အခန်း (၁၅၄) ငါတော့ နောင်တတွေနဲ့ ရင်ကွဲရတော့မယ်
ရှင်သန်ခြင်းအခမ်းအနားမှ ထွက်လာခဲ့ပြီးနောက် စုရင်းရွှယ်သည် သူမ၏ နဖူးအလယ်ကို မသိမသာ ပွတ်သပ်လိုက်မိသည်။
စောစောက မှော်အမှတ်အသားတစ်ခု သူမ၏ နဖူးထဲသို့ စီးဝင်ပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ယခုမူ ဘာမှမရှိတော့သော်လည်း သူမ၏ အသက်ရှင်ခြင်းနှင့် သေခြင်းကို တစ်စုံတစ်ဦးက ချုပ်ကိုင်ထားသကဲ့သို့ ခံစားချက်က သူမ၏နှလုံးသားကို ထိတ်လန့်စေသည်။
ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက တကယ်ကို နားမလည်နိုင်အောင်ပါပဲလား။
စုရင်းရွှယ်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခါးတွင်ချိတ်ထားသော အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို စဉ်းစားကာ မကျေမနပ်ဖြစ်နေမှုများကို မေ့ဖျောက်လိုက်သည်။ ဒီနေ့ကစပြီး သူမသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဖြစ်သည်။
ကောင်းကင်မှာ ပျံသန်းနိုင်မည့်နေ့ကို စိတ်ကူးကြည့်ရင်း စိတ်လှုပ်ရှားမှုများက သူမကို လွှမ်းမိုးလာသည်။
လန်ယာကုန်သည်အသင်းဆီက ပစ္စည်းမဝယ်ရလည်း ဘာအရေးလဲ အဲဒီလန်ယာမှာရှိတာတွေ ကုန်သည်ကြီးသုံးဖွဲ့မှာလည်း ရှိတာပဲ။
အချိန်ကို ကြည့်ရတာ ကျန်းတာ့လီလည်း စစ်ဆေးလို့ ပြီးလောက်ပြီ။ အဲဒီ ရိုးအအ ငတုံးက ငါ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံး ၂၀ ရှိနေတာကို မြင်ရင် ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ။
သူ့မှာဝိညာဉ်အမြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမ၏အစပြုမှုက သူ့ထက် မိုင်ပေါင်းများစွာ သာလွန်နေပြီဟု သူမ ယူဆလိုက်သည်။
သူမက ရင်ကိုကော့ လက်ကို နောက်ပစ်လျက် မာနတံခွန်ထူကာ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော် ဆီသို့ လျှောက်လှမ်းသွားတော့သည်။
ကွင်းပြင်ကြီးမှာ လူပင်လယ်ကြီးကဲ့သို့ ပြည့်နှက်နေသည်။ စုရင်းရွှယ် ကံကောင်းသည်မှာ ကျန်းတာ့လီ ဝင်ပေါက်နားတွင် ရှိနေသည်ကို မြင်လိုက်ရခြင်းပင်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ဦးနှောက်မှာ ရပ်တန့်သွားတော့သည်။
“ညီလေးကျန်း မင်းမျက်နှာကို မြင်ကတည်းက စိတ်ထားကောင်းမှန်း ငါသိတယ် ငါကချင်းယီလို့ ခေါ်တယ်၊ မင်းနဲ့ မိတ်ဆွေဖွဲ့ခွင့် ရမလား”
“ညီလေးကျန်း မင်းလည်းကျန်း ငါလည်း ကျန်းဆိုတော့ ငါတို့က မိသားစုဝင်တွေပဲပေါ့ ဒီည လမင်းပင်လယ်စားသောက်ဆိုင်မှာ မင်းအတွက် ငါ တည်ခင်းဧည့်ခံပါရစေ”
“သူတို့စကားတွေကို နားမယောင်နဲ့။ မင်းမှာ အခု ကျင့်ကြံခြင်းလမ်းစဉ် စပြီဆိုတော့ အရင်းအမြစ်တွေ လိုအပ်မှာပဲ။ ရော့... ဒါက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ယွီယွမ်ဆေးလုံးတွေပဲ လက်ခံလိုက်ပါ”
စုရင်းရွှယ်မှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ ဤရိုးအအငတုံးမှာ တကယ်ပဲ ဝတ္ထုတွေထဲကလို ပါရမီရှင်တစ်ယောက် ဖြစ်နေလို့လား။
သူမသည် ဘေးမှ ကျင့်ကြံသူတစ်ဦးကို ရိုသေစွာ မေးမြန်းလိုက်သည် - “စီနီယာ ဟိုလူငယ်ရဲ့ဝိညာဉ်အမြစ်က ဘာအဆင့်မို့လို့လဲဟင်”
ကျင့်ကြံသူက သူမကို တစ်ချက်ကြည့်ကာ - “သူလား ဘာမှထူးခြားတာ မဟုတ်ပါဘူး၊ အဆင့်နိမ့်မြေဝိညာဉ်အမြစ်ပါပဲ”
“အဆင့်နိမ့်ဝိညာဉ်အမြစ်ကို ဘာလို့ ဒီလောက် ဝိုင်းအုံနေကြတာလဲ”
ကျင့်ကြံသူက စိတ်ရှည်လက်ရှည် ရှင်းပြသည် - “သူ့တစ်ယောက်တည်း မဟုတ်ဘူး၊ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်မှာ စစ်ဆေးတဲ့သူမှန်သမျှ အရည်အချင်း ဘယ်လိုပဲရှိရှိ အခုတော့ အားလုံးက လိုချင်စရာတွေ ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ထျန်းဝမ်လစဉ်ကတ်ရှိလို့ပဲ”
စုရင်းရွှယ်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည် - “အဲဒီကတ်က ဘာမှတန်ဖိုးမရှိဘူးလို့ ပြောကြတယ် မဟုတ်လား”
“ဟဲ့... ကလေးမလေး မင်းက အရမ်းနုသေးတာပဲ။” ကျင့်ကြံသူက ခေါင်းခါလိုက်သည် - “အဲဒီကတ်ကဈေးပေါတာ တန်ဖိုးမရှိလို့ မဟုတ်ဘူး၊ လန်ယာကုန်သည်အသင်းက အမြတ်မယူချင်လို့ပဲ။
အခု လန်ယာစကားပြောခန်းမမှာ ဝင်ဖို့ဆိုရင် ဆယ်ရက်လောက် တန်းစီရတယ်။ အဲဒီ လစဉ်ကတ်ရှိရင် တန်းစီစရာမလိုဘဲ အထူးခန်းကို ဝင်လို့ရတယ်။ ပြီးတော့ အဖော်တစ်ယောက်ကိုလည်း ခေါ်သွားလို့ရသေးတယ်”
ကျင့်ကြံသူက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည် - “ ဒါကြောင့် ပွဲတော်ကလူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ထားရင် မင်းလည်း တစ်နေ့ကို တစ်နာရီ အခမဲ့ဝင်သုံးလို့ရမယ်”
စုရင်းရွှယ်၏ မျက်နှာမှာ ဖြူလျော်သွားသည်။ သူမ တစ်ခုခု မှားသွားပြီဆိုတာ သိလိုက်ရပြီ။
သူမက မယုံချင်သဖြင့် - “ဒါက ထျန်းဝမ်အဆောင်တစ်ခုပဲလေ တစ်နာရီလောက် သုံးရတာက အဲဒီလောက်ကြီး သေရေးရှင်ရေး တကယ်ဖြစ်လို့လား”
“တကယ်ဖြစ်တာပေါ့” ကျင့်ကြံသူက ဒေါသတကြီးပြောလိုက်သည် - “ထျန်းဝမ်အဆောင်ကို တစ်ခါမှ မသုံးဖူးတဲ့သူကတော့ ဘယ်လောက် ကောင်းတယ်ဆိုတာ သိမှာ မဟုတ်ဘူး။
ငါ့ရဲ့ အမှားဆုံးဆုံးဖြတ်ချက်က ကုန်သည်ကြီးသုံးဖွဲ့ဆီက အမှိုက်အဆောင်ကို ဝယ်ခဲ့မိတာပဲ ငါသာ ပြန်စလို့ရရင် အဲဒီအမှိုက်တွေကို လုံးဝထိမှာတောင် မဟုတ်ဘူး”
စုရင်းရွှယ်၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။
“မင်းက ထူးဆန်းတဲ့ မိန်းကလေးပဲ။ ငါက အမှိုက်အဆောင်ကို ဝယ်မိလို့ နောင်တရနေတာ မင်းက ဘာလို့ ငါ့ထက်တောင် ပိုပြီး နေမကောင်းဖြစ်နေရတာလဲ”
စုရင်းရွှယ်မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ဟန်ဆောင်ပြုံးကာ ကျန်းတာ့လီကို ကြည့်နေမိသည်။
သူမသည် မည်မျှအထိ မိုက်မဲသော ဆုံးဖြတ်ချက်ကို ချမိခဲ့သည်ကို ယခုမှ သိလိုက်ရသည်။
မူလက သူမသည်လည်း ထိုကဲ့သို့ အလေးပေးခံရမည့်သူ ဖြစ်သင့်သော်လည်း ယခုမူ နောက်ကျသွားခဲ့ပြီ။
“ဖွတ်”
စိတ်၏ပြင်းထန်သော တုန်လှုပ်မှုကြောင့် သူမ၏သွေးကြောများဖောက်ပြန်ကာ သွေးတစ်လုပ် အန်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ကျင့်ကြံသူ - “....” (ငါ ဘာမှမလုပ်ရသေးဘူးနော်)