အခန်း (၁၅၃) - နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်က သေချာပေါက် ကောင်းတာလား
သတင်းကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ ကုန်သည်ကြီးသုံးဖွဲ့၏ အဆင့်မြင့်အရာရှိများမှာ ကြောင်အသွားကြသည်။
"ထျန်းဝမ်လစဉ်ကတ်"
"အဲ့ဒါက ဘာကြီးလဲ"
ထိုက်ရှူးထုံက မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည် - “ဘာတွေဖြစ်နေတာလဲ၊ သေသေချာချာ ရှင်းပြစမ်း ဘာလစဉ်ကတ်လဲ”
အစေခံက အမြန်ပြန်ဖြေသည် - “အဲဒီ... အဲဒီကတ်ရှိတဲ့သူတွေက လန်ယာစကားပြောခန်းမမှာ တစ်လကို နာရီ ၆၀ အခမဲ့ သုံးခွင့်ရမှာပါ။ ပြီးတော့ တန်းစီစရာလည်း မလိုဘူးလို့ကြားပါတယ်”
လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ လန်ယာစကားပြောခန်းမ၏ အခကြေးငွေမှာ အလွန်နည်းပါးရာ နာရီ ၆၀ သုံးခွင့်ရခြင်းမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးစာ တန်ဖိုးသာ ရှိသည်။
သူတို့ဘက်က ဝိညာဉ်ကျောက်တုံး နှစ်ဆပေးနေသည့် ဆွဲဆောင်မှုနှင့် ဘယ်လိုမှ နှိုင်းယှဉ်၍မရပေ။ ဒါက အဓိပ္ပာယ်မရှိလှ။
လမ်းဆုံတစ်ခုတွင် လူငယ်နှစ်ဦး လမ်းခွဲနေကြသည်။
“တာ့လီ နင်တကယ်ပဲ ငါနဲ့အတူ ရှင်သန်ခြင်းအခမ်းအနားကို မလိုက်ဘူးလား”
အမျိုးသမီးမှာ စုရင်းရွှယ်ဖြစ်ပြီး ချမ်းသာသောအသိုင်းအဝိုင်းမှ ဖြစ်သဖြင့် အနည်းငယ်မာနကြီးသည်။
သူမက ရိုးသားပြီး အသားညိုညိုနှင့် လူငယ်လေး ကျန်းတာ့လီကို စိုက်ကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။
“မ... မလိုက်တော့ဘူး” ကျန်းတာ့လီက ခေါင်းကုတ်ရင်း ဖြေသည် - “ငါ့အမေ စကားကို နားထောင်ပြီး နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်”
စုရင်းရွှယ်က ဒေါသတကြီးဖြင့် - “နင်က ဘာလို့ ဒီလောက်တုံးရတာလဲ ကုန်သည်ကြီးသုံးဖွဲ့ဆီမှာ စစ်ဆေးလို့ဝိညာဉ်အမြစ်တွေ့ရင် ဝိညာဉ်ကျောက်တုံး နှစ်ဆရမှာလေ နင်တို့မိသားစု ဘဝတစ်သက်တာ ကောင်းကောင်းနေလို့ ရမယ့် ပိုက်ဆံတွေပဲ”
သို့သော် ကျန်းတာ့လီက ခေါင်းခါမြဲ ခါနေသည်။ သူသည် ပိုက်ဆံထက်လူကောင်းများရှိရာသို့သာ သွားလိုသည်။
သူ၏ မိသားစုမှာ မြောက်ပိုင်းပင်လယ်မှ တံငါသည်များဖြစ်ကြပြီး လွန်ခဲ့သောရက်က မုန်တိုင်းမိစဉ်က သူ့မိဘများကို လန်ယာဖောင်ဒေးရှင်းမှ ကျင့်ကြံသူတစ်ဦးက ကယ်တင်ခဲ့ဖူးသည်။
ထို့ကြောင့် သူသည် လန်ယာကုန်သည်အသင်းကိုသာ ယုံကြည်သည်။
စုရင်းရွှယ်က ကျန်းတာ့လီကို မွဲတေမယ့်လူ့ငတုံးဟု ဆဲဆိုကာ တစ်ယောက်တည်း ထွက်သွားတော့သည်။
စုရင်းရွှယ်သည် ကုန်သည်ကြီးသုံးဖွဲ့၏ ရှင်သန်ခြင်းအခမ်းအနားသို့ ရောက်ရှိသွားသည်။ သူမ ထင်သကဲ့သို့ လူနည်းမနေဘဲ လူအတော်များများ ရှိနေသည်ကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
တန်းစီပြီးနောက် သူမ၏ အလှည့်ရောက်လာသည်။
“စုရင်းရွှယ်၊ အဆင့်နိမ့်မီးဝိညာဉ်အမြစ် ၊ ဝိညာဉ်ကျောက်တုံး ၂၀ ဆုချီးမြှင့်သည်”
သူမမှာ အလွန်ပင်ပျော်ရွှင်သွားသည်။ သူမတွင် ကျင့်ကြံခြင်းပါရမီပါသည်မှာ သေချာသွားပြီ ဖြစ်သည်။ သူမကို ဝိညာဉ်ကျောက်တုံးများ ပေးပြီးနောက် အဆောင်ငယ်တစ်ခုအတွင်းသို့ ခေါ်သွားကြသည်။ ထိုနေရာတွင် မျက်နှာသေနှင့် လူတစ်ဦးက စောင့်နေသည်။
“စည်းကမ်းကို သိတယ်မလား”
“ဘာ... ဘာစည်းကမ်းလဲ”
“ဒီမှာ အရည်အချင်း စစ်ဆေးတဲ့သူတိုင်း နှလုံးသားမိစ္ဆာ သွေးကတိသစ္စာဆိုရမယ် ဒီနေ့ကစပြီး လန်ယာကုန်သည်အသင်းဆီက ဘာပစ္စည်းမှ မဝယ်ပါဘူးလို့ ကတိပေးရမယ်။ ဖောက်ဖျက်ရင်တော့ နှလုံးသားမိစ္ဆာ ဝင်ရောက်ပြီး ရူးသွပ်သွားလိမ့်မယ်”
စုရင်းရွှယ်မှာ တုန်လှုပ်သွားသော်လည်း မငြင်းရဲပေ။
ဖျတ်ခနဲ ဓားချက်တစ်ခုက သူမ၏ လက်ချောင်းကို ဖြတ်လိုက်ပြီး သွေးတစ်စက် ထွက်လာသည်။ ထိုသွေးစက်မှာ မြေပြင်သို့ မကျဘဲ ထူးဆန်းသောသင်္ကေတတစ်ခု၏ ထိန်းချုပ်မှုဖြင့် လေထဲတွင် ဝဲပျံနေတော့သည်။