အခန်း (၁၆၂) - ဝမ်မုရဲ့ အကြံအစည်လား
တစ်ဖက်လူက ရုတ်တရက် တိုက်ခိုက်လာသည်ကို မြင်သောအခါ ဆိုင်ရှင်ကျိုးသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း သွားကိုတင်းတင်းကြိတ်ကာ - “မင်း ရူးနေတာလား ဒါ ဘယ်လိုနေရာလဲဆိုတာ သိရဲ့လား ငါ့နေရာမှာ လာရမ်းကားရဲတယ်ပေါ့ လူတွေ... လူတွေ လာကြဦးဟေ့”
သူက အော်ဟစ်အကူအညီတောင်းလိုက်ရာ အနောက်ဘက်မှ အစွမ်းအသင့်အတင့်ရှိသော ကျင့်ကြံသူအချို့ ထွက်ပေါ်လာသည်။
သို့သော် သူတို့ တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် မြေပြင်မှာ တုန်ခါလာတော့သည်။
“ဒါ ဘာအသံလဲ”
“မျက်လှည့်တစ်ခုခုလား”
ကျင့်ကြံသူများမှာတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ရင်ထဲတွင် မကောင်းသော နိမိတ်ကို ခံစားနေရသည်။
ကျင့်ကြံသူတစ်ဦးမှာ မျက်လုံးများ ပြူးသွားပြီး အပြင်ဘက်သို့ လက်ညှိုးထိုးကာ တုန်တုန်ယင်ယင်ဖြင့် - “ငါ... ဟား... သွားပြီ”
အားလုံး လှမ်းကြည့်လိုက်ကြသည်။ လမ်းမကြီးပေါ်တွင် လူအုပ်ကြီးမှာ ရေလျှံလာသကဲ့သို့ အရပ်မျက်နှာအသီးသီးမှ တိုးဝှေ့လာနေပြီး ဤငွေလဲဂေဟာဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေကြသည်။
“ဆိုင်ရှင်ဘယ်မှာလဲ ငါ့ပိုက်ဆံတွေ ပြန်ထုတ်မယ် အခုချက်ချင်း အကုန်ပေး”
“ငါလည်း ထုတ်မယ်။ ဝိညာဉ်ကျောက်တုံး သုံးသောင် သိုလှောင်ထားတာ အမြန်ပေး မြန်မြန်လုပ်”
“လူတွေ ဘယ်ရောက်ကုန်လဲ သေကုန်ပြီလား”
“ညီအစ်ကိုတို့... ဆိုင်ရှင်က ဒီမှာ ဒီအဖိုးကြီးက ငါတို့ကို ပိုက်ဆံထုတ်မပေးဘူးလို့ ပြောနေတယ်”
“ဘာ”
“သတ်ပစ်”
“တောက် ဒီနေ့ ပိုက်ဆံမရရင် မင်းတို့ဂေဟာကို ငါအမှုန့်ဖြစ်အောင် ဖျက်ပစ်မယ်”
ခဏချင်းမှာပင် လူအုပ်ကြီးမှာ တောရိုင်းတိရစ္ဆာန်များကဲ့သို့ မျက်လုံးများ နီမြန်းလာပြီး ဆိုင်ရှင်ကို စိုက်ကြည့်နေကြသည်။
ဆိုင်ရှင်ကျိုးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး - “အားလုံးပဲ လူတွေက အရမ်းများနေတော့ ခဏလေးအတွင်း အကုန်ထုတ်ပေးဖို့ဆိုတာ တကယ် မဖြစ်နိုင်လို့ပါ”
“တောက်... သတ်ပစ်ကြ”
“ထုတ်မပေးနိုင်ဘူး ဟုတ်လား ထုတ်မပေးနိုင်ရင် ငါ့ဆီက ဝန်ဆောင်ခတွေကျ ဘာလို့ အများကြီး ယူထားတာလဲ”
“ငါ ဂရုမစိုက်ဘူး ဒီနေ့ ပိုက်ဆံပေးမလား၊ မင်းအသက် ပေးမလား”
ဆိုင်ရှင်ကျိုးမှာ လူအုပ်ကြီးကြားထဲတွင် နစ်မြုပ်သွားပြီး အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
စားသောက်ဆိုင်၏အပေါ်ဆုံးထပ်တွင်...
စုမော့သည် သူ၏လက်အောက်ငယ်သားဆီမှ အစီရင်ခံစာကို လက်ခံရရှိသောအခါ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြားသော ငွေလဲဂေဟာ အကြီးစားအချို့မှာလည်း အလားတူ အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
“ကျွန်တော်တို့နေရာကို လူတွေဝိုင်းထားပြီ အားလုံးက ပိုက်ဆံတွေ အကုန်ထုတ်ပြီး လန်ဟွမ်ကျောက်စိမ်းဆောင်မှာ သွားအပ်ချင်နေကြတာ”
“တောက် အဲဒီလောက် ပိုက်ဆံအများကြီးကို တစ်ပြိုင်နက်တည်း ဘယ်က သွားရှာရမလဲ”
ငွေလဲဂေဟာများတွင် ဘဏ်ခွဲများစွာ ရှိသော်လည်း ဘဏ်ခွဲတစ်ခုတည်းမှနေ၍ အပ်နှံသူအားလုံး၏ငွေများကို တစ်ပြိုင်နက် ထုတ်ပေးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ဒေါသထွက်နေသော ကျင့်ကြံသူများက ထိုအချက်ကိုနားမထောင်ကြပေ။ သူတို့ သိသည်မှာ လန်ဟွမ်ကျောက်စိမ်းဆောင်၏ ဆေးလုံးပေးသည့် အစီအစဉ်မှာ အကန့်အသတ်ရှိသဖြင့် နောက်ကျသွားပါက အခွင့်အရေး လွတ်သွားမည် ဆိုသည်ကိုပင်။
သတင်းသည် ကုန်သည်ကြီးသုံးဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်များထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ထန်ချန်းက စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး - “ဝမ်မုက တကယ်ကို ရက်စက်တာပဲ သူက ဝိုင်းကို ဖျက်ဆီးပစ်ဖို့ ကြံနေတာပဲ”
အခြားသော အကြီးအကဲများကလည်း ဝေဖန်နေကြသည် - “သူက ဝန်ဆောင်ခမယူဘဲ ဆေးလုံးတွေပါ ပေးနေတာလား သူ့ဦးနှောက် တစ်ခုခု ဖြစ်နေတာလား”
“ဒါက သူတစ်ပါးကို ဒုက္ခပေးပြီး ကိုယ်လည်း အကျိုးမရှိတဲ့ လုပ်ရပ်ပဲ”
“မဟုတ်ဘူး”
ထိုက်ရှူးထုံက ရုတ်တရက် စကားပြောလာသည်။ သူ၏ မျက်နှာမှာ အလွန်ပင် လေးနက်နေပြီး - “ဒါကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး”
သူက တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပေါ်လာကာ - “အဲဒီကောင်လေးဝမ်မုက ငွေလဲဂေဟာကနေ အမြတ်ရဖို့ ဘယ်တုန်းကမှ မတွေးခဲ့တာ ဖြစ်နိုင်တယ်။ သူ့ရည်ရွယ်ချက်က လူတွေ လာအပ်တဲ့ အရင်းအနှီးတွေပဲ”
ထန်ချန်းက မျက်တောင်ခတ်လိုက်ရင်း “ဆိုလိုတာက သူက အဲဒီပိုက်ဆံတွေကို ယူပြီး ထွက်ပြေးမလို့လား”
ထိုက်ရှူးထုံက ခေါင်းခါလိုက်သည် - “အဲဒါဆိုရင်တော့ ပိုတောင်ကောင်းသေးတယ်။ သူ အဲလိုလုပ်ရင် လန်ယာကုန်သည်အသင်းက မြောက်ပိုင်းပင်လယ်ကနေ တစ်လှမ်းတောင် ထပ်ထွက်နိုင်မှာ မဟုတ်တော့ဘူး။”
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး “သူ့ရဲ့ အဓိကပစ်မှတ်က အဲဒီလူတွေရဲ့သတ်မှတ်ကာလအပ်ငွေတွေပဲ သူက လူတွေနဲ့ စာချုပ်ချုပ်ထားပြီး စာချုပ်မပြည့်မချင်း ပိုက်ဆံထုတ်လို့မရအောင် လုပ်ထားတယ်။
အဲဒီနည်းနဲ့ သူက အဲဒီပိုက်ဆံတွေကို အရင်းအနှီးလုပ်ပြီး ပိုက်ဆံကနေ ပိုက်ဆံထပ်ပွားအောင် လုပ်လိမ့်မယ်”
“ငါတို့ ကုန်သည်ကြီးသုံးဖွဲ့က လန်ယာထက် သာတာဆိုလို့ ငွေကြေးအင်အားပဲရှိတာ။ အခု ဝမ်မုက လန်ဟွမ်ကျောက်စိမ်းဆောင်ကနေတစ်ဆင့် ငွေတွေ အမြောက်အမြား စုစည်းနိုင်သွားရင် သူ့ရဲ့ငွေကြေးအင်အားက ငါတို့သုံးဖွဲ့ပေါင်းတာကိုတောင် ယှဉ်နိုင်သွားလိမ့်မယ်”
ထိုစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ လန်ဟွမ်ကျောက်စိမ်းဆောင်၏ အရှက်မရှိသော ဤနည်းလမ်းမျိုးဖြင့်ဆိုလျှင် ပိုက်ဆံများမှာ နှင်းပွင့်များကဲ့သို့ သူ့ဆီသို့ စုပုံလာမည်မှာ မလွဲဧကန်ပင်။
ထို့ပြင် အတိုးပေးသည့်စနစ်ကြောင့် ကျင့်ကြံသူများသာမက မသေမျိုးဂိုဏ်းကြီးများပင် စိတ်ဝင်စားလာကြလိမ့်မည်။
ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာကို အပ်နှံထားရုံဖြင့် အန္တရာယ်ကင်းကင်းနှင့် အမြတ်ရနေမည်ဖြစ်ရာ ဝမ်မု စုဆောင်းမိမည့် ငွေအင်အားမှာ မှန်းဆ၍မရနိုင်သော နက္ခတ္တဗေဒ ကိန်းဂဏန်းများအထိ ဖြစ်သွားနိုင်ပေသည်။
ထိုအခါကျလျှင် ကုန်သည်ကြီးသုံးဖွဲ့မှာလည်း သူ့ရှေ့တွင် သေးငယ်သွားပေလိမ့်မည်။