အခန်း (၁၄၆) မမ နမ်းချင်တယ်
လီရှောင်းကျင့်ကြံသူမြို့တော်။
မြေပြန့်ဒေသခွဲ၊ ထျန်းဝမ်ပင်မရုံးခွဲ။
အရပ်ရှည်ရှည်၊ သိက္ခာသမာဓိနှင့် ပြည့်စုံသော စီနီယာတစ်ဦးသည် လှေကားခြေရင်းတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။
သူ၏ဟန်ပန်မှာ နက်ရှိုင်းလှသော ချောက်နက်တစ်ခုကဲ့သို့ ခန့်ညားလွန်းလှပြီး အကြည့်များမှာလည်း တည်ငြိမ်အေးစက်လှသည်။
သူ၏နောက်တွင် လူငယ်ကျင့်ကြံသူ ကျား၊ မ တစ် ဒါဇင်ခန့်လိုက်ပါလာကြသည်။
ထိုစဉ် ဆိုင်အတွင်းမှ လူအများအပြား ထွက်လာကြရာ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခါးတွင် ကျောက်စိမ်းပေးတံတစ်ခု ချိတ်ထားပြီး မြစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး ဖြစ်သည်။ သူမမှာ ထျန်းဝမ်၏ အကြီးအကဲ မုန့်ရှင်းကျူးပင် ဖြစ်သည်။
“စီနီယာလီကို ဂါရဝပြုပါတယ်” မုန့်ရှင်းကျူးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မုန့်လေး မင်းက အရမ်း ယဉ်ကျေးလွန်းနေပါပြီ”
“စီနီယာလီတို့ မြောက်ပိုင်းပင်လယ်ရဲ့ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော် အောင်မြင်ဖို့အတွက် တပည့်တွေနဲ့အတူ မပင်မပန်း အလုပ်လုပ်ခဲ့ကြတာကို ကြားဖူးပါတယ်။ ဂျူနီယာတစ်ယောက်အနေနဲ့ တကယ်ကို လေးစားမိပါတယ်”
ထိုစကားကို ကြားသောအခါ လီယွမ်ဟွာ၏ မျက်နှာမှာ တည်ကြည်သွားသည်။
သူက ကောင်းကင်သို့ မော့ကြည့်လျက် - “သခင်လေးရဲ့ယုံကြည်မှုကို ရရှိပြီး တတ်နိုင်သလောက် အလုပ်အကျွေး ပြုခွင့်ရတာဟာ လီမိသားစုအတွက် နှစ်ပေါင်းထောင်ချီအတွင်း မကြုံစဖူးတဲ့ ကောင်းချီးပါပဲ ငါက ကျေးဇူးတင်လို့တောင် မဆုံးပါဘူး၊ ဘယ်လိုလုပ်ပြီး ဂုဏ်ယူဝံ့ကြွားနေမှာလဲ” ဟု ဆိုသည်။
မုန့်ရှင်းကျူး၏မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားသည်။ လီမိသားစု၏အဖိုးအိုမှာ သခင်လေးအပေါ် မည်မျှအထိ သစ္စာရှိသည်ကို သူမကြားဖူးသော်လည်း ယနေ့မှပင် လက်တွေ့ မြင်ဖူးတော့သည်။
သူတို့အားလုံး အဆောင်အတွင်းသို့ ဝင်ရောက်ကာ ပြင်ဆင်ထားသော စားသောက်ပွဲတွင် နေရာယူလိုက်ကြသည်။
မုန့်ရှင်းကျူးက ဝိုင်ခွက်ကို မကာ နှုတ်ဆက်စကား ပြောရန် ပြင်လိုက်သော်လည်း လီယွမ်ဟွာက လက်ကာပြလိုက်သည်။
“မုန့်လေး... အပိုစကားတွေ ထားလိုက်ရအောင် အဓိက အကြောင်းအရာကိုပဲ တည့်တည့်သွားကြစို့”
မုန့်ရှင်းကျူး အံ့သြသွားသည် - “ဒီလောက်တောင် အရေးကြီးလို့လား”
“သခင်လေးက ကြင်နာတတ်တဲ့သူပဲ။ မြောက်ပိုင်းဒေသမှာကျင့်ကြံဖို့ လမ်းစမရှိတဲ့ ကလေးငယ်တွေကို တွေးမိတိုင်း သူက စိတ်မကောင်းဖြစ်ရတယ်။
ငါတို့က လက်အောက်ငယ်သားတွေပီပီ သခင်လေးရဲ့ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးရမယ်။ ဒါဟာ ငါတို့ မြောက်ပိုင်းပင်လယ်ကနေ ပထမဆုံးအကြိမ် ထွက်လာပြီး ကျင်းပတဲ့ပွဲမို့လို့ အမှားအယွင်း မရှိစေရဘူး”
ထိုစကားကြောင့် မုန့်ရှင်းကျူး၏ စိတ်ထဲတွင် လီယွမ်ဟွာအပေါ် လေးစားမှု တိုးသွားတော့သည်။
သူမက အချက်ပြလိုက်ပြီး အသံလုံအစီအရင် တစ်ခုကို တည်ဆောက်လိုက်သည်။
“ကျွန်မ ဒီစုဆောင်းပွဲအကြောင်း ဘာမှမသိပေမဲ့ သခင်လေးကတော့ စီနီယာလီကို အပြည့်အဝ ကူညီဖို့ အမိန့်ပေးထားပါတယ်။ ဘာလိုအပ်သလဲ ပြောရုံပါပဲ”
“ကျေးဇူးတင်ပါတယ်” လီယွမ်ဟွာက ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။
“ဒါက ငါကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့ ဒီဒေသအကြောင်း ငါ သိပ်မသိတော့ မုန့်လေးအနေနဲ့ ပြန်စစ်ဆေးပေးပါဦး”
သူတို့နှစ်ဦး ကျင့်ကြံသူစုဆောင်းပွဲအကြောင်း ဆွေးနွေးနေစဉ် လီယွမ်ဟွာ၏ခါးရှိ ဆက်သွယ်ရေးအဆောင်က မြည်လာသည်။
သူက အမြန်ပင် ယူကြည့်လိုက်ပြီး - “မုန့်လေး ခဏစောင့်ပါဦး၊ ငါ စာအချို့ ပြန်လိုက်ဦးမယ်” ဟု ဆိုသည်။
မုန့်ရှင်းကျူးက ယဉ်ကျေးစွာဖြင့် ခွင့်ပြုလိုက်သော်လည်း စိတ်ထဲတွင်တော့ စူးစမ်းနေမိသည်။
သခင်လေးကလွဲလို့ ဘယ်သူကများ စီနီယာလီကို အလုပ်တွေ ရပ်ထားရလောက်အောင် အရေးပါနေသနည်း။
ထိုစဉ် အဆောင်အတွင်းမှ အမျိုးသားအသံတစ်ခု ထွက်လာသည် - “မမ ကျွန်တော် မမကို လွမ်းလိုက်တာ။”
မုန့်ရှင်းကျူး - “.....” (မမ ဘယ်ကမမလဲ)
မုန့်ရှင်းကျူးကြောင်နေစဉ်မှာပင် လီယွမ်ဟွာက အသံပို့လွှတ်သည့် ခလုတ်ကို နှိပ်ကာ ရင့်ကျက်နူးညံ့သော အမျိုးသမီးအသံဖြင့် ပြန်ပြောလိုက်သည် - “မောင်လေး အူတူတူလေး... မမလည်း မောင်လေးကို လွမ်းတာပေါ့။”
မုန့်ရှင်းကျူး၏မျက်နှာမှာ ချက်ချင်းပင် အံ့သြခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။
တစ်ဖက်က ထပ်ပြောပြန်သည် - “မမ... ကျွန်တော် မမကို တွေ့ချင်တယ်”
“မောင်လေး ငါတို့ ကတိပေးထားတယ်လေ။ မောင်လေး အထွတ်အထိပ်ရောက်တဲ့နေ့မှ မမ လာတွေ့မယ်။” လီယွမ်ဟွာက ဝိုင်ကို တစ်ငုံသောက်ရင်း အေးဆေးစွာ ပြောလိုက်သည်။
“ဒါပေမဲ့ မတွေ့ရရင်တောင် အဆောင်ကနေ မမကို မြင်ချင်တယ်”
“တစ်ခါမြင်လိုက်ရင် နောက်ထပ် မြင်ချင်နေဦးမှာပဲ။ မမ မောင်လေးကို နာကျင်အောင် မလုပ်ချင်ဘူး။ လိမ္မာစမ်းပါ”
“.ကောင်းပါပြီ။ အခု ဘဝက အရမ်းခက်ခဲတာပဲ။ အချိန်တိုင်း ငါ့မိန်းမနဲ့ အဲဒီအဖိုးကြီးကို သတ်ပစ်ချင်နေတာ ဒါပေမဲ့ အခုထိတော့ မသတ်သေးပါဘူး။”
“ကြီးမာတဲ့အလုပ်ကို လုပ်မယ့်သူက ခေတ္တခဏ စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ မမ မောင်လေးကို ယုံကြည်တယ်၊ သည်းခံလိုက်ပါ၊ မောင်လေး အောင်မြင်မှာပါ။”
“ကျေးဇူးတင်ပါတယ်မမ ဒီလောကမှာ မမက ကျွန်တော့်အပေါ် အကောင်းဆုံးပဲ။”
“ဟိဟိဟိ” လီယွမ်ဟွာက ပါးစပ်ကို ပိတ်ကာ မိန်းမလျာဆန်ဆန် ရယ်လိုက်ပြန်သည်။ မုန့်ရှင်းကျူးမှာတော့ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
“မမရေ” တစ်ဖက်က အသံမှာ အိပ်ချင်မူးတူး အသံလေး ဖြစ်သွားသည် “နမ်းချင်တယ်”
မုန့်ရှင်းကျူး၏မျက်လုံးများ ပြူးထွက်သွားသည်။ ကမ္ဘာပျက်သကဲ့သို့ ခံစားလိုက်ရသည်။
“အို ဒီလူဆိုးလေး ငါတော့ မင်းနဲ့ ခက်တော့တာပဲ” လီယွမ်ဟွာက ခလုတ်ကို နှိပ်ကာ ဘေးရှိ တပည့်တစ်ဦးကို လှမ်းခေါ်လိုက်သည်။
ထိုတပည့်က ကျွမ်းကျင်စွာပင် အဆောင်ထဲသို့ “ပလွတ်... ပလွတ်” နှင့် အနမ်းသံများ ပေးလိုက်တော့သည်။
တစ်ဖက်မှလည်း အနမ်းသံများ ပြန်ရောက်လာသည်။
“ကဲ လူဆိုးလေး၊ မမ သွားတော့မယ်၊ မောင်လေးလည်း ကြိုးစားဦးနော်။”
“ဟုတ်ကဲ့ပါ မမ။”
လီယွမ်ဟွာက စာချွန်လွှာကို ချလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်ကာ အေးဆေးစွာ မေးလိုက်သည် - “ငါတို့ ဘယ်နေရာ ရောက်သွားတာလဲ”
“နမ်းတဲ့နေရာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ရဲ့ ပထမဆုံးမြို့တွေအကြောင်း ပြောနေတာပါ” မုန့်ရှင်းကျူးက သူမ၏ ပါးစပ်ကို ပြန်ပိတ်လိုက်ရသည်။
သူမ၏စိတ်ဓာတ်များမှာ ပြိုလဲလုနီးပါး ဖြစ်သွားပြီ။
လီယွမ်ဟွာက ရယ်လိုက်ပြီး - “ဒါက သခင်လေး ခိုင်းထားတဲ့ အလုပ်တစ်ခုအတွက် သရုပ်ဆောင်နေတာပါ” ဟု ရှင်းပြသည်။
မုန့်ရှင်းကျူး သက်ပြင်းချလိုက်မိသည်။ စီနီယာလီမှာ သခင်လေး၏ယုံကြည်မှုကို ရရှိထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
“ဒီဲပွဲတော်က မြောက်ပိုင်းပင်လယ်မှာနာမည်ကြီးပေမဲ့ ဒီဘက်မှာတော့ အလွယ်တကူ မယုံကြဘူး။ ကောင်းကင်ကနေ မုန့်ကျလာမယ်လို့ ဘယ်သူမှ မယုံကြသလို ကုန်သည်ကြီးသုံးဖွဲ့ကလည်း ငြိမ်နေမှာ မဟုတ်ဘူး”
“ကိစ္စမရှိဘူး။” လီယွမ်ဟွာက သူ၏အိတ်ကို ပုတ်လိုက်သည် - “သခင်လေးက ငါ့ကို လျှို့ဝှက်တဲ့ပစ္စည်းတစ်ခု ပေးလိုက်တယ်”