အခန်း (၁၆၆) ကောင်းကင်ကနေ သန်းချီပြီး ပြုတ်ကျလာရင် ဘယ်လောက်ကောင်းမလဲ
နောက်တစ်ရက်။
လန်ဟွမ်ကျောက်စိမ်းဆောင်၏ အဝင်ဝတွင်။
အသစ်စက်စက် ကြေညာချက်တစ်ခုက လမ်းသွားလမ်းလာများနှင့် ဖောက်သည်များစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး လူအများအပြား ရပ်ကြည့်နေကြသည်။
“လန်ယာလမ်းပြထီ ဒါက ဘာကြီးလဲ”
“ကျွန်ုပ်တို့၏ လန်ဟွမ်ကျောက်စိမ်းဆောင်ကို အစဉ်တစိုက် အားပေးကြသော ဧည့်သည်တော်များကို ကျေးဇူးဆပ်သောအားဖြင့် ယနေ့မှစတင်ကာ ဤဆိုင်၌လမ်းပြထီ ဝန်ဆောင်မှုကို စတင်လိုက်ပြီ ဖြစ်ပါသည်။
အနည်းဆုံး ဝိညာဉ်သလင်းခဲ ၁၀ ခုတည်းဖြင့် ကံစမ်းရုံဖြင့် ဝိညာဉ်ကျောက်တုံး သန်း ၈၀ အထိ ဆွတ်ခူးနိုင်မည့် အခွင့်အရေး မဟာလမ်းစဉ်ဟူသည် ခက်ခဲကြမ်းတမ်းလှပါသည်။
ကျွန်ုပ်တို့၏ ဤအကူအညီအနည်းငယ်က ကံထူးရှင်တိုင်းကို ကျင့်ကြံခြင်းလမ်းခရီးတွင် ပိုမိုခိုင်မာစွာ လျှောက်လှမ်းနိုင်စေရန် မျှော်လင့်မိပါသည်။”
“ဟား... ကြောက်စရာကြီး”
“ဝိညာဉ်သလင်းခဲ ၁၀ ခုတည်းနဲ့ ဝိညာဉ်ကျောက်တုံး သန်း ၈၀ ရမှာလား ဒါက အစစ်ပဲလား”
“လိမ်တာနေမှာပေါ့”
“တခြားသူဆိုရင်တော့ လိမ်တယ်လို့ထင်မိမှာပဲ ဒါပေမဲ့ လန်ယာကုန်သည်အသင်းက လုပ်တာဆိုတော့ ငါတော့ ယုံတယ်ဟေ့”
“သွားကြမယ်၊ အထဲဝင်ကြည့်ရအောင်။ သောက်ကျိုးနည်း သန်း ၈၀ တဲ့ ဟိုး”
“ငါသာ ဒါကို ပေါက်ခဲ့ရင်တော့ ချမ်းသာပြီဟေ့”
မသေမျိုးဂူတစ်ခုအတွင်း၌။
အမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ကျင့်စဉ်ကို တိတ်တဆိတ် လည်ပတ်နေသည်။
“ပလပ်”
ရုတ်တရက် သူမသည် သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး အသက်ရှူသံများမှာလည်း အားနည်းနေကာ ဒဏ်ရာပြင်းထန်စွာ ရထားသည်မှာ သိသာလှသည်။
“စီနီယာအစ်မ အဆင်ပြေရဲ့လား” သူမထက် အသက်ငယ်သော မိန်းကလေးတစ်ဦး အပြေးဝင်လာပြီး စိုးရိမ်တကြီးဖြင့် ဖေးမကူညီလိုက်သည်။
“အခုလောလောဆယ်တော့ မသေနိုင်သေးပါဘူး"
လီဟန်ချိုးက ပါးစပ်ထောင့်ရှိ သွေးစများကို သုတ်လိုက်ရင်း သူမ၏ မျက်ဝန်းထဲတွင် အကူအညီမဲ့နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည် “အဲဒီ မိစ္ဆာတွေရဲ့ ကျင့်စဉ်က အရမ်းယုတ်မာလွန်းတယ်။ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ ခန္ဓာကိုယ်ထဲက အဲဒီမိစ္ဆာဓာတ်တွေကို ဖယ်ထုတ်ဖို့ ခက်ခဲနေတယ်။ ဝိညာဉ်ဆေးပင်ရဲ့ အစွမ်းကို အားကိုးရမယ် ထင်တယ်”
မကြာသေးမီက သူမ၏ဂျူနီယာညီမ စုယောင်သည် တောင်ခြေတွင် လူသားများကို သတ်ဖြတ်နေသော မိစ္ဆာကျင့်ကြံသူအချို့ကို သတ်ဖြတ်ခဲ့သည်။
ထိုအကျိုးဆက်ကြောင့် မိစ္ဆာကျင့်ကြံသူတစ်စုက လာရောက်ကလဲ့စားချေရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သူတို့၏ဆရာနှင့် တပည့်များစွာ သေဆုံးခဲ့ရသည်။ ညီအစ်မနှစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ တောင်ခြေမှာ သတင်းသွားစုံစမ်းခဲ့တာ မြို့ထဲက ဝမ်ပေါင်ဆောင်မှာ ရက်အနည်းငယ်နေရင် လေလံပွဲရှိတယ်တဲ့။ အဲဒီမှာ သန့်စင်သော ဟင်းလင်းပြင်မြက်ပါမယ်လို့ ကြားတယ်။ အဲဒီဆေးပင်က ခန္ဓာကိုယ်ထဲက ပြင်ပအရှိန်အဝါတွေကို ဖယ်ထုတ်ဖို့ အကောင်းဆုံးပဲ”
စုယောင်က ဆက်ပြောသည် - “စီနီယာအစ်မ၊ အဲဒီဆေးပင်ကိုသာ ရရင် အစ်မ အသက်ချမ်းသာရာရမှာပါ”
သို့သော် လီဟန်ချိုးက စိတ်မလှုပ်ရှားဘဲ သက်ပြင်းသာ ချလိုက်သည် - “အဲဒီလောက် အစွမ်းထက်ဖို့ဆိုရင် အနည်းဆုံး သက်တမ်းနှစ်တစ်ရာရှိတဲ့ ဆေးပင်ဖြစ်မှရမယ်။ အဲဒီအဆင့်ဆေးပင်က ဝိညာဉ်ကျောက်တုံး ထောင်ချီတန်တယ် အခုချိန်မှာ ငါတို့ မတတ်နိုင်တဲ့ အရာပဲ”
စုယောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များ ပြည့်နှက်နေသည်။
“စိတ်မရှိပါနဲ့ စီနီယာအစ်မ ကျွန်မကြောင့်သာ မဟုတ်ရင် ဆရာနဲ့ စီနီယာအစ်ကိုတို့ ဒုက္ခရောက်မှာ မဟုတ်ဘူး”
လီဟန်ချိုးက စုယောင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည် - “ဆရာက ငါတို့ကို မွေးစားခဲ့တဲ့က မကောင်းမှုကို ဖယ်ရှားဖို့ သင်ပေးခဲ့တာပဲ။ ဒါက ကျင့်ကြံသူတွေရဲ့ တာဝန်ပဲလေ။ ငါသာဆိုရင်လည်း မင်းလိုပဲ ရွေးချယ်မိမှာပဲ။ မိစ္ဆာတွေကို သတ်ရင်း သေရတာ ဘာနောင်တရစရာ ရှိလို့လဲ”
စုယောင် တစ်ခုခု ပြောရန် ပြင်စဉ် သူမ၏ ဆက်သွယ်ရေးအဆောင်မှာ တုန်ခါလာသည်။
သူမ ဖွင့်ကြည့်လိုက်ရာ လန်ယာဖိုရမ်မှ အသိပေးချက်တစ်ခု ဖြစ်နေသည်။
ဝိညာဉ်သလင်းခဲ ၁၀ ခုတည်းဖြင့် သန်းချီတန်သော ဆုကြီးကို ဆွတ်ခူးလိုက်ပါ။
စုယောင်၏ ခန္ဓာကိုယ်လေး တုန်ခရင်သွားပြီး သူမအဆောင်ကို ချက်ချင်းနှိပ်ကြည့်လိုက်သည်။
ထိုအခါ သူမ၏မျက်ဝန်းများတွင် ဖော်ပြမရသော စိတ်လှုပ်ရှားမှုများ ပေါ်လာသည် - “စီနီယာအစ်မ ကြည့်ပါဦး အစ်မ လွတ်မြောက်နိုင်ပြီ အစ်မ လွတ်မြောက်နိုင်ပြီ”
လီဟန်ချိုး : “.....”
“ကြည့်ပါ၊ လန်ယာကုန်သည်အသင်းက လမ်းပြထီဆိုတာကို စတင်လိုက်ပြီ။ ဝိညာဉ်သလင်းခဲ ၁၀ ခုတည်းနဲ့ ဝိညာဉ်ကျောက်တုံး သန်း ၁၀ ကျော် ဆုကြီးကို ရနိုင်တယ်တဲ့”
လီဟန်ချိုးက မျက်မှောင်ကြုတ်လိုက်သည် - “ဒါက အမှန်ပဲလား၊ အတုပဲလား ထားဦး၊ အကယ်၍ အစစ်အမှန်ဆိုရင်တောင် ငါတို့ဆီကို ကံက အလွယ်တကူ ရောက်လာပါ့မလား။
နက္ခတ်ပေါင်း ၁၀၈ ခုထဲက ၇ ခုကို ရွေးရမှာဆိုတော့ ဖြစ်နိုင်ခြေက သန်းပေါင်းများစွာ ရှိတယ်။ ဒါက သမုဒ္ဒရာထဲ အပ်ရှာသလိုပဲ ခက်ခဲလိမ့်မယ်”
စုယောင်က နှုတ်ခမ်းကို ကိုက်လိုက်သည် - “တစ်ခါမပေါက်ရင် နောက်ထပ်အကြိမ်ပေါင်းများစွာ ထပ်ဝယ်မယ်။ အခွင့်အရေး အနည်းငယ်လေး ရှိနေသရွေ့ ကျွန်မ လက်မလျှော့ဘူး”
စုယောင်သည် သူမ၏ဓားပျံကို စီးကာ မိုးကုပ်စက်ဝိုင်းဆီသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ ပျံသန်းထွက်ခွာသွားတော့သည်။
အခြားတစ်နေရာ၊ အရိပ်ရသောလမ်းတစ်ခုပေါ်တွင်။
လူငယ်စုံတွဲတစ်တွဲ အငြင်းပွားနေကြသည်။
"ဆုရှူးဟန် ငါ့နောက်ကို လိုက်နှောင့်ယှက်နေတာ ရပ်လို့မရဘူးလား”
“ငါ အဖြေတစ်ခုပဲ သိချင်တာ” ဆုရှူးဟန်က ရှေ့က အမျိုးသမီးကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။
“ဘာအဖြေတွေ ထပ်လိုချင်သေးတာလဲ ငါတို့ လမ်းခွဲပြီလို့ ပြောပြီးပြီပဲ” လျူရုယန်က မောက်မာစွာ ပြောလိုက်သည်။
ဆုရှူးဟန်က မေးလိုက်သည် - “လုံအောက်ထျန်းကြောင့်လား”
လျူရုယန်က ခေါင်းညိတ်လိုက်သည် - “သူက ငါ့အပေါ် ကောင်းတယ်လေ။ သူက ငါ့ကို အကောင်းဆုံးဓားပျံတွေ ဝယ်ပေးတယ် ဒီနေ့တောင် ရင်ဘတ်ကာမှော်ရတနာတစ်ခု ပေးသေးတယ်။ နင့်လို မဟုတ်ဘူး နင်က နင့်ကျင့်ကြံမှုအတွက် ဆေးတောင့်တောင် ဝယ်မသောက်နိုင်ဘူး”
လျူရုယန်က ခါးလေးကို လှုပ်ခါရင်း ထွက်ခွာသွားတော့သည်။
သူမ၏ကျောပြင်ကို ကြည့်ရင်း ဆုရှူးဟန်၏ မျက်ဝန်းတွင် ချစ်ခြင်းမေတ္တာများ မရှိတော့ဘဲ အေးစက်မှုနှင့် မိမိကိုယ်ကို လှောင်ပြောင်မှုများသာ ကျန်ရစ်ခဲ့သည်။
ထိုစဉ် သူ၏ခါးရှိ တစ်ခုတည်းသော တန်ဖိုးရှိသည့် ထျန်းဝမ်ဆက်သွယ်ရေးအဆောင်က တုန်ခါလာသည်။
သူ ဖွင့်ကြည့်လိုက်ရာ လမ်းပြထီကြော်ငြာကို မြင်ပြီး မှိုင်တွေသွားတော့သည်။
အခြားမြို့ငယ်လေးတစ်မြို့ရှိ ပျက်စီးနေသော ဘုရားကျောင်းဟောင်းတစ်ခုအတွင်း၌။
ကြီးမားသော သံပေတံကို လွယ်ထားသည့် လူငယ်တစ်ဦးသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် တောက်ပသော မီးလျှံများ ဖျတ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။
လင်းယန်က သက်ပြင်းချလိုက်သည် - “ဆရာ ဒီ နေမင်းဧကရာဇ်ကျမ်းက အရမ်းဈေးကြီးတာပဲ။ ကျွန်တော် ဆေးဖော်ပြီး စုထားတဲ့ ပိုက်ဆံတွေက အဆင့်တက်ဖို့အတွက် ဆေးဝယ်တာတောင် မလောက်ဘူး”
တန်ရွှမ်းက အေးအေးဆေးဆေးပင် ပြောလိုက်သည် - “ဒါက ဧကရာဇ်ကျမ်းစာပဲလေ၊ တတ်မြောက်ဖို့ မလွယ်တာ သဘာဝပါပဲ။ လန်ယာသခင်လေး ပြောသလိုပေါ့ ကောင်းကင်ဘုံက မင်းကိုတာဝန်ကြီးတစ်ခု ပေးတော့မယ်ဆိုရင် အရင်ဆုံး မင်းကိုဆင်းရဲဒုက္ခတွေ ပေးဦးမှာပေါ့”
လင်းယန်က ကောက်ရိုးပုံပေါ် လှဲချလိုက်ရင်း - “အို ဘုရားသခင် တစ်ယောက်ယောက်က ကျွန်တော်ကို ဝိညာဉ်ကျောက်တုံးတစ်သန်းလောက် ပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ မဟုတ်ဘူး တစ်ဆယ်သန်းပေါ့”
တန်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည် -“အိပ်မက်ယောင်နေတာလား”
ထိုစဉ် လင်းယန်၏ ဆက်သွယ်ရေးအဆောင် မြည်လာသည်။ သူမ ဖွင့်ကြည့်လိုက်ရာ - “ဟား... ဆရာ ကြည့်ပါဦး ဒီထီက တကယ်ပဲ သန်း ၁၀ ကျော် ပေးနေတာလား မဟုတ်ဘူး၊ သန်း ၈၀ တောင်”
လင်းယန်သည် သူ၏ အဝတ်အစားများထဲတွင် ရှာဖွေလိုက်ရာ နောက်ဆုံး၌ ဝိညာဉ်သလင်းခဲ ၁၀ ခုကို ဆွဲထုတ်လိုက်နိုင်သည်။
“တစ်ပြားမှ မပိုဘူး တစ်ပြားမှ မလိုဘူး ထီတစ်စောင် ကံစမ်းဖို့ကွက်တိပဲ”
လမ်းပြထီသတင်းမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
တစ်ညအတွင်းမှာပင် မြောက်ပိုင်းဒေသရှိ လန်ဟွမ်ကျောက်စိမ်းဆောင် ဘဏ်ခွဲတိုင်းမှာ လူများဖြင့် ပြည့်နှက်သွားတော့သည်။
ဝိညာဉ်ကျောက်တုံး သန်း ၈၀ ဟူသော ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားလှသည်။
ဝိညာဉ်သလင်းခဲ ၁၀ ခုမှာ အောက်ခြေကျင့်ကြံသူများပင် တတ်နိုင်သည့် ပမာဏဖြစ်၍ လူတိုင်းက ကံစမ်းချင်နေကြသည်။
ထီ၏စည်းကမ်းမှာ နက္ခတ်ဗေဒင်နှင့် ဆိုင်သဖြင့် နားလည်ရမခက်ပေ။ နက္ခတ် ၁၀၈ ခုအနက်မှ ၇ ခုကို ရွေးရခြင်း ဖြစ်သည်။
အနည်းဆုံး တစ်ခုမှန်လျှင် ဝိညာဉ်သလင်းခဲ ၆၀ ပြန်ရမည်ဖြစ်ပြီး၊ ၇ ခုလုံး မှန်ကန်ပါက ဝိညာဉ်ကျောက်တုံး ၈၈,၈၈၀,၀၀၀ ဆုကြီးကို ရရှိမည်ဖြစ်သည်။
ဖြစ်နိုင်ခြေပေါင်း သန်း ၁၀၀ ကျော် ရှိသော်လည်း လူတိုင်းက မျှော်လင့်ချက်အပြည့်ဖြင့် ထီဝယ်နေကြသည်။
“တစ်ယောက်ယောက်က ဒီဆုကြီးကို ရတော့မယ်ဆိုရင် ဘာလို့ အဲဒီလူက ငါမဖြစ်နိုင်ရမှာလဲ"