အခန်း (၁၆၀) စီမံခန့်ခွဲခမယူဘူး
“ဘဏ်တွေ အားလုံးက စည်းကမ်းတွေ အတူတူပါပဲ ဘာတွေ ထူးခြားနေလို့ ပြောနေရတာလဲ” ဟု လူအုပ်ထဲမှ တစ်ယောက်က အလကားပေးမည့် ဆေးလုံးများကိုသာ လိုချင်သဖြင့် စိတ်မရှည်စွာ ရေရွတ်လိုက်သည်။
မူရွှမ်းက ခပ်မှိန်မှိန်လေး ပြုံးလိုက်ပြီး “တကယ်ကိုကွာခြားချက် ရှိပါတယ်ရှင် ပထမဆုံးအနေနဲ့ အားလုံး ကြားထားကြတဲ့အတိုင်းပါပဲ ကျွန်မတို့ လန်ဟွမ်ကျောက်စိမ်းဆောင် မှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပဲ အပ်အပ် စီမံခန့်ခွဲခတစ်ပြားတစ်ချပ်မှ ပေးစရာ မလိုပါဘူး”
“တကယ်ကြီးလား ကျောက်တုံး သန်းတစ်ရာ အပ်ရင်တောင်မပေးရဘူးလား” လူအများက ထိုသတင်းကို ကြားဖူးနားဝ ရှိသော်လည်း ကိုယ်တိုင် ကြားရသည့်တိုင် မယုံနိုင်ကြသေးပေ။
ယနေ့ခေတ်တွင် ဘဏ်တိုင်းသည် အပ်နှံသည့် ပမာဏနှင့် ကြာချိန်ပေါ်မူတည်၍ ဝန်ဆောင်ခ ယူကြသည်။
ပုံမှန်အားဖြင့် ၁၀ နှစ်အတွင်းဆိုလျှင် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ၁၀ နှစ်ကျော်လျှင် ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းအထိ ပေးရလေ့ရှိသည်။
“အတိအကျပါပဲ ကျောက်တုံးကုဋေတစ်သိန်း အပ်ရင်တောင် ဝန်ဆောင်ခ လုံးဝ မယူပါဘူး”
မူရွှမ်းက ခဏရပ်ကာ ထပ်ဖြည့်ပြောသည် - “ပြီးတော့ အဲဒါက ထာဝရ အခမဲ့ပါပဲ”
လူအုပ်ကြီးမှာ အံ့သြမှင်တက်သွားကြသည်။ ဝန်ဆောင်ခမယူသည့် ဘဏ်ဟူသည်မှာ မကြားဖူးခဲ့ပေ။
“ဒီလို ဘဏ်မျိုး တကယ်ရှိလို့လား”
“ဝန်ဆောင်ခမယူရင် သူတို့ ဘာနဲ့ အမြတ်ရှာမှာလဲ အရှုံးခံပြီးအလှူလုပ်နေတာလား”
“ဟူး... လန်ယာကုန်သည်အသင်းရဲ့ အရင်က လုပ်ရပ်တွေကို ကြည့်ရင်တော့ ဒါက ဖြစ်နိုင်ခြေ ရှိတယ်ဟ”
လူအုပ်ကြီး တီးတိုးပြောဆိုနေကြစဉ် မူရွှမ်းက နောက်ထပ် ဗုံးတစ်လုံးကို ထပ်မံ ဖောက်ခွဲလိုက်ပြန်သည်။
“ဝန်ဆောင်ခမယူရုံတင်မကပါဘူး ရှင်တို့ အပ်နှံတဲ့ ပမာဏနဲ့ ကြာချိန်ပေါ် မူတည်ပြီးတော့ ကျွန်မတို့ဘက်ကနေ အတိုးကို ဆုလာဘ်အနေနဲ့ ပြန်ပေးဦးမှာပါ”
ထိုစကားကြောင့် တစ်ခဏအတွင်း တစ်နေရာလုံး တိတ်ဆိတ်သွားတော့သည်။
လူအတော်များများက ထိုစကားကို နားမလည်နိုင်သေးခင်မှာပင် လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည် - “ဆိုလိုတာက ငါတို့ပိုက်ဆံကို ဒီမှာလာအပ်ရင် ပိုက်ဆံပေးရမယ့်အစား ငါတို့က ပြန်ရဦးမှာပေါ့ ဟုတ်လား”
မူရွှမ်းက ထိုသူကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်ကာ - “အတိအကျပါပဲ”
နောက်ထပ် လူအုပ်ကြီး၏ဆူညံသံများ ထွက်ပေါ်လာပြန်သည်။ တစ်လောကလုံးမှာ ဤမျှ ကောင်းမွန်သည့် အခွင့်အရေးမျိုး တကယ်ရှိသလား သူတို့ နားကြားမှားတာများလား။
ထိုသူကပင် ထပ်မေးသည် - “ဒါဆို ငါတို့ ဘယ်လောက် ပြန်ရမှာလဲ”
မူရွှမ်းက - “များများအပ်ရင် များများရပါမယ်။ အခုလောလောဆယ်မှာ အပ်ငွေ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ စာရင်းရှင်အပ်ငွေနဲ့ အသေခံအပ်ငွေပါ။
စာရင်းရှင်ဆိုတာကတော့ ဝိညာဉ်ကျောက်တုံးတွေကို ကြိုက်တဲ့အချိန် ပြန်ထုတ်လို့ ရပါတယ်။ အတိုးနှုန်းကတော့ နည်းနည်း သက်သာပြီး တစ်နှစ်ကို သုညဒသမသုံးရာခိုင်နှုန်းလောက် ရှိပါမယ်”
“သုညဒသမ သုံး ရာခိုင်နှုန်း...”
မေးတဲ့သူက တွက်ချက်ကြည့်သည် - “ဒါဆို ကျောက်တုံး ၁၀၀ အပ်ရင် တစ်လကို ဝိညာဉ်သလင်းကျောက်နှစ်တုံးလောက် ရမှာပေါ့”
“နည်းလှချည်လား”
“နည်းပေမဲ့ အလကားရတာလေဗျာ အပ်ထားတဲ့ ပမာဏများရင် ပိုရမယ်လေ။ ကျောက်တုံး တစ်သောင်းအပ်ထားရင် တစ်လကို ဝိညာဥ်ကျောက်တုံးနှစ်တုံး အလကားရမယ်၊ တစ်နှစ်ဆို ၂၀ ကျော်ပေါ့။ ဒါက ဝင်ငွေပဲလေ”
လူအုပ်ကြီးမှာ မိမိတို့၏ စုဆောင်းငွေများကို စတင် တွက်ချက်နေကြတော့သည်။
လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်မှ ပြတင်းပေါက်တွင်လည်း လူတစ်စုက စောင့်ကြည့်နေကြသည်။
သူတို့မှာ လီရှောင်းမြို့ရှိ အလတ်စားနှင့် အငယ်စား ကုန်သည်အသင်းများမှ မန်နေဂျာများနှင့် ဘဏ္ဍာစိုးများ ဖြစ်ကြသည်။
သူတို့လက်ထဲတွင် ကျောက်တုံး သိန်းနှင့်ချီ၍ စီးဆင်းနေလေ့ရှိရာ လန်ဟွမ်ကျောက်စိမ်းဆောင်ကပေးသည့် အတိုးနှုန်းမှာ သူတို့အတွက် အလွန် ဆွဲဆောင်မှု ရှိနေသည်။
“ဒီအတိုင်းဆို ဝိညာဥ်ကျောက်တုံး တစ်သန်း အပ်ထားရင် နောက်လကျရင် အပိုကျောက်တုံး နှစ်ရာ ရမှာပေါ့... အားပါးပါး...”
သူတို့သည် ဝန်ထမ်းများသာ ဖြစ်ကြပြီး အမြတ်အစွန်းများမှာ အထက်လူကြီးများထံ ရောက်သွားခြင်း ဖြစ်သည်။
အကယ်၍ ဤဘဏ်မှာ စိတ်ချရလျှင် အသင်း၏ပိုက်ဆံများကို ဤမှာ ခဏအပ်ထားပြီး အပိုရသည့် ကျောက်တုံးများကို ကိုယ်ပိုင်ဝင်ငွေအဖြစ် ယူရန် အကြံထုတ်နေကြတော့သည်။
စားသောက်ဆိုင်၏အပေါ်ဆုံးထပ်ရှိ သီးသန့်ခန်းတွင်မူ နောက်ထပ် လူတစ်စု ရှရှိသည်။
ကုန်သည်ကြီးသုံးဖွဲ့၏ ကျောထောက်နောက်ခံဖြင့် ဖွင့်လှစ်ထားသော ဘဏ်ကြီးများ၏ ပိုင်ရှင်များ ဖြစ်ကြသည်။
သူတို့အားလုံးသည် စီနီယာလီကို ငြင်းပယ်ခဲ့သူများ ဖြစ်ကြသည်။
“ချင်းယဲ့ဘဏ်” ပိုင်ရှင် ယဲ့ချန်းဟိုင်က အောက်က မြင်ကွင်းကိုကြည့်ရင်း - “ငါမှတ်မိသလောက်တော့ မူမိသားစုကို အသင်းက ထုတ်လိုက်ပြီးတဲ့နောက် သူတို့နေရာကို အစားထိုးဝင်လာတာက မင်းရဲ့တုန်းမော့ဘဏ်ပဲ မဟုတ်လား စုမော့”
စုမော့က တိတ်ဆိတ်နေသည်။
ယဲ့ချန်းဟိုင်က ပြုံးလိုက်ပြီး - “အကယ်၍ လန်ယာကုန်သည်အသင်းရဲ့ အကူအညီနဲ့ မူမိသားစုသာ ပြန်ဦးမော့လာရင် အရင်ဆုံး အရှင်းခံရမှာက မင်းရဲ့ဘဏ်ပဲနော်”
စုမော့၏အမူအရာက မပြောင်းလဲဘဲ - “စီနီယာယဲ့က နောက်နေတာပဲ။ ငါတို့က ကုန်သည်ကြီးသုံးဖွဲ့အတွက် အလုပ်လုပ်နေတာ။
လီရှောင်းမြို့မှာ သူတို့ကလွဲရင် ဘယ်သူက ငါတို့ကို ရှင်းနိုင်မှာလဲ လန်ယာကုန်သည်အသင်းတောင် အရည်အချင်းမရှိပါဘူး”
သူက ဆက်လက် လှောင်ပြောင်လိုက်သည်။ “သူတို့က သာမန်လူတွေကို ဆွဲဆောင်ဖို့ နည်းလမ်းလေးတွေ သုံးနေတာပဲ။ ဘဏ်လုပ်ငန်းရှင်တွေပီပီ ဒါမျိုးကကြာရှည်မခံဘူးဆိုတာ ငါတို့ သိပါတယ်။
အပ်နှံသူများလာလေလေ သူတို့ ပြန်ပေးရမယ့် ပိုက်ဆံ များလေလေပဲ၊ ဒါပေမဲ့ သူတို့မှာ ဝင်ငွေ မရှိဘူး။ ဒါက ဘယ်လိုလုပ် စီးပွားရေး ဖြစ်မှာလဲ ငါ့အမြင်တော့ မူမိသားစုက နောက်ဆုံးမှာ စတေးခံ နယ်ရုပ်လေးတွေပဲ ဖြစ်သွားမှာပါ”
ဘဏ်ရှေ့တွင် မူရွှမ်းက ဆက်လက် ရှင်းပြနေသည်။ “အခုနက ပြောတာက စာရင်းရှင် အပ်ငွေပါ။ အခုကတော့ အသေခံအပ်ငွေပါ”
“အသေခံအပ်ငွေဆိုတာကတော့ အချိန်ကာလတစ်ခုကို သတ်မှတ်ထားပြီး အဲဒီအချိန် မပြည့်မချင်း ပိုက်ဆံ ပြန်ထုတ်လို့ မရပါဘူး။ ဒါပေမဲ့ အတိုးနှုန်းကတော့ အများကြီးပိုမြင့်ပါတယ်”
“အချိန်ကြာလေလေ အတိုးနှုန်း မြင့်လေလေပါပဲ။ ၁၀ နှစ်အထိဆိုရင် တစ်နှစ်ကို ၁ ရာခိုင်နှုန်း ပေးမှာဖြစ်ပြီး၊ ၁၀ နှစ်ကျော်ရင်တော့ ၂ ရာခိုင်နှုန်းအထိပေးပါမယ်”
လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်ကုန်ကြသည်။ ထိုအတိုးနှုန်းမှာ အလွန်ပင် များပြားလှသည်။ ကျောက်တုံး တစ်သောင်း အပ်ထားလျှင် ၁၀ နှစ်ကြာသောအခါ အတိုးသက်သက် ကျောက်တုံး နှစ်ထောင်ရရှိမည် ဖြစ်သည်။
စုဆောင်းငွေနည်းပါးသော လေလွင့်ကျင့်ကြံသူများအတွက် ဤအချက်မှာ သိပ်မဆွဲဆောင်နိုင်သော်လည်း၊ အသင်းကြီးများနှင့် ချမ်းသာသော မိသားစုများအတွက်မူ ဤသည်မှာ ရတနာတွင်းကြီးသဖွယ် ဖြစ်နေတော့သည်။