည်ကြောင်း ခေါင်းညိတ်ပြသည်။ ထိုအချိန်မှာပင် သူ၏မျက်မှောင်များ တွန့်သွားသည်။
အရပ်မျက်နှာအနှံ့မှ လူများစွာ ချဉ်းကပ်လာနေသည်ကို သူ ခံစားမိသလို လူအများအပြား၏ဝိညာဉ်အာရုံကလည်း သူ့အပေါ်တွင် ကျရောက်နေသည်။
“သခင်လေးလင်း ထွက်သွားတော့မယ်ဆိုရင် အမြန်လုပ်မှ ဖြစ်မယ်” ဂေဟာမှူးမိုက သတိပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံး သန်း ၈၀ ဆိုသည်မှာ နည်းလှသည့် ပမာဏ မဟုတ်ပေ။ နတ်ဘုရားသန္ဓေတည်ခြင်းအဆင့် ပညာရှင်ကြီးများပင် လောဘတက်နိုင်သည့် ပမာဏ ဖြစ်သည်။
လန်ယာကုန်သည်အသင်းနှင့် ထိပ်တိုက်မတွေ့ရဲကြသော်လည်း အမှောင်ထဲတွင် လှုပ်ရှားလာပါက တားဆီးရန် ခက်ခဲပေလိမ့်မည်။
“နှုတ်ဆက်ပါတယ်”
လင်းယန်သည် တွန့်ဆုတ်မနေဘဲ မဟာဟင်းလင်းပြင်အဆောင်ကို ချက်ချင်း အသုံးချလိုက်သည်။
ခဏချင်းမှာပင် ဟင်းလင်းပြင် စွမ်းအင်များက သူ့ကို လွှမ်းခြုံသွားပြီး ဟင်းလင်းပြင်ကြီး အက်ကွဲကာ သူ့ကို ဝါးမြိုသွားတော့သည်။
ထို့နောက် လင်းယန် ရှိနေခဲ့သည့် အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ညဉ့်ကောင်းကင်ယံအောက်တွင် ပြန်လည်တိတ်ဆိတ်သွားသော်လည်း ယနေ့ည၏ သတင်းများမှာတော့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။
လမ်းပြထီရလဒ်များကို ဘဏ်ခွဲများတွင်သာမက လန်ယာဖိုရမ်ပေါ်တွင်လည်း တစ်ပြိုင်နက် ကြေညာခဲ့သည်။
ထီရလဒ် ကြေညာသည့် ပို့စ်အောက်တွင် မှတ်ချက်ပေါင်း သုံးဘီလီယံကျော်အထိ ရှိလာပြီး ဖိုရမ်တစ်ခုလုံးတွင် ရေပန်းအစားဆုံး ဖြစ်သွားသည်။
: လန်ယာကုန်သည်အသင်းကို ကျေးဇူးတင်ပါတယ်။ ဝမ်မိသားစု သခင်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပေါက်သွားပြီဟေ့ ဟားဟား။
: အစကတော့ စမ်းကြည့်တဲ့သဘောနဲ့ ဝယ်လိုက်တာ တကယ်ပေါက်လိမ့်မယ်လို့ မထင်ထားဘူး။ ဝိညာဉ်ကျောက်တုံး ၆၆ တုံးတောင် ရတာ။ ငါ့ရဲ့စုဆောင်းငွေကို နှစ်အတန်ကြာသုံးနိုင်တော့မယ်။
: ဒါနဲ့ သန်း ၈၀ ကျော် ဆုကြီးကို ဘယ်သူရသွားလဲ သိကြလား။
: ကျွန်တော်လည်း သိချင်တယ်
: +၁
: ငါသိတယ် ငါတို့နဲ့မဝေးတဲ့ မြို့က လင်းယန် ဆိုတဲ့လူ ပေါက်တာ။ မနေ့ညက တစ်မြို့လုံး ဆူညံသွားတာပဲ၊ လူတွေ သွားကြည့်တဲ့အချိန်မှာ အဲဒီလူက မရှိတော့ဘူး။
: တကယ်ကြီးပေါက်တဲ့သူရှိတာလား ငါကတော့ လူတွေကို ဆွဲဆောင်ဖို့ လုပ်ထားတဲ့ လှည့်ကွက်လို့ ထင်နေတာ။
: သန်း ၈၀ ကျော်ကို တကယ်ကြီး ပေးလိုက်တာလား။
: အစစ်ပါပဲ။ လင်းယန်က ထီတစ်စောင်ပဲ ဝယ်တာ၊ ဝိညာဉ်သလင်းခဲ ၁၀ ခုပဲ ကုန်တာတဲ့။
မှတ်ချက်များထဲတွင် လင်းယန်ကို မနာလိုဖြစ်ကာ ဆဲဆိုနေကြသူများလည်း ရှိနေသည်။
လူအများက မိမိတို့ဆီသို့ ထိုကံကောင်းခြင်းမျိုး အဘယ်ကြောင့် ရောက်မလာသနည်းဟု တွေးတောနေကြစဉ် အနှောင့်အယှက်ပေးသော မှတ်ချက်တစ်ခု ပေါ်လာသည်။
: လူတွေက ဒီလောက်အထိ နုံအကြတာလား ဒါတွေ အကုန်လုံး အစစ်လို့ တကယ်ယုံနေတာလား။
: အပေါ်ကလူ၊ ဘာကို ဆိုလိုတာလဲ ရှင်းရှင်းပြောစမ်း။
: မဆဲကြနဲ့ဦး အချက်အလက်ကိုပဲ ပြောပြမယ်။ ဦးနှောက်ရှိရင် စဉ်းစားကြည့်လေ၊ လန်ယာကုန်သည်အသင်းက စီးပွားရေးသမားတွေပဲ။
စီးပွားရေးသမားဆိုတာ အမြတ်ရဖို့ပဲ လုပ်တာ။ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ကို ဒီလောက်ငွေပုံကြီး ဘယ်လိုလုပ် အလကားပေးမှာလဲ ဒါ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီဘူး။
မင်းတို့သာဆိုရင်ရော ဒီလိုလုပ်ပါ့မလား။
ထိုမှတစ်ဆင့် ဖိုရမ်ပေါ်တွင် အပြင်းအထန် အချေအတင် စကားများကြတော့သည်။
တစ်ဖက်က လန်ယာကုန်သည်အသင်းကို ကာကွယ်ပြောဆိုကြသလို နောက်တစ်ဖက်ကတော့ လှောင်ပြောင်နေသည်။
အခန်းတွင်း၌ ထန်ချန်သည် ဆက်သွယ်ရေးအဆောင်ပေါ်ရှိ စာသားများကို ကြည့်ရင်း သူ၏ မျက်ဝန်းနှင့် ရင်ထဲတွင် ဒေါသတရားများမှာ မီးလျှံများကဲ့သို့ လောင်မြိုက်နေတော့သည်။