အခန်း (၁၅၀) - ငါ အရမ်းဝမ်းနည်းနေတယ်
မသင့်လျော်တဲ့စကားလုံး.. ဘယ်နေရာက မသင့်လျော်တာလဲ
ထန်ချန်းတစ်ယောက် ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ ပြည့်နှက်သွားသည်။
သူသည် ဒေါသကိုထိန်းချုပ်ရင်း စာကို ပြန်ရိုက်လိုက်သည် "ဒါတွေ အကုန်လုံးက အတုတွေပဲ၊ လန်ယာကုန်သည်အသင်းကလည်း လူကောင်းတွေ မဟုတ်ဘူး"
【သင်၏စာတွင် မသင့်လျော်သောစလုံးများ ပါဝင်နေသဖြင့် ကျေးဇူးပြု၍ ပြင်ဆင်ပြီးမှ ထပ်မံ ကြိုးစားကြည့်ပါ】
ထန်ချန်း - “.....”
ထန်ချန်း - “ဝမ်မုက လူယုတ်မာပဲ”
【သင်၏စာတွင် မသင့်လျော်သော စကားလုံးများ ပါဝင်နေသဖြင့် ကျေးဇူးပြု၍ ပြင်ဆင်ပြီးမှ ထပ်မံ ကြိုးစားကြည့်ပါ】
ထန်ချန်း - “....”
တစ်ဖက်လူက လန်ယာကုန်သည်အသင်းနဲ့ ဝမ်မုအကြောင်း ပြောတာကို ပိတ်ပင်ထားတဲ့ စည်းကမ်းတစ်ခုခု ထည့်ထားတာလား။
ဒါပေမဲ့မဖြစ်နိုင်ဘူးလေ ထန်ချန်း ကြည့်လိုက်တော့ မှတ်ချက်ကဏ္ဍမှာ ဝမ်မုနဲ့ လန်ယာကုန်သည်အသင်းကို ချီးကျူးနေတဲ့ စာတွေက အမြောက်အမြား တက်နေတာပဲ။ ဘာလို့ သူပြောတဲ့ အပြစ်တင်စကားတွေကျမှ ပို့လို့မရတာလဲ။
သူသည် ဝေဖန်တာကိုပဲ ပိတ်ထားတာလား သိချင်၍ "ဝမ်မုက အရမ်းချောတာပဲ" လို့ ရိုက်ပို့လိုက်ရာ 【စာပို့လွှတ်မှု အောင်မြင်ပါသည်】
ထန်ချန်း - “ဝမ်မု မင်းကတော့ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ”
သူသည် ဝမ်မုက ဖိုရမ်မှာ သူ့ကို ဆဲဆိုတာတွေကို ပိတ်ထားတဲ့ စည်းကမ်းတစ်ခု ထည့်ထားကြောင်း အတည်ပြုနိုင်လိုက်သည်။
ဤသည်မှာ သက်သက်မဲ့ အနိုင်ကျင့်ခြင်းပင် ဖြစ်သည်။ သူသည် ဒေါသတကြီးဖြင့် ထိုပိုစ့်ထဲမှ ထွက်လိုက်သော်လည်း နောက်ထပ် ပိုစ့်တစ်ခုကို တွေ့လိုက်ရပြန်သည်။
【ဘာကြောင့် ဝမ်မုက မြောက်ပိုင်းရဲ့ အကြီးမြတ်ဆုံး အလှူရှင် ဖြစ်နေရတာလဲ】
ထန်ချန်းမှာ အံကြိတ်ရင်း ထိုပိုစ့်ထဲသို့ ဝင်ကြည့်လိုက်ရာ ပို၍ပင် ဒေါသထွက်သွားတော့သည်။
ထိုပိုစ့်ထဲတွင် ဝမ်မုသည် ကုန်သည်ကြီးသုံးဖွဲ့၏ ဖောင်ဒေးရှင်းစတင်တည်ထောင်စဉ်က အလှူငွေ အများဆုံး ထည့်ဝင်ခဲ့ကြောင်း၊ သူ၏စေတနာမှာ ကမ္ဘာပေါ်တွင် ရှားပါးလှကြောင်းနှင့် ကုန်သည်ကြီးသုံးဖွဲ့ကသာ ယုတ်မာကြောင်းတို့ကို ရေးသားထားသည်။
ထန်ချန်းသည် စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို ရိုက်ခွဲလိုက်သည်။ သူက" ဒါတွေက အလကား လျှောက်ပြောနေတာ" ဟု မှတ်ချက်ပေးရန် ကြိုးစားသော်လည်း
【သင်သည် ယနေ့ စည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သဖြင့် ၃၆ နာရီအတွင်း စာရိုက်ခွင့် ပိတ်ပင်ခံထားရသည်။ ကျေးဇူးပြု၍ ဖိုရမ်၏ စည်းကမ်းများကို လိုက်နာပါ】
ထန်ချန်း တစ်ယောက် စိတ်ဓာတ်တွေ အကုန်ပြိုလဲသွားတော့သည်။ သူသည် သူ၏ ဆက်သွယ်ရေးအဆောင်ကို ကိုင်လျက် ရိုက်ခွဲရန် ပြင်နေစဉ်မှာပင်
ပိန်း... ပိန်း... ပိန်း
သီးသန့်စကားဝိုင်းမှ အသိပေးချက်အသံ ထွက်လာသည်။ ထိုအသံမှာ သူ၏ဒေါသများကို ချက်ချင်းပင် လျော့ပါးသွားစေသည်။
【နတ်သမီးလျူးဖန်း - မောင်လေး ဘာလုပ်နေတာလဲ】
ထန်ချန်း၏ မြှောက်ထားသော လက်မှာ လေထဲမှာပင် ရပ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ သူသည် အဆောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ရင့်ကျက်နူးညံ့သော ထိုပုံရိပ်လေးကို ကြည့်ကာ နှာခေါင်းများ ရှုံ့တက်လာပြီး အော်ငိုလိုက်တော့သည်။
“ဝါးးးး မမရေ ကျွန်တော် မခံမရပ်နိုင် ဖြစ်နေရပြီ ကျွန်တော် အရမ်းဝမ်းနည်းနေတယ်”
တစ်ချိန်တည်းမှာပင် ထျန်းဝမ် ဆက်သွယ်ရေးအဆောင် ဌာနချုပ်၌။
လီယွမ်ဟွာနှင့် မုန့်ရှင်းကျူးတို့သည် ဝမ်မုကို အခြေအနေများ အစီရင်ခံနေကြသည်။ ဝမ်မုက ကုန်သည်ကြီးသုံးဖွဲ့သည် မကြာမီ နည်းလမ်းအသစ်ဖြင့် တုံ့ပြန်လာလိမ့်မည်ဖြစ်ကြောင်း၊ သူတို့သည် ပိုက်ဆံသုံး၍ လူထုကို ဆွဲဆောင်ရန် ကြိုးစားလာလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
“သူတို့က ပိုက်ဆံသုံးပြီး တိုက်ချင်နေတာလား ငါကတော့ အဲဒီအတိုင်း လိုက်မလုပ်ဘူး။ မုန့်ရှင်းကျူး လီရှောင်း မြို့နားမှာ ဆိုင်ခန်းတွေ ဝယ်ဖို့ကိစ္စ ဘယ်လိုရှိလဲ”
မုန့်ရှင်းကျူးက ဆိုင်ခန်း ၄ ခန်း ဝယ်ပြီးကြောင်းနှင့် ကျန်သည့်ဆိုင်များမှာ ဈေးကြီးနေကြောင်း အစီရင်ခံသည်။
ဝမ်ရှုက - “ကျန်တဲ့ ဆိုင်တွေကို ထားလိုက်ဦး။ အခုဝယ်ထားတဲ့ ၄ ဆိုင်ကို ချက်ချင်း ပြင်ဆင်ပြီး မနက်ဖြန် မနက်မှာ ဖွင့်နိုင်အောင် လုပ်လိုက် ငါ မင်းကို ဆိုင်ပုံစံသစ်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ပို့ပေးလိုက်မယ်” ဟု အမိန့်ပေးလိုက်သည်။
နောက်တစ်နေ့တွင်။
ကုန်သည်ကြီးသုံးဖွဲ့မှ လူများမှာ လန်ယာဖိုရမ် ပေါ်ရှိသတင်းများကို ကြားသောအခါ အလွန်ပင် ဒေါသထွက်နေကြသည်။
“ယုတ်မာလိုက်တာ ငါတို့ကို သက်သက်မဲ့ သိက္ခာချနေတာပဲ”
“သူတို့က သူတို့ဖိုရမ်မှာ သတင်းလွှင့်နိုင်ရင် ငါတို့ကလည်း ငါတို့ဖိုရမ်မှာ ပြန်မလုပ်နိုင်ဘူးလား” ရွှယ်ဝူယင်းက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားတော့သည်။