အခန်း (၁၆၁) - တကယ်ကြီး ပိုက်ဆံပေးမှာလား။
သာမန် လေလွင့်ကျင့်ကြံသူများအတွက်မူ တစ်ကိုယ်စာဗိုက်ဝလျှင် မိသားစုတစ်ခုလုံး ဝသည်ဟု ဆိုရမည်ဖြစ်ရာ သူတို့အတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို အသုံးမပြုဘဲ စုဆောင်းထားရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ကိုယ်ပိုင်လုပ်ငန်းရှိသော ကျင့်ကြံသူများ၊ ကျင့်ကြံဆင့်မှာ အကန့်အသတ်သို့ ရောက်နေသူများ သို့မဟုတ် ကျင့်ကြံရေးမိသားစုများအတွက်မူ ဤကမ်းလှမ်းချက်က အလွန်ပင် ဆွဲဆောင်မှုရှိနေသည်။ ၎င်းမှာ အမြတ်သေချာသော အပိုစီးပွားရေးတစ်ခု လုပ်လိုက်ရသလိုပင်။
ဆယ်နှစ် လူသားတစ်ယောက်အတွက်မူ အနည်းငယ်ရှည်လျားနိုင်သော်လည်း ကျင့်ကြံသူတစ်ဦးအတွက်မူ ခဏတာမျှသာ ဖြစ်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးမှာ သက်တမ်း ၅၀၀ ရှိပြီး၊ နတ်စင်ဝိညာဉ်အဆင့် ကျင့်ကြံသူမှာ သက်တမ်း ၁၀၀၀ အထိ ရှိသည်။ ဆယ်နှစ်ဆိုသည်မှာ လက်ဖျစ်တစ်ချက် တီးလိုက်သလောက်ပင်။
အချို့သော အဆင့်မြင့်နယ်ပယ်များတွင် တစ်ကြိမ် တရားထိုင်လျှင်ပင် နှစ်ပေါင်း ၁၀၀ ခန့် ကြာမြင့်တတ်သည်။
စဉ်းစားကြည့်ပါဦး သင်တရားမထိုင်မီ သင်၏ဝိညာဉ်ကျောက်တုံးအားလုံးကို လန်ဟွမ်ကျောက်စိမ်းဆောင်တွင် အပ်နှံထားခဲ့လျှင် တရားထိုင်ပြီး ပြန်ထွက်လာသည့်အခါ ကျင့်ကြံဆင့် တိုးတက်လာရုံသာမက သင်၏ စုဆောင်းငွေမှာလည်း ရာခိုင်နှုန်းအတော်များများ တိုးပွားနေမည်ဖြစ်သည်။ဒါဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ ကိစ္စ မဟုတ်ပါလား။
“ဒါ ကောင်းတယ် ဒါ တကယ်ကောင်းတယ်”
စားသောက်ဆိုင်အတွင်းရှိ ကုန်သည်တစ်စုမှာ အမြတ်အစွန်းများကို တွက်ချက်ရင်း မျက်လုံးများ တောက်ပလာကြသည်။
သူတို့သည် အထက်လူကြီးများအတွက် ပိုက်ဆံရှာပေးရသူများဖြစ်ရာ အချိန်အတိုင်းအတာတစ်ခုအထိငွေများကို လက်ဝယ်ထားရှိခွင့်ရှိသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ အပ်နှံထားရန် မဖြစ်နိုင်သော်လည်း ၃ နှစ်မှ ၅ နှစ်အထိ အပ်နှံထားရန်မှာ အလွန်လွယ်ကူသည်။
သူတို့၏စာရင်းထဲတွင် အမြဲရှိနေသော ဝိညာဉ်ကျောက်တုံး ပမာဏနှင့်ဆိုလျှင် အပိုရရှိမည့် အမြတ်ငွေမှာ နည်းလှသည်မဟုတ်ပေ။
ယခုမူ သူတို့ တကယ်ပင် စိတ်လှုပ်ရှားသွားကြချေပြီ။
“နေဦး... သူတို့ ရူးသွားပြီလား”
“ဒီလောက် အတိုးနှုန်းအများကြီး ပေးရအောင် သူတို့မှာပိုက်ဆံတွေ အပိုတွေရှိနေလို့လား”
စားသောက်ဆိုင်၏အပေါ်ဆုံးထပ်တွင်မူ ဘဏ်ပိုင်ရှင်အသီးသီးတို့က အောက်ထပ်မှ ဆူညံသံများကို ကြားရသောအခါ မယုံနိုင်အောင် ဖြစ်နေကြသည်။
ဤမျှ မြင့်မားသော အတိုးနှုန်းမှာ လူအများကို ဆွဲဆောင်နိုင်မည်မှာ သေချာသော်လည်း လန်ဟွမ်ကျောက်စိမ်းဆောင် ပြန်ပေးရမည့် အတိုးပမာဏမှာလည်း ကိန်းဂဏန်းများနည်းမည်မဟုတ်ပေ။
“သူတို့က ပိုက်ဆံတွေအကုန် သိမ်းပြီး ထွက်ပြေးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်” တစ်စုံတစ်ဦးက သံသယဖြင့်ပြောလိုက်သည်။
ယဲ့ချန်းဟိုင်က ခေါင်းခါလိုက်ပြီး - “ဒီအပ်ငွေတွေက ပမာဏများပေမဲ့ လန်ယာကုန်သည်အသင်းရဲ့ ဂုဏ်သိက္ခာနဲ့ဆိုရင်တော့ ဒါမျိုးလုပ်ဖို့ မတန်ပါဘူး”
စုမော့က သူ့ကို ကြည့်ကာ - “ဂုဏ်သိက္ခာ ဟုတ်လား”
ယဲ့ချန်းဟိုင်က - “လန်ယာသခင်လေးဟာ လူတွေကို အလကား ဝိညာဉ်အမြစ် စစ်ဆေးပေးဖို့ ဝိညာဉ်ကျောက်တုံး သန်းပေါင်းရာချီ အကုန်ခံနိုင်တဲ့သူပဲ မြောက်ပိုင်းပင်လယ်ရဲ့ နံပါတ်တစ်အလှူရှင်ကြီးအဖြစ် နာမည်ကျော်နေတာ။
အပြင်ပန်းမှာ အရှုံးပေါ်နေပုံရပေမဲ့ အဲဒီ နာမည်ကောင်းကြောင့်ပဲ ကျွန်တော်တို့မြို့က ကျင့်ကြံသူတွေတောင် လန်ယာကို ယုံကြည်နေကြတာလေ။
သာမန်လူဆိုရင် ဒီလိုမျိုး လောင်းကြေးထပ်ရဲတဲ့ သတ္တိရှိမှာမဟုတ်ဘူး”
စုမော့က လှောင်ပြောင်သလိုဖြင့် - “ယဲ့အစ်ကိုက အဲဒီ လန်ယာသခင်လေးကို တော်တော် အထင်ကြီးနေပုံပဲ”
ယဲ့ချန်းဟိုင်က အေးဆေးပင် “ကျွန်တော်က အရှိကိုအရှိအတိုင်း ပြောတာပါ။ အခု အရေးကြီးတာက ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာပဲ”
သူတို့ ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အခြေအနေမှာပို၍ပင် ပူလောင်လာချေပြီ။
ဘဏ်ရှေ့တွင် ကျင့်ကြံသူအချို့က ကြေးအိုးကြီးတစ်လုံးကို လူအုပ်ရှေ့သို့ သယ်ဆောင်လာသည်။ မူရွှမ်းက လက်ဝှေ့ယမ်းလိုက်ပြီး - “အိုးကို ဖွင့်လိုက်”
နောက်တစ်ခဏတွင် ကြေးအိုးကြီးထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ရောင်စုံဆေးလုံးပေါင်း မြောက်မြားစွာမှာ ကောင်းကင်ယံတွင် ဆေးလုံးမြစ်ကြီးတစ်ခုပမာ ပျံဝဲနေတော့သည်။
ဆေးရနံ့များမှာ လူအုပ်ကြီးဆီသို့ ပျံ့လွင့်လာရာ အလွန်ပင် ခမ်းနားလှသော မြင်ကွင်း ဖြစ်သည်။
“ဟူး.ဒီဆေးလုံးတွေက တကယ့်ရတနာတွေပဲ”
“ဆေးရနံ့က အရမ်းမွှေးတာပဲ၊ ဒါ ပညာရှင်ကြီးတွေ ဖော်စပ်ထားတာ ဖြစ်ရမယ်”
မူရွှမ်းက ကြေညာလိုက်သည် - “ဒီနေ့ အပ်နှံငွေ ၁၀၀ ကို ဆယ်နှစ်သက်တမ်း အပ်နှံသူတိုင်း ဝိညာဉ်ကျောက်တုံး ၅ တုံး တန်ဖိုးရှိတဲ့ ဆေးလုံးတစ်ပုလင်း ရမယ် ဝိညာဉ်ကျောက်တုံးတစ်ထောင် အပ်ရင် ၆၀ တန်ရမယ် တစ်သောင်းအပ်ရင် ၇၀၀ တန် ရမယ်”
“ပိုအပ်လေ ပိုရလေပဲ တစ်သိန်း အပ်နှံသူတွေကိုတော့ ၈,၈၈၈ တန် ဆေးလုံးအထုပ်ကြီးအပြင် လန်ဟွမ်ရတနာကျောက်စိမ်းကိုပါ လက်ဆောင်ပေးမယ်။
ဒီကျောက်စိမ်းရှိရင် VIP အဆင့် ရရှိမှာဖြစ်ပြီး အတိုးနှုန်းကို နောက်ထပ် ၁ ရာခိုင်နှုန်း ထပ်တိုးပေးဦးမှာပါ။ ဒါက အယောက် ၅၀ ပဲ အကန့်အသတ်နဲ့ ပေးမှာပါ”
ထိုအသံအဆုံးတွင် ဗုံသံ၊ မောင်းသံများ ဆူညံသွားပြီး ဘဏ်တံခါးကြီးများ ပွင့်သွားကာ လူအုပ်ကြီးမှာ ဝိညာဉ်ကျောက်တုံးများကို ကိုင်ဆောင်၍ တိုးဝှေ့ ဝင်ရောက်သွားကြတော့သည်။
လူအုပ်ထဲမှ တစ်ယောက်က သူ့သူငယ်ချင်းကို လှမ်းမေးသည် - “ဟေး လီအစ်ကို၊ ခင်ဗျား ဘယ်ပြေးနေတာလဲ”
လီအမည်ရှိသူက အနောက်သို့ပင် လှည့်မကြည့်ဘဲ အော်ပြောလိုက်သည် - “ငါ့ပိုက်ဆံတွေက တုန်းမော့ဘဏ်မှာရှိနေတာ။ အဲဒါတွေ အကုန်သွားထုတ်ပြီး ဒီ လန်ဟွမ်ကျောက်စိမ်းဆောင်မှာ လာအပ်မလို့ဟ”
ထိုအချိန်တွင်တုန်းမော့ဘဏ်၌ ဆိုင်ရှင် ကျိုး သည် ကုလားထိုင်ပေါ်တွင် လက်ဖက်ရည် သောက်နေစဉ် လူတစ်ယောက် အပြင်းအထန် ပြေးဝင်လာသည်။
“ဆိုင်ရှင် မြန်မြန်လုပ် ကျွန်တော် ပိုက်ဆံထုတ်ချင်လို့”
ဆိုင်ရှင်ကျိုးက ပျင်းရိပျင်းတွဲဖြင့် - “နာမည် ဘယ်သူလဲ ငွေစက္ကူရော ပါလား”
“ဝမ်တယ်ဖူပါ ရော့... မြန်မြန်လုပ်ပေးပါ”
ဆိုင်ရှင်ကျိုးက - “ဘာတွေ လောနေတာလဲ စောင့်ဦး” သူက စာရင်းစာအုပ်ကို ဖြည်းဖြည်းချင်း လှန်ကြည့်ပြီး - “မင်း အပ်ထားတာ ဝိညာဉ်ကျောက်တုံးတစ်ထောင်၂၅ ရာခိုင်နှုန်း ဝန်ဆောင်ခ နှုတ်လိုက်ရင် ၇၅၀ ကျန်မယ်။ အကုန်ထုတ်မှာ သေချာလား”
“ဟုတ်တယ်၊ ဟုတ်တယ် မြန်မြန်လုပ်ပေးပါ၊ ကျွန်တော် တကယ် အရေးကြီးလို့”
ဆိုင်ရှင်က မကျေမနပ်ဖြင့် - “ငါ့ကို လာမလောနဲ့။ ထပ်လောနေရင် ဒီနေ့ ပိုက်ဆံ လုံးဝမထုတ်ပေးဘူး”
ထိုစကားကြောင့် ဝမ်တယ်ဖူမှာ ကြောင်အသွားသည်။ ဆိုင်ရှင်ကျိုးက ထိုသူမှာ သူ့ကို ကြောက်သွားပြီဟု ထင်ကာ ကျေနပ်နေစဉ် ဝမ်တယ်ဖူ၏ မျက်လုံးများမှာ ရုတ်တရက် နီရဲလာပြီး ဆိုင်ရှင်၏ လည်ပင်းကို ဆွဲကိုင်ကာ အော်ဟစ်တော့သည်။
“ငါ့ပိုက်ဆံ ပေးစမ်း ငါ့ပိုက်ဆံ အခုချက်ချင်း ပေး မပေးရင် မင်းကို ငါ ဒီနေ့ အသေကိုက်သတ်ပစ်မယ်”