အခန်း (၁၅၁) - လန်ယာ စကားပြောခန်းမ
အခန်းတွင်းရှိလေထုမှာ အလွန်ပင် ထူးဆန်းသွားတော့သည်။ အနေရခက်သော အငွေ့အသက်များက လေထုထဲတွင် ပြည့်နှက်နေသည်။
ကုန်သည်ကြီးသုံးဖွဲ့၏ ဆက်သွယ်ရေးအဆောင်များတွင် အသုံးပြုသူ အများအပြား ရှိနေသေးသော်လည်း သူတို့၏ဖိုရမ်များပေါ်ရှိ အသုံးပြုသူ အရေအတွက်မှာ လန်ယာဖိုရမ်နှင့် ယှဉ်လျှင် များစွာ လျော့နည်းနေသည်ကို သူတို့ကိုယ်တိုင် သိထားကြသည်။
သူတို့သည် သူတို့၏အဆောင် နှင့် ဖိုရမ်များကို ထျန်းဝမ်နှင့် နီးစပ်အောင် အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ကြသော်လည်း ကွာဟချက်မှာ ကြီးမားနေဆဲပင်။
ထို့ပြင် မကြာသေးမီက သူတို့၏ ပုံရိပ်မှာလည်း အကြိမ်ကြိမ် အမှားမှားအယွင်းယွင်း ဖြစ်ထားခဲ့ရာ တူညီသော နည်းလမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားပါက အကျိုးမရှိနိုင်ရုံသာမက ပို၍ပင် အခြေအနေ ဆိုးရွားသွားနိုင်သည်။
“ငါတို့က ဖိုရမ်ကို ကောင်းကောင်း မသုံးတတ်ဘူး၊ ဒါ ငါတို့ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ဘူး”
ထိုက်ရှူးထုံက တည်ငြိမ်သော်လည်း လေးနက်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည် - “ဒီတစ်ကြိမ်မှာတော့ ငါတို့ ပိုပြီး ကျွမ်းကျင်တဲ့ နည်းလမ်းကို သုံးရမယ်”
သူက ခဏရပ်ကာ တိုက်ရိုက်ပင် မေးလိုက်သည် - “လန်ယာကုန်သည်အသင်းက နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်တွေကို ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးနေတာလဲ”
“သူတို့က အဆင့်နိမ့် ဝိညာဉ်အမြစ်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး၊ အလယ်အလတ်အတွက် ၁၀၀ ပေးပါတယ်”
“တိုးလိုက်” ထိုက်ရှူးထုံက ပြတ်ပြတ်သားသား အမိန့်ပေးသည် - “အဆင့်နိမ့်အတွက် ၂၀၊ အလယ်အလတ်အတွက် ၂၀၀ ပေးမယ်။
ဆုလာဘ်က နှစ်ဆတောင်ကွာနေတာကို သူတို့က ဟိုဘက်ကိုပဲ ပြေးနေဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့”
တစ်စုံတစ်ဦးက အံ့သြစွာ မေးသည် - “ဒါ... အရမ်းများမသွားဘူးလား”
ထိုက်ရှူးထုံက အေးစက်စွာ ဖြေသည် - “များတယ်၊ ဒါပေမဲ့ စည်းကမ်းချက် ရှိတယ်။ ငါတို့ရဲ့ ရှင်သန်ခြင်း အခမ်းအနားကနေ ထွက်လာတဲ့ ကျင့်ကြံသူတိုင်းဟာ နှလုံးသားမိစ္ဆာ သွေးကတိသစ္စာဆိုရမယ်။
လန်ယာကုန်သည်အသင်းဆီက ဘာပစ္စည်းမှ မဝယ်ပါဘူး၊ အထူးသဖြင့် ထျန်းဝမ် ဆက်သွယ်ရေးအဆောင်ကို လုံးဝ မသုံးပါဘူးလို့ ကျိန်ဆိုရမယ်”
လူတိုင်း ကြောင်သွားကြသော်လည်း ထိုက်ရှူးထုံ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြသည်။ လန်ယာဖိုရမ်၏ သတင်းဖြန့်ဝေနိုင်စွမ်းမှာ သူတို့ ထိန်းချုပ်၍ မရနိုင်လောက်အောင် အစွမ်းထက်နေသည်။
အကယ်၍ ဝိညာဥ်အမြစ်စမ်းသပ်သူများက သူတို့ဆီက ဝိညာဉ်ကျောက်တုံးကို ယူပြီး လန်ယာဆီသို့ သွားပါက နောက်ပိုင်းတွင် ကုန်သည်ကြီးသုံးဖွဲ့ကို မုန်းတီးသွားနိုင်ခြေ ရှိသည်။
ထို့ကြောင့် သူတို့ကို ရွေးချယ်ခွင့် မပေးဘဲ အတင်းအကျပ် ဖိအားပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤ ဝိညာဥ်အမြစ်လုပွဲတွင် ကုန်သည်ကြီးသုံးဖွဲ့မှာ လုံးဝ အရှုံးဘက်တွင် ရှိနေသဖြင့် သူတို့၏ အုတ်မြစ်ကို ထိန်းသိမ်းရန် ဤကဲ့သို့ သိက္ခာမဲ့သော နည်းလမ်းကိုပင် သုံးရတော့သည်။
မကြာမီမှာပင် ကုန်သည်ကြီးသုံးဖွဲ့က ဆုလာဘ်များကို နှစ်ဆတိုးပေးလိုက်သည့် သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
“ဟူး... နှစ်ဆတောင် တိုးပေးလိုက်တာလား”
“ကုန်သည်ကြီးသုံးဖွဲ့က တကယ်ကို ချမ်းသာတာပဲ”
“ဒါပေမဲ့ စည်းကမ်းချက်တစ်ခု ပါသေးတယ်ဗျ။ အဲဒီမှာ စစ်ဆေးတဲ့သူတွေက လန်ယာကုန်သည်အသင်းဆီက ဘာမှမဝယ်ရဘူးတဲ့၊ ဆက်သွယ်ရေးအဆောင်လဲ မသုံးရဘူးတဲ့”
“ဟူး... ဒါကြောင့် သူတို့က ဒီလောက် ရက်ရောနေတာကိုး”
ကျင့်ကြံသူ အများအပြားကမူ ဤစည်းကမ်းချက်ကို မြင်သောအခါ လှောင်ပြောင်ကြတော့သည်။
“ထျန်းဝမ်အဆောင်မရှိရင် လန်ယာဖိုရမ်လည်း မရှိဘူး၊ ရှန်းလျောင်လည်း မရှိဘူး၊ ကမ္ဘာမြေကို တုန်လှုပ်စေသောတိုက်ပွဲဝတ္ထုလည်း ဖတ်လို့မရတော့ဘူး.အဲဒီလို နေ့ရက်တွေကို ပြန်သွားရမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီးပဲ”
“အဲဒီ ကလေးတွေ နောက်ပိုင်းမှာ သေချာပေါက် နောင်တရကြလိမ့်မယ်၊ ဟားဟား တစ်သက်လုံး နောင်တရနေကြမှာ”
တစ်ချိန်တည်းမှာပင်။
လီရှောင်းမြို့၏ တောင်ဘက် မိုင် ၄၀၀ ကျော်အကွာရှိ ထိုက်ယွီမြို့၏ အစည်ကားဆုံးနေရာတွင် လန်ယာ စကားပြောခန်းမဟု အမည်ရသော ဆိုင်တစ်ဆိုင် တိတ်တဆိတ် ဖွင့်လှစ်လိုက်လေတော့သည်။