အခန်း (၁၅၆) မင်း နောက်နေတာလား
“မဟာမိတ်ခေါင်းဆောင်လီ ခင်ဗျား အခု ဘာပြောလိုက်တာလဲ”
လီယွမ်ဟွာ၏ စကားကိုကြားလိုက်ရသောအခါ အခန်းထဲရှိ လူတိုင်းမှာ မိမိတို့နားကိုပင် မိမိတို့ မယုံနိုင်လောက်အောင် ကြောင်အသွားကြသည်။
ငါတို့ရဲ့ ပိုက်ဆံတွေကို ခင်ဗျားက လာကြည့်ပေးမယ် ဟုတ်လား ဒါ တကယ်ပြောနေတာလား။
လီယွမ်ဟွာက လက်ဝါးကို အောက်သို့ဖိပြကာ လူအုပ်ကို စိတ်မလောရန် အချက်ပြလိုက်ပြီး တည်ငြိမ်စွာပင် “မိတ်ဆွေတို့ စိတ်မလောကြပါနဲ့ဦး.ဒီအဖိုးကြီး ပြောတာကို အဆုံးထိ နားထောင်ပေးကြပါဦး”
အခန်းထဲမှာပြန်လည်တိတ်ဆိတ်သွားပြီး လူတိုင်းက လီယွမ်ဟွာ မည်သို့သော အံ့သြဖွယ် ဆင်ခြေများ ပေးဦးမလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။
“ငါ့ရဲ့ သခင်လေးကပြောတယ် ခင်ဗျားတို့ ဘဏ်တွေရဲ့အခုလုပ်ကိုင်ပုံက အရမ်းကို ရှေးရိုးစွဲလွန်းနေပြီတဲ့ အခုချက်ချင်း ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ခေတ်ရေစီးကြောင်းထဲမှာ တိုက်စားခံရပြီး ပျောက်ကွယ်သွားလိမ့်မယ်တဲ့”
“ပျောက်ကွယ်သွားမယ် ဟုတ်လား”
လူတစ်ဦးက မျက်မှောင်ကြုတ်လိုက်သည် - “မဟာမိတ်ခေါင်းဆောင်လီ ခင်ဗျား နောက်နေတာပဲ။ လီရှောင်းမြို့တော်မှာတောင် ငါတို့ဘဏ်တွေက ထိပ်တန်းကပဲ။ ငါတို့သာ ပျောက်ကွယ်သွားရင် တစ်လောကလုံးက စီးပွားရေးတွေ ပြိုလဲကုန်မှာပေါ့”
လီယွမ်ဟွာက ထိုသူကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်သည် - “ကောင်းလိုက်တဲ့ စကား စုမော့ဆီက ဒီလိုအမြင်မျိုး ရှိမယ်လို့ မထင်ထားဘူး အတိအကျပဲ”
စုမော့ - “.....”
“ငါ့သခင်လေးက ပြောတယ် ဘဏ်လောကမှာ မြေငလျင်လှုပ်သလို ပြင်းထန်တဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ်တဲ့။ ခေတ်နဲ့အညီ မလိုက်နိုင်ရင် ခင်ဗျားတို့လို ဘဏ်ကြီးတွေတောင် နစ်မြုပ်သွားနိုင်တယ်”
လီယွမ်ဟွာက ဆက်ပြောသည် - “ငါ့သခင်လေးက စိတ်ထားကောင်းတော့ ဒါမျိုးတွေ မဖြစ်စေချင်ဘူး ဒါကြောင့် ခင်ဗျားတို့ကို အကြံပေးခိုင်းလိုက်တာ”
စုမော့က ပို၍ဇဝေဇဝါ ဖြစ်လာသည် - “မေးပါရစေဦး ဝမ်မုက အဲဒီအပြောင်းအလဲတွေက ဘယ်ကနေ လာမယ်လို့ ပြောသလဲ”
လီယွမ်ဟွာက အားရပါးရ ရယ်မောလိုက်သည် - “သဘာဝကျကျပေါ့ ငါ့သခင်လေးဆီကနေပဲ လာမှာပေါ့”
လူတိုင်းမှာ ထိုစကားကြောင့် ခဏတာ ဆွံ့အသွားကြပြီးမှ ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်သွားကြသည်။
သူတို့ စိတ်ထဲတွင် ကျိန်ဆဲနေမိတော့သည် - ‘ဒါဆို အကွေ့အပတ်တွေ လုပ်နေတာက မင်းတို့သခင်လေးက ဒီဘဏ်လောကကို လာကမောက်ကမလုပ်တော့မယ် အဲဒါကြောင့် ငါတို့ကို လာခြိမ်းခြောက်နေတာပေါ့ ဟုတ်လား။
သူတို့အားလုံးမှာ စီးပွားရေးလောကတွင် ကျင်လည်နေသည့် မြေခွေးအိုကြီးများ ဖြစ်ကြသည့်အလျောက် အမူအရာကိုတော့ အပြင်သို့ မထုတ်ကြပေ။
စုမော့က အေးစက်စက် ပြုံးလိုက်ပြီး “ဒါဆို ဝမ်မုက ဘဏ်လောကကို ဘယ်လိုပြုပြင်ပြောင်းလဲမလို့လဲ”
လီယွမ်ဟွာက “အခု ဘဏ်လောကက စည်းကမ်းတွေ အရမ်းရှုပ်ထွေးနေတယ်လို့ သခင်လေးက မြင်တယ်။
တစ်ဆိုင်နဲ့ တစ်ဆိုင် စည်းကမ်းမတူဘူး၊ အချို့က ချေးငွေပဲပေးပြီး အပ်ငွေလက်မခံဘူး၊ အချို့ကကျ ပြောင်းပြန် ငွေထုတ်ချင်ရင်လည်း ကိုယ့်ဘဏ်ခွဲကိုပဲ လိုက်ရှာနေရတာက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ အတိုချုပ်ပြောရရင်... ဗရုတ်သုတ်ခတွေပဲ”
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ အခြေအနေကို ရိပ်မိလိုက်ကြပြီး မျက်လုံးများက အန္တရာယ်ရှိသော အရိပ်အယောင်များ ပြလာသည်။
စုမော့က “ဒါဆို ဝမ်မုက ဘဏ်အားလုံးကို သိမ်းပိုက်ပြီး စည်းကမ်းတစ်ခုတည်းအောက်မှာ ထားချင်တာလား”
လီယွမ်ဟွာက ပြုံးလျက် ခေါင်းခါလိုက်သည် -“ငါ့သခင်လေးက အရမ်းသဘောကောင်းပါတယ် ဒါမျိုး ဘယ်လုပ်မလဲ သူက စိတ်တူကိုယ်တူ လူတွေကို ရှာပြီး အဲဒီအိပ်မက်ကို အတူတူ အကောင်အထည်ဖော်ချင်တာပါ။
ခင်ဗျားတို့ သဘောတူရင် လန်ယာကုန်သည်အသင်းက အစွမ်းကုန် ကူညီမယ်။ သဘောမတူရင်လည်း ငါတို့က အတင်းအကျပ် မတိုက်တွန်းပါဘူး”
စုမော့က အခြေအနေကို သုံးသပ်ပြီး စကားလုံးတစ်လုံးကို ထုတ်ဖော်လိုက်သည်။
“ဒါက မဟာမိတ်ဖွဲ့တာလား”
လီယွမ်ဟွာက သဘောကျစွာ ခေါင်းညိတ်သည် - “လူတော်တွေနဲ့ စကားပြောရတာ လွယ်ကူလိုက်တာ အတိအကျပဲ”
သူက ခဏရပ်ကာ လူတိုင်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ဆက်ပြောသည် “ခင်ဗျားတို့ လန်ယာသခင်လေးရဲ့ နည်းလမ်းတွေကို ကြားဖူးမှာပါ။ သူလုပ်သမျှက ကမ္ဘာကိုတုန်လှုပ်စေတာချည်းပဲ။
ပြီးတော့ သူဘယ်တုန်းကမှ မမှားခဲ့ဘူးဆိုတာ အချိန်က သက်သေပြနေပြီ။ ဒါက တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးပဲနော်”
လူတိုင်း တိတ်ဆိတ်နေကြသည်။ ထိုစဉ် လီယွမ်ဟွာက ထပ်ဖြည့်ပြောလိုက်သည် “အော်... ဒါနဲ့ ငါ့သခင်လေးက ပြောသေးတယ်၊ ဒီမဟာမိတ်ထဲကို အစောဆုံး ဝင်လာတဲ့ ဘဏ် ၅ ခုကိုတော့ စီမံခန့်ခွဲမှုစရိတ်၃ နှစ်စာ ကင်းလွတ်ခွင့်ပေးမယ်တဲ့”
ထိုစကားကြောင့် လူတိုင်းမှာ လန့်ဖျပ်သွားကြသည်။
“စီ... စီမံခန့်ခွဲမှုစရိတ်”
လူတစ်ဦးက အော်ဟစ်မေးလိုက်သည် - “အဲဒါက ဘာအတွက် ပေးရမှာလဲ”
လီယွမ်ဟွာက သဘာဝကျကျပင် ပြန်ဖြေသည် - “ငါတို့နဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုလုပ်ရင် ငါတို့ရဲ့စည်းကမ်းတွေကို လိုက်နာရမယ်လေ။
ခင်ဗျားတို့ရဲ့အပြုအမူတွေကို ငါတို့က စောင့်ကြည့်မယ်၊ စာရင်းတွေကိုလည်း ကူပြီး စီမံပေးမယ် အဲဒါတွေက အင်အားစိုက်ထုတ်ရတာလေ အဲဒီအတွက် ခင်ဗျားတို့က ပိုက်ဆံပေးရမှာပေါ့”
နားထောင်ကြည့်ဦး ဒါ လူစကားလား ငါတို့ရဲ့ စာရင်းတွေကိုလည်း ကိုင်မယ်၊ ပြီးတော့ အဲဒီအတွက် ငါတို့ဆီက ပိုက်ဆံလည်း တောင်းမယ်တဲ့ ဒါက ငါတို့ခေါင်းပေါ် တက်ခွတာနဲ့ ဘာကွာလို့လဲ။
ဘဏ်ပိုင်ရှင်များမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများပင် တဆတ်ဆတ် တုန်နေကြသည်။ မူလကပင် မဟာမိတ်မဖွဲ့ချင်ကြသည့်အထဲ ယခုမူပို၍ပင် ဆိုးသွားတော့သည်။
“မဟာမိတ်ခေါင်းဆောင်လီ ဒီကိစ္စက အရမ်းအရေးကြီးတော့ ကျွန်တော်တို့ ပြန်ပြီး သေသေချာချာ တိုင်ပင်ရဦးမယ်” စုမော့က တိုက်ရိုက်ပင် ထရပ်ကာ နှုတ်ဆက်ပြီး ထွက်သွားတော့သည်။ ကျန်သည့်သူများလည်း နောက်မှ လိုက်သွားကြသည်။
လီယွမ်ဟွာ တစ်ယောက်တည်းသာ ထိုင်ခုံတွင် ကျန်ခဲ့သည်။ သူသည် စိတ်မဆိုးဘဲ ပြုံးလျက် ကြည့်နေပြီး - “သတိထားတာ ကောင်းပါတယ် ဒါပေမဲ့ သတိထားပါ အခွင့်အရေးဆိုတာ စောင့်မနေဘူး။ လွတ်သွားရင်တော့ နောင်တရလည်း နောက်ကျသွားလိမ့်မယ်”
ပိုင်လိုင်ကုန်သည်အသင်း၏ နေအိမ်တွင်
ထန်ချန်းသည် စုမော့၏ အစီရင်ခံချက်ကို နားထောင်နေသည်။
“ဘဏ်လောကကို ပြန်လည်ဖွဲ့စည်းမလို့ ဟုတ်လား အဲဒီ ဝမ်မုက တကယ်ပဲ အားနေတာလား”
စုမော့က ဆက်ပြောသည် - “အခုဝင်ရင် စီမံခန့်ခွဲမှုစရိတ် မပေးရဘူး၊ နောက်ကျရင် ပေးပြီးမှ ဝင်ရမယ်လို့လည်း ပြောပါတယ်”
ထန်ချန်းက စဉ်းစားပြီး စုမော့ကို ပြန်လွှတ်လိုက်သည်။ ထို့နောက် သူသည် ထိုက်ရှူးထုံဆီသို့ ချက်ချင်းသွားလိုက်ရာ ထိုက်ရှူးထုံမှာလည်း သူ့လက်အောက်ငယ်သား၏ အစီရင်ခံစာကို နားထောင်နေသည်ကို တွေ့ရသည်။
ထိုက်ရှူးထုံက ထန်ချန်းကို မေးလိုက်သည် - “မင်းလည်း သိပြီးပြီလား ဝမ်မာက ငါတို့နယ်မြေမှာ ဘဏ်လုပ်ငန်း လာလုပ်မလို့လား”