အခန်း (၁၄၄) ဝင်္ကပါဝိညာဉ်က သခင်ကို အသိအမှတ်ပြုခြင်း
“ထျန်းချန်း” လျှိုတုက ခေတ္တမျှ စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာသည်။
“နာမည်ကောင်းလေးပဲ။ နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
ဝမ်မုက ခေါင်းညိတ်ပြပြီး နောက်တစ်ယောက်ကို ကြည့်လိုက်သည်။
“ချန်နန်မင်းရဲ့ အရေးအသားက ရဲရင့်ပြီး ခန့်ညားတယ် ကျယ်ပြန့်တဲ့လမ်းစဉ်ကို သဘောကျတာပဲ။ ငါ့မှာ ပြီးပြည့်စုံသောကမ္ဘာ ဆိုတဲ့ ခေါင်းစဉ်တစ်ခု ရှိတယ် ဒါကို မင်းကိုပဲ အပ်နှံလိုက်မယ်ကလောင်အမည်ကတော့ ချန်နန်လို့ပဲ ပေးလိုက်ရအောင်”
“သခင်လေးရဲ့ ညွှန်ကြားချက်တိုင်းကို နာခံပါ့မယ်”
“မုန့်ကျီ မင်းရဲ့ စိတ်ကူးစိတ်သန်းတွေက ထူးခြားပြီး ဆန်းသစ်တီထွင်ရဲတယ်။ ငါ့မှာ ‘ဗုဒ္ဓမူလတရားတော်ဆိုတဲ့ ခေါင်းစဉ်တစ်ခု ရှိတယ် မင်းနဲ့ အရမ်းလိုက်ဖက်တယ်။ ကလောင်အမည်ရော ရှိလား”
“ဟိုကျွန်တော် ငယ်ငယ်က နည်းနည်း ထောင်လွှားခဲ့လို့ ရှန်ကျီပညာရှိလို့ ပေးခဲ့ဖူးပါတယ်” မုန့်ကျီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ရင်း ဖြေသည်။
ဝမ်ရှုက ပြုံးလျက် “‘ပညာရှိ’ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်ပါ။ အခုကစပြီး မင်းကို ရှန်ကျီလို့ပဲ ခေါ်မယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
“ဖုန်းဟဲ” ဝမ်ရှု၏ အကြည့်က နောက်ဆုံးတစ်ယောက်ဆီသို့ ရောက်သွားသည်။
“သခင်လေး”
“မင်းရဲ့ အရေးအသားစွမ်းအားနဲ့ စိတ်ကူးနူးညံ့မှုက လေးယောက်ထဲမှာ အကောင်းဆုံးပဲ။ ဒါကြောင့် ငါပြင်ဆင်ထားတဲ့ ခေါင်းစဉ်ကလည်း တော်တော်လေး ထူးခြားတယ်”
ဝမ်မုက စားပွဲပေါ်မှ စာရွက်ထပ်ကို ကမ်းပေးလိုက်သည်။ ဖုန်းဟဲက ရိုသေစွာယူ၍ ဖတ်ကြည့်လိုက်ရာ “‘နှင်းဓားလမ်းစဉ်လား”
ဇာတ်အိမ်နှင့် ဇာတ်လမ်းတည်ဆောက်ပုံကို ကြည့်ပြီးနောက် သူ၏မျက်လုံးထဲတွင် ဝမ်းသာမှုများ ပြည့်လျှံသွားသည်။
“ကျေးဇူးတင်ပါတယ် သခင်လေး ဒီဇာတ်လမ်းကို ကျွန်တော် အရမ်းသဘောကျပါတယ်။ အကောင်းဆုံးဖြစ်အောင် ရေးပါ့မယ်။ ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
သူသည် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ဦးတိုက်တော့သည်။ ဝမ်မုက ခေါင်းညိတ်ပြပြီး “မင်းရဲ့ကလောင်အမည်ကိုတော့ ဖုန်းဟော့လို့ ပေးလိုက်ရအောင်”
ဝမ်မုသည် စာရေးဆရာများကို အုပ်စုလိုက် လေ့ကျင့်ပေးပြီးနောက် တင်းတင်းကို ကြည့်ကာ - “နောက်တစ်သုတ် ခေါ်လိုက်” ဟု အမိန့်ပေးသည်။
နေဝင်ရီ အချိန်ရောက်မှသာ ပထမအကြိမ် လေ့ကျင့်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ လက်ရှိတွင် စာရေးဆရာ ထောင်နှင့်ချီ ခေါ်ယူထားသော်လည်း ဝမ်မု၏ စံနှုန်းနှင့် ကိုက်ညီသူမှာ အလွန်နည်းပါးသေးသည်။ ထို့ကြောင့် သူကိုယ်တိုင် စနစ်တကျ လမ်းညွှန်သင်ပြပေးနေရခြင်း ဖြစ်သည်။
“ဒီလူတွေအရည်အချင်း တက်လာပြီဆိုရင်တော့ ဝတ္ထုကဏ္ဍက တည်ငြိမ်သွားပြီ” ဟု ဝမ်မု သက်ပြင်းချလိုက်မိသည်။
ထိုစဉ် တင်းတင်းလာရောက်အစီရင်ခံသည် - “သခင်လေး... မစ္စရှက ဆက်သွယ်လာပါတယ်။ သခင်လေး ခိုင်းထားတဲ့ ကိစ္စတွေက ရလဒ်ထွက်လာပြီမို့ ဘယ်အချိန်မှာ လာကြည့်မလဲလို့ မေးနေပါတယ်”
“အို... ဟုတ်လား အခုပဲ သွားကြတာပေါ့”
လန်ယာဌာနချုပ်၊ ရှင်းယွမ်ကျွန်း။
ဝမ်ရှုသည် ရွှေတောင်ပံဂဋ္ဌုန်ငှက်၏ ကျောပေါ်တွင်ရပ်လျက် ကျွန်းပေါ်ရှိ တိမ်တိုက်များကို ဖောက်ထွက်နေသော ဧရာမ မျှော်စင်နက်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ ၎င်းမှာ ထျန်းဝမ်ဆက်သွယ်ရေးအဆောင်များ၏ ဗဟိုချုပ်တည်ရှိရာ နေရာဖြစ်သည်။
“ဒီမျှော်စင်ရဲ့ အမည်က ဘာလဲ” ဝမ်ရှုက မေးလိုက်သည်။
“ကျွန်တော်တို့ ဆက်သွယ်ရေးအဆောင်နဲ့ အမည်တူပါပဲ ထျန်းဝမ်ပါ” တင်းတင်းက ဖြေသည်။
ကျွန်းပေါ်သို့ ဆင်းသက်လိုက်သောအခါ စူးဟုန်ယွမ်နှင့် ရှယောင်ယောင်တို့က စောင့်ကြိုနေကြသည်။
သူတို့သည် ဝမ်မု၏ ထောက်ပံ့မှုနှင့် ဤကဲ့သို့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးရခြင်းအတွက် အလွန်ပင် ကျေနပ်အားရနေကြသည်။
ဝမ်မုသည် မျှော်စင်နက်အတွင်းသို့ ဝင်ရောက်ကာ အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ဝင်းလက်တောက်ပနေသော စက်ဝိုင်းပုံ ကျောက်တုံးတစ်ခုကို တွေ့လိုက်ရသည်။
ဝမ်မုက သူ၏လက်ကို ကျောက်တုံးပေါ်သို့ တင်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ရောင်စုံအလင်းတန်းများ ဖြာထွက်သွားတော့သည်။
သူသည် သူ၏လက်ချောင်းကို အပ်ဖြင့်ဖောက်ကာ သွေးတစ်စက်ကို ကျောက်တုံးပေါ်သို့ ချလိုက်သည်။
ထိုသွေးစက်မှာ စိမ့်ဝင်ပျောက်ကွယ်သွားပြီးနောက် ဝမ်မု၏ရှေ့တွင် လက်ဖဝါးခန့်ရှိသော အရိပ်ယောင်တစ်ခု ပေါ်လာပြီး ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ချန်ကျီက သခင်ကို ဂါရဝပြုပါတယ်”