အခန်း (၁၄၇) - ကုန်သည်အသင်းချင်း တူပေမယ့် ကွာခြားချက်ကတော့ အကြီးကြီးပဲ
တစ်ချိန်တည်းမှာပင်။
ခြံဝင်းအတွင်းရှိ ထန်ချန်းသည် သူ၏ ဆက်သွယ်ရေးအဆောင်ကို ချလိုက်ပြီး နတ်သမီးလေးပုံကို ကြင်နာယုယသော အကြည့်များဖြင့် ကြည့်နေမိသည်။
“မမ လျူးဖန်း”
သူသည် အဆောင်ကို ရင်ဘတ်တွင် ဖိကပ်ထားရင်း ရင့်ကျက်တည်ငြိမ်ပြီး ပညာရှိလှသော ထိုအမျိုးသမီးကို သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်ဟု စိတ်ကူးယဉ်ကာ ပီတိဖြစ်နေတော့သည်။
“ဒီည မကျင့်ကြံတော့ဘူး အိပ်တော့မယ်”
ထိုအချိန်မှာပင် လန်ယာဖိုရမ်ပေါ်【ကုန်သွယ်မှုချင်းတူပေမယ့် ဘာလို့ ပုံစံချင်း ဒီလောက် ကွာခြားနေရတာလဲ】 ဆိုသည့် ခေါင်းစဉ်ဖြင့် ပိုစ့်တစ်ခု တက်လာပြီး လူအများ စိတ်ဝင်စားမှုကို ရရှိနေသည်။
ထိုပိုစ့်တွင် လန်ယာဖောင်ဒေးရှင်း နှင့် ပိန်းလိုင်ယွန်းဟိုင်ဖောင်ဒေးရှင်းတို့ လတ်တလော လုပ်ဆောင်ချက်များကို အပြင်းအထန် နှိုင်းယှဉ်ပြထားသည်။
ထို့အပြင် ကုန်သည်ကြီးသုံးဖွဲ့၏ ဆက်သွယ်ရေးအဆောင်ပေါက်ကွဲမှုဖြစ်စဉ် နှင့် အခြား ကိစ္စရပ်များကိုပါ ဖော်ပြထားရာ ဖိုရမ်တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။
“ဒီကောင်တွေက လူယုတ်မာတွေပဲ မြို့တော်က ကုန်သည်အသင်းတွေက မကောင်းဆိုးဝါး ကျင့်ကြံသူတွေထက်တောင် ဆိုးနေပါလား” ဟု စာဖတ်သူများက ဝိုင်းဝန်း ကျိန်ဆဲနေကြသည်။
နောက်တစ်နေ့တွင် ထန်ချန်းသည် မျက်ကွင်းညိုညိုဖြင့် အခန်းထဲမှ ထွက်လာသည်။
အစေခံတစ်ဦးက ထိတ်လန့်တကြား ပြေးလာပြီး - “သခင်လေး ပြဿနာတော့ အကြီးအကျယ် ဖြစ်နေပြီ”
“ဘာဖြစ်လို့လဲ”
“လီရှောင်းမြို့တော်ရဲ့ မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ မြို့တွေမှာ တစ်စုံတစ်ယောက်က နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို လုပ်နေပါတယ်။
ဆင်းရဲတဲ့ကလေးတွေကို အခမဲ့ဝိညာဉ်အမြစ်စစ်ဆေးပေးနေပြီး စစ်ဆေးပြီးတာနဲ့ ဝိညာဉ်ကျောက်တုံးနဲ့ ကျင့်ကြံခြင်းကျမ်းတွေကိုပါ ဝေပေးနေတာပါ”
ထန်ချန်း ချက်ချင်းပင် အိပ်ချင်ပြေသွားသည်။ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ဆိုသည်မှာ ဝမ်မု၏ မြောက်ပိုင်းပင်လယ်က လုပ်ရပ်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
“ဥက္ကဋ္ဌကြီး ဒေါသထွက်နေပြီး အကြီးအကဲတွေကို ခေါ်ထားပါတယ်၊ သခင်လေးကိုလည်း ချက်ချင်းလာခဲ့ဖို့ ပြောပါတယ်”
ကုန်သည်ကြီးသုံးဖွဲ့၏ ခန်းမအတွင်း၌ လေထုမှာ အလွန်ပင် တင်းမာနေသည်။
“ဒါကဝမ်မုမြောက်ပိုင်းမှာ သုံးခဲ့တဲ့ လှည့်ကွက်ဟောင်းပဲ” ဟု ထန်ချန်းက ခါးသီးစွာ ပြောလိုက်သည်။
ဥက္ကဋ္ဌ ထိုက်ရှူးထုံက မျက်မှောင်ကြုတ်လျက် - “ဒီကောင်လေးရဲ့ လက်တံတွေက အရမ်းရှည်လာပြီ။ ငါတို့နယ်မြေထဲမှာ လာပြီး လူခေါ်နေတာ စည်းကမ်းဖောက်ဖျက်တာပဲ”
သို့သော် ထန်ချန်းက ခေါင်းခါပြသည် - “သူ့လူတွေက စစ်ဆေးပေးရုံပဲ လုပ်တာ၊ ဘယ်ဂိုဏ်းကို သွားပါလို့ မတိုက်တွန်းဘူး။ ဒါကြောင့် သူတို့ကို တားဖို့ အကြောင်းပြချက် မရှိဘူး။
ဒါပေမဲ့ ဒီကလေးတွေ ကြီးလာရင် လန်ယာရဲ့ ကျေးဇူးကို သိနေကြမှာဆိုတော့ ငါတို့အတွက် အန္တရာယ်ပဲ”
“ဒါဆို ငါတို့လည်း လိုက်လုပ်ကြတာပေါ့”
ထိုက်ရှူးထုံက ဆုံးဖြတ်ချက်ချလိုက်သည်။
အကြီးအကဲအချို့က တွန့်ဆုတ်နေကြသည်။ ဤသို့ လိုက်လုပ်ခြင်းမှာ အရှုံးခံလုပ်ရခြင်း ဖြစ်သည်။
လန်ယာကဲ့သို့ နယ်မြေအသစ်မှာ နာမည်ရရန် လုပ်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နယ်မြေထဲတွင်ပင် ငွေအမြောက်အမြား အကုန်အကျခံကာ လိုက်လုပ်ရခြင်းမှာ ကုန်သည်များအတွက် တွက်ခြေမကိုက်ပေ။
သို့သော်အထက်မှ ဖိအားများ ရှိနေသဖြင့် သူတို့ မလုပ်ဘဲ မနေနိုင်တော့ပေ။
စည်ကားလှသော လမ်းမထက်ရှိ အရက်ဆိုင်တစ်ခုတွင် “ဟယ်... ဒီအဖွဲ့နှစ်ဖွဲ့က စစ်ဖြစ်နေကြတာလား” ကျန်းယီက အောက်က လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
သူမ၏သူငယ်ချင်း ကျင့်ကြံသူဖန်းရွှယ်က လှောင်ပြုံး ပြုံးလိုက်သည် - “ဟက်... ဝမ်မု ဘာလုပ်လုပ် ကုန်သည်ကြီးသုံးဖွဲ့က လိုက်ကူးချတာပဲ ဒါပေမဲ့ သူတို့က အနှစ်သာရကို မသိကြဘူး”
“ဘာလို့လဲ အခမဲ့ စစ်ဆေးပေးတာချင်း တူတူပဲ မဟုတ်ဘူးလား”
ဖန်းရွှယ်က ခေါင်းခါပြသည် - “ဝမ်မု မြောက်ပိုင်းမှာ လုပ်ခဲ့တဲ့ လန်ယာဖောင်ဒေးရှင်း အကြောင်း မင်းသိလား သူတို့က သဘာဝဘေးအန္တရာယ်တွေ ကြုံရရင် ချက်ချင်းပြေးလာပြီး လူနာတွေကို ကယ်ဆယ်တယ်၊ ဆေးဝါးတွေ အခမဲ့ပေးတယ်၊ အိမ်တွေကို ပြန်ဆောက်ပေးတယ်။ အားလုံးက အခမဲ့ပဲ”