အခန်း (၁၆၄) - အားလုံးအမြတ်ထွက်ကြတယ်
တင်းတင်းကို လွှတ်လိုက်ပြီးနောက် ဝမ်မုသည် သူ၏ ညာဘက်ဘေးရှိ စာရွက်စာတမ်းအပုံလိုက်ကို ကောက်ကိုင်လိုက်သည်။
ထိုစာရွက်များပေါ်တွင် သိပ်သည်းလှသော လက်ရေးများနှင့် ပုံစံကားချပ်အမျိုးမျိုး ရှိနေပြီး ၎င်းတို့အားလုံးမှာ ဝမ်မုကိုယ်တိုင် ရေးဆွဲထားသည့် အနာဂတ်စီမံကိန်းများ ဖြစ်သည်။
ဆက်သွယ်ရေးအဆောင်များကို ထုတ်လုပ်ခြင်းမှာ သုံးစွဲသူများ ရရှိမည့် လမ်းကြောင်းကို တိုးချဲ့ရန်ဖြစ်သည်။ (မှတ်ချက်- အဆောင်ငွေပေးချေမှုကို အွန်လိုင်းငွေပေးချေမှုလို့ပြောင်းသုံးပါမည်)
ဖိုရမ်များ၊ ရှန်းလျောင် နှင့် ဝတ္ထုများမှာမူ သုံးစွဲသူများကို ဆွဲဆောင်ထားရန်နှင့် ဆက်သွယ်ရေးအဆောာင်၏ အသုံးဝင်မှုကို မြှင့်တင်ကာ ဈေးကွက်ကိုဝါးမြိုရန် ရည်ရွယ်သည်။
ဘဏ်ကို တည်ထောင်ခြင်းမှာ ပထမအချက်အနေဖြင့် အရင်းအနှီးစုဆောင်းရန်ဖြစ်ပြီး ဒုတိယအချက်မှာ အွန်လိုင်းငွေပေးချေမှု အတွက် လမ်းခင်းရန် ဖြစ်သည်။
ဤအရာအားလုံးမှာ လန်ယာမောလ်ကို နောက်ဆုံးတွင် စတင်မိတ်ဆက်နိုင်ရန် ပြင်ဆင်မှုများသာ ဖြစ်သည်။
ဤကဲ့သို့သော သယ်ဆောင်ရလွယ်ကူသည့် စျေးဝယ်စင်တာမျိုး ပေါ်ပေါက်လာပါက ရိုးရာစီးပွားရေးပုံစံများကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ၎င်းသည် မတွေးဝံ့စရာကောင်းသော ငွေကြေးစီးဆင်းမှုများကို အစဉ်တစိုက် ဖန်တီးပေးနိုင်သည်။
ဤရန်ပုံငွေများ၏ပံ့ပိုးမှုဖြင့် နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်၏ တိုးချဲ့နှုန်းမှာ မူလထက် အဆပေါင်းများစွာ မြန်ဆန်လာမည်ဖြစ်ပြီး လူအများအပြားကို တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံကာ ပိုမိုမြင့်မားသော အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်သည်။
သို့သော် ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော အရာကို လုပ်ဆောင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိနေသည်။
အဓိကအချက်မှာ အခြားဂိုဏ်းများနှင့် ကုန်သည်အသင်းများအတွက် ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် အဟန့်အတားများ မရှိခြင်းပင်။
စျေးဝယ်ခြင်း သို့မဟုတ် ငွေပေးချေခြင်းတို့မှာ ကျင့်ကြံသူများ၏ နည်းလမ်းများအရ ဆန်းသစ်သည်ဟု ဆိုနိုင်သော်လည်း ခက်ခဲသော အရာများ မဟုတ်ပေ။ ဝမ်မု နှင့် သူတို့ကြားရှိ ကွာဟချက်မှာအမြင်နှင့် သိရှိနားလည်မှုသာ ဖြစ်သည်။
ဝမ်မုက လန်ယာမောလ်ကို ထုတ်လိုက်သည်နှင့် ပြိုင်ဘက်များက သေသေချာချာ လေ့လာမည်ဆိုပါက အချိန်တိုအတွင်း ပုံစံတူတစ်ခုကို ဖန်တီးကာ ယှဉ်ပြိုင်လာနိုင်သည်။
ထို့ကြောင့် ဝမ်မုက ပြိုင်ဘက်များထက် နှစ်လှမ်း၊သုံးလှမ်းခန့် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။
ရည်မှန်းချက်မှာ လန်ယာမောလ် ပေါ်ထွက်လာသည်နှင့် ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ရန် ပြိုင်ဘက်များ မရိပ်မိခင်နှင့် မလိုက်နိုင်ခင် ဈေးကွက်ဝေစုအားလုံးကို ဝါးမြိုရန်နှင့် သုံးစွဲသူများ၏ သုံးစွဲမှုအလေ့အထကို မိမိနှင့် ချည်နှောင်ထားရန် ဖြစ်သည်။
ဒါကို အောင်ပွဲဟုခေါ်နိုင်မလား.မဟုတ်သေးပါဘူး။
နောက်ဆုံးတွင် ၎င်းသည် အခြေခံကျဆုံးသော တိုက်ပွဲပုံစံဖြစ်သည့် ငွေအင်အားသုံး တိုက်ခိုက်ခြင်းသို့ ပြန်ရောက်သွားလိမ့်မည်။
ဝမ်မုက အစပိုင်းတွင် ဈေးကွက်ကို စိုးမိုးထားနိုင်သော်လည်း ကုန်သည်ကြီးသုံးဖွဲ့မှာ ငွေအင်အားကို အသုံးပြု၍ ဈေးနှုန်းများကို အပြင်းအထန် လျှော့ချကာ သုံးစွဲသူများကို လုယူရန် ကြိုးစားလာမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်မုသည် ကုန်သည်ကြီးသုံးဖွဲ့နှင့် ငွေပြိုင်သုံးရမည့် အခြေအနေကို ရှောင်လွှဲနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ အားနည်းချက်ကို သူသိသောကြောင့် ဖြစ်သည်။
ဖောင်ဒေးရှင်းတစ်ခုတည်းနှင့် သုံးခုပေါင်းထားသည့် အင်အားကို ယှဉ်ရန်မှာ လက်တွေ့မကျပေ။
သို့သော် ဤတိုက်ပွဲ အဆုံးသတ်တွင် ငွေအင်အားသုံးရမည်မှာ ရှောင်လွှဲမရနိုင်သဖြင့် သူသည် လက်ရှိတွင် အခြေခံအုတ်မြစ်များကို စုဆောင်းကာ ရန်ပုံငွေများကို သိုလှောင်နေခြင်းဖြစ်သည်။
ထိုစစ်ပွဲကို နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်မည့် ယုံကြည်မှု မရှိမချင်း လန်ယာမောလ်ကို ထုတ်ဦးမည် မဟုတ်ပါ။
ဘဏ်၏ကာလရှည်အပ်နှံမှုများမှာ အခြေခံအုတ်မြစ်စုဆောင်းသည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း တစ်ခုတည်းသော နည်းလမ်း မဟုတ်ပေ။ အဓိက အစီအစဉ်မှာ အဆောင်ငွေပေးချေမှုတွင် ရှိသည်။
“အဆောင်ငွေပေးချေမှုသာ ရှိရင် အရင်က လုပ်ဖို့ အဆင်မပြေတာတွေကို စတင်နိုင်ပြီဖြစ်သည်”
ဝမ်ရှုသည် ကလောင်ကို ကိုင်ကာ စာရွက်ပေါ်ရှိ လွတ်နေသော နေရာတွင် အကြောင်းအရာအချို့ကို ရေးချလိုက်သည် - အခမဲ့စာဖတ်ခြင်း၊ အခမဲ့ဗီဒီယို၊ ဂိမ်းများ၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း တစ်ချိန်တည်းမှာပင် လီရှောင်မြို့တော်၌ မူရွှမ်းသည် တင်းတင်းထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်သည်။
“ထီ....ပိုက်ဆံတွေ ထပ်ပေးဦးမှာလား”
အစပိုင်းတွင် သူမ အံ့အားသင့်သွားသော်လည်း ဆက်လက်ဖတ်ရှုရင်း သူမ၏ မျက်ဝန်းများတွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်ပေါက်လာသည်။
“ဒီလိုမျိုးလည်း လုပ်လို့ရတာလား”
“သခင်လေးက တကယ့်ကို ပါရမီရှင်ပဲ”
“ဒါပေမဲ့ ဒီထီလုပ်ငန်းကို မြှင့်တင်ဖို့ဆိုရင် လန်ဟွမ်ကျောက်စိမ်းဆောင်ဘဏ်ခွဲတွေ ပိုများလေ ကောင်းလေပဲ။ ဒါမှ လူတွေ ပိုပြီး ပါဝင်နိုင်မှာ”
မူရွှမ်းသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အလုပ်ထဲသို့ ပြန်လည်နှစ်မြုပ်လိုက်သည်။
လန်ဟွမ်ကျောက်စိမ်းဆောင် ဘဏ်ခွဲများကို အလွန်လျင်မြန်စွာ တည်ထောင်ခဲ့ကြသည်။
ရက်အနည်းငယ်အတွင်း လီရှောင်း၊ ယိုးယွဲ့ နှင့် ထိုက်ဟောင်ဟူသော အကြီးဆုံးမြို့တော်ကြီး သုံးခုလုံးတွင် ဘဏ်ခွဲပေါင်း ၂၀ ကျော်စီ ရှိနေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အလတ်စားနှင့် အသေးစား မြို့များတွင်လည်း အနည်းဆုံး လေးငါးခုစီ ရှိနေအောင် လုပ်ဆောင်ခဲ့သည်။
ကုန်သည်ကြီးသုံးဖွဲ့မှ လူများ ခန့်မှန်းထားသကဲ့သို့ပင် လန်ဟွမ်ကျောက်စိမ်းဆောင် ဘဏ်ခွဲတစ်ခု ဖွင့်လိုက်တိုင်း ထိုဒေသရှိ ချမ်းသာကြွယ်ဝမှုများမှာ ရေစီးသကဲ့သို့ အဆက်မပြတ် စီးဝင်လာတော့သည်။
ကျင့်ကြံသူအားလုံးက လန်ဟွမ်ကျောက်စိမ်းဆောင်ကို ပိုင်ဆိုင်မှုများ အပ်နှံရန် အကောင်းဆုံး ရွေးချယ်မှုအဖြစ် သတ်မှတ်လာကြသည်။
အောက်ခြေကျင့်ကြံသူများ၏ အပ်နှံမှုများအပြင် မသေမျိုးဂိုဏ်းများ၊ မိသားစုကြီးများ၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဘဏ်ခွဲတိုင်းမှာ အလွန်ပင် အလုပ်များနေကြသည်။
အထူးသဖြင့် လီရှောင်းမြို့ရှိ လုံထိန်ဘဏ်ခွဲမှာ ပထမဆုံး ဘဏ်ဖြစ်သဖြင့် ရုံးချုပ်ကဲ့သို့ သတ်မှတ်ခြင်း ခံရသည်။
“ဂေဟာမှူးမူ ဒီအဘိုးကြီး ထပ်ရောက်လာပြန်ပြီ” လေထုထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ဆံပင်ဖြူဖြူနှင့် နုပျိုသော မျက်နှာရှိသည့် အဖိုးအိုတစ်ဦး ပြုံးရွှင်စွာ ထွက်လာသည်။
“ဘီယိုးမသေမျိုးနန်းတော်က အကြီးအကဲကြီးပါလား။ ကြွပါရှင်။ ဒီနေ့လည်း ပိုက်ဆံထပ်အပ်မလို့လား” မူရွှမ်းက ပြုံးလျက် ကြိုဆိုပြီး လက်ဖက်ရည် တည်ခိုင်းလိုက်သည်။
“ဟုတ်တယ် ပြီးခဲ့တဲ့ အခေါက်က ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ ပဲ အပ်ခဲ့တာ။ ပြန်ရောက်တော့ စဉ်းစားကြည့်မှ နည်းနေသလိုပဲ။ ဂိုဏ်းရဲ့ ဂိုဒေါင်ထဲမှာ အလကား ဖုန်တက်နေမယ့်အစား မင်းတို့ဆီ အကုန်သယ်လာတာက ပိုကောင်းပါတယ်”
“အကြီးအကဲကြီးက တကယ့်ကို အမြော်အမြင်ရှိတာပဲ.ကာလသတ်မှတ်ချက်နဲ့ပဲ အပ်ဦးမှာလား”
“ဒါပေါ့” အဘိုးကြီးက ပြောလိုက်သည်။
“ဒါဆို အနှစ်တစ်ရာပဲလား” မူရွှမ်းက စမ်းတဝါးဝါး မေးလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး ဒီတစ်ခါတော့ အနှစ်ငါးရာအတွက်အပ်ဖို့ စီစဉ်ထားတယ် ဂေဟာမှူးမူ ဘယ်လိုထင်လဲ” အဘိုးကြီး၏ မျက်လုံးများမှာ တောက်ပနေသည်။
မူရွှမ်းက ရယ်ရခက် ငိုရခက် အမူအရာဖြင့် - “အကြီးအကဲကြီးက ကျွန်မတို့ဆီကနေ အမြတ်အကြီးအကျယ် ထုတ်ဖို့ ကြံနေတာပဲ”
အဘိုးကြီးက အားရပါးရ ရယ်မောလိုက်ပြီး - “လန်ယာကုန်သည်အသင်းရဲ့ ချမ်းသာကြွယ်ဝမှုက နိုင်ငံတစ်ခုစာလောက် ရှိတာပဲ၊ ဒီအဘိုးကြီးရဲ့ အမြတ်လေးက ဘာပြောစရာ ရှိလို့လဲ”
မူရွှမ်းက သက်ပြင်းချဟန်ဆောင်ကာ - “ကျွန်မ သဘောအရဆိုရင်တော့ သဘောမတူချင်ဘူး၊ ဒါပေမဲ့ သခင်လေးက လူသားအားလုံးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ မှာထားတော့လည်း မတတ်နိုင်ဘူးလေ”
အဘိုးကြီးမှာ ပို၍ပင်ပျော်ရွှင်သွားပြီး - “လန်ယာသခင်လေးရဲ့ ရက်ရောမှုကတော့ နာမည်ကြီးပဲ။ အသက် ၂၀ ပဲ ရှိသေးပေမဲ့ ဒီလောက် စိတ်သဘောထားကြီးတာက တကယ့်ကို လေးစားစရာပဲ”
နောက်ဆုံးတွင် အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော စာချုပ်ကို ယူဆောင်လာခဲ့သည်။
“အနှစ်ငါးရာအတွက် ဝိညာဉ်ကျောက်တုံး သန်း ၅၀၀။ ပြီးတော့ ရှင်က VIP ဖြစ်တဲ့အတွက် အတိုးနှုန်းကို နောက်ထပ် ၀.၅ ရာခိုင်နှုန်း တိုးပေးထားလို့ စုစုပေါင်း ၄ ရာခိုင်နှုန်း ရပါမယ်။ ဆိုလိုတာက တစ်နှစ်ကို အတိုးတင်သန်း ၂၀ ရမှာပါ”
မူရွှမ်းက တွက်ချက်ပြပြီး စာချုပ်ကို ကမ်းပေးလိုက်သည်။ အဘိုးကြီးက မဆိုင်းမတွပင် သွေးတစ်စက်ဖြင့် လက်မှတ်ထိုးလိုက်သည်။
ထို့နောက် လက်ဖက်ရည်ပင် ကုန်အောင် မသောက်တော့ဘဲ - “တစ်နှစ်ကို သန်း ၂၀ အလကားရမှာ ဒါက အမြတ်ကြီးပဲ” ဟု ရေရွတ်ရင်း ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။
သူ၏ကျောပြင်ကိုကြည့်ရင်းမူရွှမ်း၏မျက်နှာတွင်လည်းအပြုံးတစ်ခုပေါ်လာသည် - “နောက်ထပ်သန်း၅၀၀ရပြီ။အမြတ်ပဲ”