အခန်း (၁၄၈) - ကုန်သည်ကြီးသုံးဖွဲ့ ကျင်းပတဲ့ စုဆောင်းပွဲ
ကျန်းယီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး - “မင်းပြောတာ တကယ်ပဲလား” ဟု မေးလိုက်သည်။
“တကယ်ပေါ့” ဖန်းရွှယ်က အလေးအနက် ပြောလိုက်သည် - “ငါက မင်းကိုလိမ်ပါ့မလား ညီမလေးရာ ဒါကို မြောက်ပိုင်းပင်လယ်ကလူတိုင်းသိကြတယ်။
အဲဒီကျေးဇူးတွေကြောင့်ပဲ မြောက်ပိုင်းက ကျင့်ကြံသူတွေဟာ ပစ္စည်းဝယ်မယ်ဆိုရင် လန်ယာကိုပဲ အရင်ဆုံး ရွေးချယ်ကြတာ။
ဒါကို ပိန်းလိုင်၊ စီဟိုင်နဲ့ တခြားကုန်သည်အသင်းတွေကမြင်တော့ မနာလိုဖြစ်ပြီး သူတို့လည်း ဖောင်ဒေးရှင်းထောင်ပါတယ်ဆိုပြီး လိုက်လုပ်ကြတာပေါ့။ ဒါပေမဲ့ ရလဒ်ကတော့”
ဖန်းရွှယ်က စက်ဆုပ်ရွံရှာသော အကြည့်များဖြင့် နှာခေါင်းရှုံ့လိုက်သည် - “သူတို့က လင်းတတွေလိုပဲ။ ဒဏ်ရာရတဲ့သူတွေ ဆေးဝါးလိုအပ်နေတာကိုသိတော့ ကျောက်တုံး တစ်ရာတန်တဲ့ ဆေးလုံးကို တစ်ထောင်နဲ့ ရောင်းတယ်။ ပိုက်ဆံမရှိရင် အကြွေးစာချုပ် အတင်းထိုးခိုင်းတယ်”
ကျန်းယီက သူမ၏ နှုတ်ခမ်းနီနီလေးကို အုပ်လျက် - “တကယ်ကြီး အဲဒီလို လုပ်ခဲ့ကြတာလား”
ဖန်းရွှယ်က ဒေါသတကြီးဖြင့် ဆက်ပြောသည် - “အဆိုးဆုံးက သူတို့ရောင်းတဲ့ ဆေးလုံးတွေက အာနိသင်မရှိတဲ့ အညံ့စားတွေ ဖြစ်နေတာပဲ”
“ယုတ်မာလိုက်တာ” ကျန်းယီက စားပွဲကို ရိုက်လိုက်သည် - “ဒါက ပိုက်ဆံအတွက် လူသတ်နေတာနဲ့ အတူတူပဲ”
“ဟုတ်တယ်။ နောက်ပြီး ကုန်သည်ကြီးသုံးဖွဲ့ရဲ့ ပထမဆုံး ထွက်လာတဲ့ ဆက်သွယ်ရေးအဆောင်တွေက တကယ်ကြီး ပေါက်ကွဲတတ်တယ်”
“ပေါက်... ပေါက်ကွဲတယ်” ကျန်းယီ၏ မျက်လုံးများ ပြူးထွက်သွားသည်။
“အင်း... လူတော်တော်များများ သေခဲ့ရတယ်လို့ကြားတယ်။ အဆိုးဆုံးကတော့ ဝိညာဉ်ပါ ပျက်စီးသွားပြီး နောက်ဘဝ ကူးလို့မရတော့တဲ့အထိပဲ။ အခု သူတို့က ကောင်းမှုလုပ်မယ်ဆိုပြီး ထွက်လာတာကို မင်း ယုံနိုင်ပါ့မလား” ဖန်းရွှယ်က သူမ၏သူငယ်ချင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ကျန်းယီက ထိတ်လန့်တကြားဖြင့် ခေါင်းကို အဆက်မပြတ် ခါလိုက်မိသည် - “ကြောက်စရာကြီးပဲ။ ဒါတွေကို ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”
“ကုန်သည်ကြီးသုံးဖွဲ့က သူတို့ရဲ့ အပုပ်နံ့တွေကို ဖုံးထားတာပေါ့။ ဒါပေမဲ့ စက္ကူနဲ့ မီးကို ထုပ်လို့မရဘူးဆိုသလိုပဲ အခုတော့ အမှန်တရားတွေ ပေါ်လာပြီလေ။ ဖိုရမ်ပေါ်မှာ ဓာတ်ပုံတွေနဲ့တကွ အကုန်တက်နေတာ၊ ရော့ ကြည့်ကြည့်လိုက်”
ဖန်းရွှယ်က သူမ၏ ဆက်သွယ်ရေးအဆောင်ကို ကမ်းပေးလိုက်ရာ ကျန်းယီမှာ ကြည့်ရင်းနှင့် ပို၍ထိတ်လန့်လာတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌
“အခမဲ့ဝိညာဉ်အမြစ် စစ်ဆေးပေးတယ် ဒီလောက်ကောင်းတဲ့ ကိစ္စက တကယ်ရှိလို့လား” ဟု လမ်းသွားလမ်းလာ ကျင့်ကြံသူတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
“တခြားသူတွေကိုတော့ မသိဘူး ဒါပေမဲ့ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကတော့ ဝမ်မု ရဲ့ ကျောထောက်နောက်ခံ ရှိတယ်။ သူက မြောက်ပိုင်းရဲ့ နံပါတ်တစ် အလှူရှင်ပဲ။
ကုန်သည်ကြီးသုံးဖွဲ့ကတောင် သူ့ကို ဂုဏ်ပြုမှတ်တမ်း ပေးခဲ့ရတာလေ။ ဖိုရမ်မှာ အဲဒီသတင်းက တက်နေတာ နှစ်ရက်ရှိပြီ၊ မင်း မတွေ့သေးဘူးလား”
“အိုး... ဟုတ်လား”
“ဟုတ်တာပေါ့။ ရန်သူချင်းတောင် သူ့ကို ဂုဏ်ပြုရတယ်ဆိုရင် သူ ဘယ်လောက် စိတ်ထားကောင်းမလဲဆိုတာ စဉ်းစားသာကြည့်တော့”
ကျေးလက်ရွာလေးတစ်ရွာ၌ ရွာသားတစ်စုမှာ သူတို့၏ သားသမီးများကို မြို့သို့ ပို့ရန် ပြင်ဆင်နေကြသည်။ အသက်ကြီးလှသော ရွာလူကြီးက သူ၏တောင်ဝှေးကို အမှီပြုလျက် ကလေးများကို အထပ်ထပ် မှာကြားနေသည်။
“ကလေးတို့မြို့ရောက်ရင် စစ်ဆေးဖို့အတွက် နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကိုပဲ သွားကြ ရှင်သန်ခြင်းအခမ်းအနားကို လုံးဝမသွားကြနဲ့”
“ဘာလို့လဲ အဘိုး” ကလေးငယ်တစ်ဦးက နားမလည်ဘဲ မေးလိုက်သည်။
“စုဆောင်းပွဲက မြောက်ပိုင်းရဲ့အလှူရှင်ကြီးက လုပ်တာ မင်းတို့ ဘေးကင်းလိမ့်မယ်။ ဒါပေမဲ့ ကုန်သည်ကြီးသုံးဖွဲ့ လုပ်တဲ့ပွဲကတော့သူတို့က လူကောင်းတွေမဟုတ်ဘူး။
မင်းတို့မှာ ဝိညာဉ်အမြစ်ရှိတယ်ဆိုတာ သိရင် ယဇ်ပူဇော်ဖို့အတွက် ခေါ်သွားတာမျိုး ဖြစ်နိုင်တယ်၊ အဲဒီကျမှငိုနေလို့ မထူးတော့ဘူး”
“ဟုတ်ကဲ့ပါ အဘိုး၊ မှတ်ထားပါ့မယ်”
နှစ်ရက်အကြာတွင်။
နတ်ဘုရားတင်မြှောက်ခြင်းပွဲတော် ကျင်းပရာ နေရာတိုင်းမှာ လူများဖြင့် ပြည့်နှက်နေသော်လည်း ကုန်သည်ကြီးသုံးဖွဲ့၏ရှင်သန်ခြင်းအခမ်းအနားကျင်းပရာ ကွင်းပြင်ကြီးမှာမူ ဆောင်းဦးလေအေးနှင့်အတူ ခြောက်ကပ်နေတော့သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
ထန်ချန်းသည် ခြောက်ကပ်နေသော ကွင်းပြင်ကြီးကို ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။