အခန်း (၁၅၉) - ပိုက်ဆံအပ်ရင် ဆေးလုံးတွေ အလကားပေးမယ်ဟုတ်လား
နှစ်ရက်ကြာပြီးနောက် အသစ်စက်စက် ပြုပြင်မွမ်းမံထားသော ဘဏ်တစ်ခုသည် တရားဝင် ဖွင့်လှစ်လိုက်လေသည်။
မူလကရှိခဲ့သော လုံထိန်ဘဏ်ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ပြီး လန်ဟွမ်ကျောက်စိမ်းဆောင်ဟူသော ဆိုင်းဘုတ်အသစ်ဖြင့် အစားထိုးလိုက်သည်။
သို့သော် ထိုစာလုံးကြီးလေးလုံး၏ အောက်တွင် လုံထိန်ပူးပေါင်းဆောင်ရွက်ရေးဟူသော စာသားလေးကို ထည့်သွင်းထားသည်။
မူရွှမ်းသည် ထိုစာသားကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း နောင်တတော့မရပေ။ ဘိုးဘွားပိုင်လုပ်ငန်း၏လုံထိန်အမည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်ကိုပင် သူမ ကျေနပ်လှပါပြီ။
ထို့ပြင် စီနီယာလီ၏ စကားအရ ယနေ့မှစ၍ သူမသည် အခြားသော အဆင့်အတန်းတစ်ခုကို စတင်ကျင့်သားရအောင် လုပ်ရမည်ဖြစ်သည်။
လန်ဟွမ်ကျောက်စိမ်းဆောင်၏ဂေဟာမှူး
လုံထိန်ဘဏ်၏တည်နေရာမှာ အနည်းငယ် လူသူဝေးရာ အရပ်တွင်ရှိသဖြင့် ဖွင့်လှစ်စတွင် လူအများ၏ အာရုံစိုက်မှုကို သိပ်မရရှိခဲ့ပေ။
သို့သော် လန်ယာဖိုရမ်ပေါ်တွင်မူ သတင်းတစ်ခုမှာ အံ့သြဖွယ် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။
“လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့ ဘဏ်ကို တရားဝင် ဖွင့်လှစ်ပါပြီ။ ပိုက်ဆံအပ်နှံသူတိုင်းကို မသေမျိုးဆေးလုံးနဲ့ အဖိုးတန်ဆေးဝါးတွေ လက်ဆောင်ပေးမှာပါ”
: လန်ဟွမ်ကျောက်စိမ်းဆောင် ဒါက ဘာလဲ
: လန်ယာကုန်သည်အသင်းက ဘဏ်လုပ်ငန်းပါ လုပ်နေပြီလား။
: လန်ယာကမြောက်ပိုင်းပင်လယ်မှာ ဘဏ်လုပ်ငန်း လုပ်နေတာ ကြာပါပြီ အခုမှ လီရှောင်းမြို့ကို လာတာ။
: ဟူး ပိုက်ဆံအပ်ရင် ဆေးလုံးတွေ ပေးမယ်ဆိုတာ တကယ်လား။
: အရင်ကဘဏ်မှာ ပိုက်ဆံအပ်ရင် ဝန်ဆောင်ခပေးရတာလေ။ အခု ဆေးလုံးတွေပါ ပေးမယ်ဆိုတော့ ပိုက်ဆံနဲ့ ဝယ်သလိုပဲ မဟုတ်ဘူးလား။
: မဟုတ်ဘူးဗျ သေသေချာချာ ဖတ်ကြည့်ဦး။ လန်ဟွမ်ကျောက်စိမ်းဆောင်အောက်က ဘဏ်တွေက ဝန်ဆောင်ခ လုံးဝမယူဘူးတဲ့။
: ဟာ တကယ်ကြီးလား။
ယနေ့ခေတ်ကာလတွင် ဘဏ်၌ပစ္စည်းအပ်နှံပါက ဝန်ဆောင်ခအမြောက်အမြား ပေးရလေ့ရှိသည်။ ဘဏ်များမှာ ထိုဝန်ဆောင်ခဖြင့်သာ အဓိက အမြတ်ရှာကြခြင်း ဖြစ်သည်။
ယခုအခါ လန်ဟွမ်ကျောက်စိမ်းဆောင်က ဝန်ဆောင်ခလုံးဝမယူဟု ကြေညာလိုက်ခြင်းမှာ ရေငြိမ်တွင် ကျောက်ခဲပစ်ချလိုက်သကဲ့သို့ပင်။
: လန်ယာကုန်သည်အသင်းဆိုရင်တော့ ဘာမဆိုဖြစ်နိုင်တာပဲ။
: ဝန်ဆောင်ခလည်း မယူဘူး၊ ဆေးလုံးလည်း ပေးမယ်ဆိုရင် သူတို့က ဘာနဲ့အမြတ်ရှာမှာလဲ။
: အမြတ်ရှာတာ ငါနဲ့မဆိုင်ဘူး ဆေးလုံးပေးတာ တကယ်လားဆိုတာပဲ သိချင်တာ။ ဘာဆေးလုံးတွေ ပေးမှာလဲ။
: ကြေညာချက်ထဲမှာ ပါတယ်လေ အာဟာရဖြည့်ဆေးလုံး၊ ဝိညာဉ်အားဖြည့်ဆေးလုံးတို့လို လက်တွေ့သုံးနေရတဲ့ ဆေးလုံးတွေတဲ့။
: စကားပြောမနေနဲ့တော့ အရင်လာတဲ့သူ အရင်ရမှာတဲ့။ ကုန်မသွားခင် မြန်မြန်သွားကြစို့။
လူအုပ်ကြီးမှာ ဖိုရမ်တွင်ပါရှိသော လိပ်စာအတိုင်း အပြေးအလွှား သွားနေကြသဖြင့် လူလှိုင်းကြီးတစ်ခုပမာ ဖြစ်နေသည်။
ဤအခြေအနေကို ကုန်သည်ကြီးသုံးဖွဲ့လည်း သိရှိသွားကြရာ ထိုက်ရှူးထုံက အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်သည်။
“ဒီမူမိသားစုက အရင်က ငါ့ရဲ့ စစ်ဟိုင်ကုန်သည်အသင်းမှာ အလုပ်လုပ်ခဲ့တာ။ လွန်ခဲ့တဲ့နှစ်တွေက သူတို့ဘိုးဘွားတွေ အမှားလုပ်လို့ ငါကိုယ်တိုင် အပြစ်ပေးပြီး အသင်းက ထုတ်ပစ်ခဲ့တာ” စစ်ဟိုင်ကုန်သည်အသင်းမှ အကြီးအကဲတစ်ဦးက ဒေါသတကြီး ပြောသည်။
ထန်ချန်းက ထိုသတင်းကိုကြည့်ကာ - “ဒါက ပျက်စီးလုနီးပါးဖြစ်နေတဲ့ ဘဏ်အသေးလေးပဲ အရေးကြီးတာကလန်ယာကုန်သည်အသင်းက ဘဏ်လုပ်ငန်းကို ဝင်လုပ်နေတာပဲ”
ထိုက်ရှူးထုံက ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည် - “လောစရာ မလိုပါဘူး ဘဏ်လုပ်ငန်းမှာ ဝန်ဆောင်ခမယူဘဲ ဆေးလုံးတွေပါ ပေးတယ်ဆိုတာ ခဏတဖြုတ် လူစည်အောင် လုပ်တာပဲ ဖြစ်နိုင်တယ်။
ဘဏ်လုပ်ငန်းမှာ ငါတို့ကုန်သည်ကြီးသုံးဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို သူတို့ ဘယ်လိုမှ မမီနိုင်ပါဘူး။ သူတို့ နောက်ထပ် ဘာတွေလုပ်ဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
သူတို့သည် အရင်ကကဲ့သို့ လန်ယာနောက်သို့ ချက်ချင်း မလိုက်တော့ဘဲ အခြေအနေကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
လုံထိန်ပူးပေါင်းဆောင်ရွက်ရေး ဘဏ်ရှေ့တွင်မူ လူအုပ်ကြီးမှာ ပြည့်နှက်နေပြီ ဖြစ်သည်။
“ဆိုင်ရှင် ဘယ်မှာလဲ”
“ဆေးလုံးတွေ အလကားပေးမယ်ဆိုတာ တကယ်လား”
“ဘယ်တော့ စမှာလဲ”
မူရွှမ်းသည် ပြုံးလျက်လူအုပ်ရှေ့သို့ ထွက်လာသည်။ သူမသည် အစိမ်းရောင် ဝတ်စုံဖြင့် အလွန်ပင် ခန့်ညားထည်ဝါနေသည်။
“အားလုံးပဲ စိတ်အေးအေးထားကြပါ ဒီနေ့ဟာ လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ပထမဆုံး ဘဏ်ကို စတင်ဖွင့်လှစ်တဲ့နေ့ပါ။
ဒါကြောင့် အရင်ဆုံးကျွန်မတို့ရဲ့ ထူးခြားတဲ့ စည်းကမ်းချက်တွေကို ရှင်းပြပါရစေ”
လူအုပ်ထဲမှ တစ်ယောက်က ရေရွတ်လိုက်သည် - “လုံထိန်ဘဏ်က တကယ့်ကို ကံကောင်းတာပဲ။ ပျက်စီးတော့မယ့် အခြေအနေကနေ လန်ယာကုန်သည်အသင်းနဲ့ ပူးပေါင်းခွင့်ရလိုက်တာက ကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သလိုပဲ”
ပူးပေါင်းဆောင်ရွက်ခြင်းဟု အမည်တပ်ထားသော်လည်း လန်ယာကုန်သည်အသင်းက မူရွှမ်းကို ဂေဟာမှူးအဖြစ် တရားဝင် ရှေ့တန်းတင်ပေးထားသည်ကို မြင်ရသောအခါ လူတိုင်းက လန်ယာ၏ ရက်ရောမှုကို အံ့သြနေကြတော့သည်။