အခန်း (၁၆၈) ငါချမ်းသာပြီဟေ့
မြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
ဧရာမရွှေအိုးကြီးအတွင်း၌ သံလုံးပေါင်း တစ်ရာကျော်မှာ မြင်းရိုင်းများကဲ့သို့ တစ်ခုနှင့်တစ်ခု တိုက်မိနေကြပြီး မီးပွားများပင် ထွက်နေသည်။ ထိုအိုးနှုတ်ခမ်းဝမှ သံလုံးများမှာ တစ်လုံးပြီးတစ်လုံး ထွက်ကျလာသည်။
“မြေဟိန်း ”
“မြေမိစ္ဆာ”
“မြေတိုက် ”
ရလဒ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ လူအုပ်ကြီးအတွင်း အပြင်းအထန် ဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။
“ဟားဟား... ငါ နောက်တစ်လုံး ထပ်မှန်ပြန်ပြီ”
“ဟား... နောက်တစ်လုံးသာ ထပ်မှန်ရင် သုံးလုံးဖြစ်ပြီ ဒါဆိုရင် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက် ရပြီဟေ့”
“လာပြီ၊ လာပြီ၊ နောက်ဆုံးတစ်လုံး လာပြီ”
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေသည်။ ကောင်းကင်ယံရှိ ပုံရိပ်ယောင်ထံသို့ မရေမတွက်နိုင်သော မျက်ဝန်းများက စူးစိုက်ကြည့်နေကြသည်။ ပုံရိပ်ထဲတွင် နောက်ဆုံးသံလုံးလေး ထွက်လာခဲ့ပြီ။
【ကောင်းကင်ဆုံးရှုံးခြင်း 】
ဝုန်း——
နေရာအနှံ့တွင် ဟစ်ကြွေးသံများ ပျံ့လွင့်သွားသည်။ ထိုအချိန်မှာပင် လူအုပ်ထဲမှ လင်းလက်တောက်ပသော အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ တိုးဝင်သွားသည်။
ထိုအလင်းများကြောင့် ပတ်ဝန်းကျင်မှ အမှောင်ထုမှာ ကွယ်ပျောက်သွားပြီး ညဉ့်နက်သန်းခေါင်ယံမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။
“ဟင် ငါ့ထီလက်မှတ်က ဘာလို့လင်းနေတာလဲ”
တစ်စုံတစ်ယောက်က ငုံ့ကြည့်လိုက်ရာ သူ၏လက်ထဲမှ ထီလက်မှတ်မှာ အလင်းများ ထွက်နေသည်ကို တွေ့လိုက်ရသည်။
“ဆုပေါက်တဲ့ ထီလက်မှတ်တွေပဲ လင်းတာလေ။ ဒါက ထီလက်မှတ်ထဲက အတုအပကာကွယ်တဲ့မှော်စာလုံးတွေကြောင့် ဖြစ်မှာပေါ့”
တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။ လက်မှတ်တိုင်းလင်းနေခြင်း မဟုတ်သလို အလင်းတန်း၏ ပြင်းအားမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။
နက္ခတ်တစ်ခုမှန်ကန်သော လက်မှတ်မှာ သုံးပေခန့် မြင့်သော အလင်းတန်း ထွက်ပေါ်သည်။ နှစ်ခုမှန်လျှင် ခြောက်ပေ မြင့်သည်။ ထိုသို့ဖြင့် အဆင့်ဆင့် တိုးသွားခြင်း ဖြစ်သည်။
“ဟားဟားဟား၊ ပေါက်ပြီ.ငါပေါက်ပြီ ငါပေါက်ပြီ”
လူအုပ်ထဲတွင် ဖရိုဖရဲ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ သူ၏ထီလက်မှတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်ရည်များ ဝဲနေသည်။ သူ၏လက်ထဲမှ အလင်းတန်းမှာ ဆယ်ပေခန့် မြင့်သဖြင့် ဘေးပတ်ဝန်းကျင်ထက် ပိုမိုတောက်ပနေသည်။
“အဲဒါ အနည်းဆုံး သုံးလုံးမှန်တာပဲ မဟုတ်လား”
“သုံးလုံးမှန်ရင် အဆပေါင်း ရာနဲ့ချီ ရမှာ၊ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက် ရပြီဟေ့”
“အဲဒါ မြို့အရှေ့ဘက်က တောင်းစားတဲ့ အဘိုးကြီး မဟုတ်လား သူ့ဘိုးဘေးတွေ လက်ထက်မှာ နတ်ဘုရားမွေးဖွားခြင်းအဆင့် ကျင့်ကြံသူ ထွက်ဖူးပေမဲ့ နောက်ပိုင်းမှာ မိသားစုက ပျက်စီးသွားတာလေ။
သူက လူတစ်ယောက်ကို သွားစော်ကားမိလို့ ဒဏ်ရာပြင်းထန်စွာ ရပြီး ကျင့်ကြံမှုအဆင့် လျော့သွားတာ။ အခု ဝိညာဉ်စွမ်းအားစုဆောင်းခြင်းအဆင့်ပဲ ရှိတော့တာ အခုတော့ သူပေါက်သွားပြီ”
မရေမတွက်နိုင်သော လူများမှာ မနာလိုစိတ်၊ လောဘစိတ်များဖြင့် ကြည့်နေကြသည်။ ဤအဘိုးကြီးအတွက် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းဆိုသည်မှာ သူ၏ ပိုင်ဆိုင်မှုပေါင်းများစွာကို အဆပေါင်းများစွာ တိုးပွားသွားစေခြင်း ဖြစ်သည်။
သူသာ ပါးနပ်လျှင်ဤငွေဖြင့် ဝေးလံသော မြို့လေးတစ်မြို့တွင် အေးအေးဆေးဆေး ဘဝကို အဆုံးသတ်နိုင်ပေမည်။
“စီနီယာအစ်မ ကျွန်မ ပေါက်ပြီ ပေါက်ပြီ အစ်မကို ကယ်ဖို့ ပြန်လာနိုင်ပြီ”
လန်ဟွမ်ကျောက်စိမ်းဆောင်ရှေ့ရှိ သစ်ပင်ကြီးအောက်တွင် မိန်းကလေးငယ် စုယောင် မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီမြန်းနေသည်။
သူမ၏လက်ထဲတွင် ပေ ၃၀ ခန့် မြင့်သော အလင်းတန်းများ ထွက်ပေါ်နေသည့် ထီလက်မှတ်ကို ရင်ဘတ်တွင် ဖိကပ်ထားရင်း ဝမ်းသာမျက်ရည်များ စီးကျနေသည်။
ဒဏ်ရာပြင်းထန်စွာ ရထားသော စီနီယာအစ်မကို ကယ်တင်ရန် သူမသည် မိမိ၏ ကိုယ်ပိုင်မှော်ရတနာများနှင့် တန်ဖိုးရှိသမျှ အရာအားလုံးကို ပေါင်နှံရောင်းချကာ ထီလက်မှတ် အစောင်ပေါင်းများစွာကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူမသည် စတုတ္ထအဆင့်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်၍ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ရရှိမည်ဖြစ်သည်။ ဆေးဝယ်ရန် လုံလောက်ရုံသာမက နောင်အနာဂတ်အတွက်ပါ ငွေအချို့ ပိုလျှံသွားပေမည်။
အနီးအနားရှိ လူများကလည်း သူမကို မနာလိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။
လူအုပ်ကြီးအတွင်း အလင်းတန်းများမှာ ဟိုတစ်နေရာ သည်တစ်နေရာတွင် ပေါ်ထွက်နေဆဲ ဖြစ်သည်။
“ဟိုမှာကြည့်ဦး မြို့အရှေ့ဘက်မှာ”
“သောက်ကျိုးနည်း အဲဒီလူရဲ့ ထီလက်မှတ်က ပေကိုးဆယ်လောက် မြင့်တဲ့ အလင်းတွေ ထွက်နေတယ်”
“ပေကိုးဆယ် တကယ်ကြီးလား”
လူအုပ်ကြီးမှာ မယုံနိုင်စရာ မြင်ကွင်းကို ကြည့်နေကြသည်။ ပိန်လှီသော ကျင့်ကြံသူတစ်ဦးမှာ ပေကိုးဆယ်မြင့်သော အလင်းတန်း ထွက်ပေါ်နေသည့် ထီလက်မှတ်ကို ကိုင်ကာ မြေပြင်ပေါ် ဒူးထောက်ရင်း ထီလက်မှတ်ကို အရူးအမူး နမ်းနေတော့သည်။
“အဲဒါ ယန်မိသားစုက မယားငယ်ရဲ့သား မဟုတ်လား”
“သူက အိမ်စေရဲ့သား မဟုတ်လား မိသားစုထဲမှာ အနှိမ်ခံရဆုံးလို့ ကြားဖူးတယ်”
“ဘုရားရေ ပေကိုးဆယ်ဆိုရင် အနည်းဆုံး တတိယအဆင့်ဆုပေါ့။ အဲဒါ ဝိညာဉ်ကျောက်တုံး ထောင်ချီတန်တာပဲ”
“သူတော့ ဘဝပြောင်းပြီဟေ့”
ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးမှာ မနာလိုဖြစ်နေကြသည်။ လူအချင်းချင်း ကြည့်ရသည်မှာ တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် လန်ဟွမ်ကျောက်စိမ်းဆောင်၏ဂေဟာမှူး မိုသည် လူအုပ်ကြီးကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်နေသည်။
သူ၏တွက်ချက်မှုအရဆိုလျှင် ပေကိုးဆယ် အလင်းတန်းပိုင်ရှင်မှာ ဤမြို့တွင် ဆုအကြီးဆုံးသူ ဖြစ်လိမ့်မည်။
သို့သော်လည်း ရုတ်တရက် လူအုပ်ထဲမှ နေရာတစ်ခုတွင် ဖြူစင်တောက်ပသော အလင်းတန်းကြီးတစ်ခုမှာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွားသည်။
ထိုအလင်းတန်းမှာ ပေတစ်ထောင်ခန့် မြင့်မားပြီး မှောင်မိုက်သော ကောင်းကင်ယံကို ရေပြင်ထဲ ခဲပစ်လိုက်သကဲ့သို့ လှိုင်းလုံးများဖြင့် ဖြန့်ကျက်သွားစေသည်။
တစ်ခဏအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။ အသံတစ်သံမျှ မထွက်တော့ဘဲ အားလုံး၏ အကြည့်မှာ ဝတ်ရုံနက်ဝတ်ထားသည့် ထိုလူငယ်ထံသို့ ရောက်သွားကြသည်။
“ဒါ... ဒါက အနည်းဆုံး ပေတစ်ထောင်လောက် ရှိတယ် မဟုတ်လား”
“ဘုရားရေ၊ ဒီထက် ပိုပြီး ကံကောင်းတဲ့သူ ရှိသေးတာလား”
“ဒါ... ဒါက ဒဏ္ဍာရီထဲက ပထမဆုကြီးလား ဝိညာဉ်ကျောက်တုံး သန်း ၈၀ ရမယ့်ဟာလား”
တစ်မြို့လုံး ဆူပွက်သွားတော့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိုနေရာသို့ စုရုံးရောက်ရှိလာကြသည်။
လန်ဟွမ်ကျောက်စိမ်းဆောင်၏ ဂေဟာမှူးမှာလည်း ခေတ္တမျှ မှင်တက်သွားပြီးနောက် သတိဝင်လာကာ ဆက်သွယ်ရေးအဆောင်ကို ကိုင်ပြီး အော်ဟစ်လိုက်သည် - “သတိပေးချက် သတိပေးချက်”
ဝူး... ဝူး... ဝူး
ညဉ့်ကောင်းကင်ယံတွင် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် ပုံရိပ်များမှာ တစ္ဆေများကဲ့သို့ ပေါ်ထွက်လာကာ ဝတ်ရုံနက်ဝတ် လူငယ်ရှိရာသို့ တိုးဝင်လာကြတော့သည်။
“ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါတွေက အနည်းဆုံး နတ်ဘုရားမွေးဖွားခြင်းအဆင့် အရှင်သခင်တွေပဲ”
“လန်ယာကုန်သည်အသင်းက တကယ့်ကို နဂါးတွေ ပုန်းအောင်းနေတဲ့ နေရာပဲ။ ဘဏ်ခွဲတစ်ခုမှာတောင် ဒီလောက် ပညာရှင်တွေ အများကြီး ရှိနေတာလား”
လူအုပ်ကြီး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထိုပညာရှင်များမှာ ဝတ်ရုံနက်ဝတ် လူငယ်ကို ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။